သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်မှာ Quarantine ဝင်နေရသူတွေရဲ့ စိုးရိမ်မှု


ရန်ကုန်မြို့ရှိ Quarantine စင်တာတခုမှာ တွေ့ရတဲ့ ကျန်းမာရေးတာဝန်ရှိသူများ။ (မေ ၁၆၊ ၂၀၂၀)
ရန်ကုန်မြို့ရှိ Quarantine စင်တာတခုမှာ တွေ့ရတဲ့ ကျန်းမာရေးတာဝန်ရှိသူများ။ (မေ ၁၆၊ ၂၀၂၀)

[Zawgyi/Unicode]

ရခိုင်ပြည်နယ်မြို့တော် စစ်တွေမှာ တပတ်အတွင်း COVID-19 ရောဂါပိုးကူးစက်သူ ၄ ဦးကို အတည်ပြုခဲ့ပြီးနောက် ထိတွေ့ဆက်ဆံခဲ့သူတွေကို အသွားအလာ ကန့်သတ်စောင့်ကြည့်နေပေမဲ့ သူတို့ကိုထားတဲ့ နေရာတွေမှာ ကျန်းမာရေးစောင့်ရှောက်မှု အားနည်းနေတဲ့အပေါ် စိုးရိမ်နေကြတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုသက်နိုင်က ပြောပြပေးပါမယ်။

စစ်တွေမြို့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၄ ဦးကို အတည်ပြုခဲ့ပြီးနောက် လူနာတွေနဲ့ ထိတွေ့ဆက်ဆံခဲ့သူ ၃၀ ကျော်ကိုလည်း သီးသန့်ခွဲထားပြီး အသွားအလာ စောင့်ကြည့်ကန့်သတ်ထားပါတယ်။ ဒါပေမဲ့လည်း သူတို့ကို သီးသန့်ထားတဲ့ စစ်တွေမြို့ တိုင်းရင်းဆေးရုံမှာ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ သန့်ရှင်းမှုတွေ အားနည်းနေတယ်လို့ ကိုယ်တိုင်ရောက်နေသူ တစ်ဦးကပြောပါတယ်။

"သူတို့ကကျတော့ ကျနော်တို့ကို အပြင်ကနေ တံခါးပိတ်ထားတယ်။ အထဲမှာကျတော့ ဘာတွေ ဖြစ်ပျက်နေလဲ၊ ဘာတွေဖြစ်နေလဲဆိုတာကို လာလို့တောင်မကြည့်ဘူး။ နာက်ပြီးတော့ ကျန်းမာရေးပိုင်းဆိုင်ရာနဲ့ ပတ်သတ်ပြီး ဟောပြောပေးတာ။ နှစ်သိမ့် ဆွေးနွေးပေးတာတွေလည်း မရှိဘူး။ တကယ်ဆိုရင်တော့ ကျန်းမာရေး အသိပညာပေးတွေ လုပ်ပေးသင့်တာပေါ့။ နောက်ပြီးတော့ အခုလိုမျိုး အိမ်သာတွေ၊ ရေချိုးခန်းတွေ နေရာထိုင်ခင်းတွေကလည်း မသန့်ရှင်းဘူးဆိုတော့ နည်းနည်း စိုးရိမ်မိတာတော့ ရှိတာပေါ့နော်။ တခြားရောဂါတွေ ကူးစက်မှာကို စိုးရိမ်မှုရှိတာပေါ့။ ဒါတွေကို အစိုးရကနေပြီးတော့ အမြန်ဆုံး လုပ်ပေးစေချင်တယ်ပေါ့နော်။"

တလအတွင်း ပထမဆုံးအကြိမ် ပြည်တွင်းကူးစက်မှုအဖြစ် စစ်တွေမြို့မှာ အသက် ၂၆ နှစ်အရွယ် အမျိုးသမီးတဦးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်နေကြောင်း တနင်္ဂနွေနေ့တုန်းကပဲ အတည်ပြုခဲ့သလို၊ စစ်တွေမြို့မှာပဲ နောက်ထပ် ပြည်တွင်း ကူးစက်မှု ၃ ခုကို မနေ့တုန်းက အတည်ပြုခဲ့တာပါ။ နောက်ဆက်တွဲ အတည်ပြုလူနာတွေနဲ့ ထိတွေ့ဆက်ဆံခဲ့သူတွေကို အသွားအလာ ကန့်သတ်ထားပြီး စောင့်ကြည့်ဖို့ စီစဉ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ရောဂါပိုးကူးစက်ခံရသူတွေနဲ့ တိုက်ရိုက်ထိတွေ့ရှိသူတွေကို ထားရှိတဲ့နေရာမှာ သီးသန့်ခွဲ နေထိုင်ရတာ မဟုတ်သလို သန့်ရှင်းမှုမရှိတာကြောင့် ရောဂါကူးစက်မယ့် အန္တရာယ်ကို စိုးရိမ်နေကြပါတယ်။

"ကျနော်တို့နေတဲ့ အခန်းတွေကလည်း သီးသန့်အခန်းတွေတော့ မဟုတ်ဘူး။ လူတွေအများကြီးပေါ့။ လေးယောက်၊ ငါးယောက် အဲလိုနေရတယ် အိပ်ကုတင်တွေကတော့ တစ်ယောက်တစ်လုံးပါပဲ။"

မြန်မာနိုင်ငံ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ပြီးခဲ့တဲ့သောကြာနေ့အထိ ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ ရခိုင်ပြည်နယ်မှာ အသွားအလာ ကန့်သတ်ပြီး သီးသန့်ထားတဲ့နေရာ ၂၂၀ ရှိပြီး၊ ကန့်သတ်ထားသူဦးရေ ၆၅၇ ယောက် ရှိပါတယ်။ မြန်မာနိုင်ငံမှာ ကပ်ရောဂါ စတင်ကြုံရချိန် ရခိုင်ပြည်နယ်မှာ ဖွင့်လှစ်ခဲ့တဲ့ သီးသန့်စောင့်ကြည့်တဲ့ နေရာတွေကိုတော့ ကူးစက်မှုတွေ လျော့ပါးလာတာကြောင့် ဖျက်သိမ်းထားရပေမဲ့ အခုအချိန်မှာ လိုအပ်ရင် ပြန်လည်အသုံးပြုဖို့ ပြင်ဆင်နေတယ်လို့လည်း ရခိုင်ပြည်နယ် COVID-19 ထိန်းချုပ်ရေးနဲ့ အရေးပေါ်တုန့်ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဗိုလ်မှူးကြီး မင်းသန်းက ပြောပါတယ်။

"အရင်လုပ်နေတဲ့ Quarantine center လိုမှ မလိုတော့တာ မလိုတော့ ဖြုတ်လိုက် တယ်။ အခုလိုလာတော့ ပြန်လုပ်မယ်ပေါ့။ အခုကတော့ အဲတာတွေကို အသစ်ပြန်လုပ်ခိုင်းထားတယ်။ နောက်ပြီးတော့ ကျန်းမာရေးဆိုင်ရာ အသိပညာပေးတွေ ပြန်လုပ်မယ်။ ကျန်းမာရေးညွန်ကြား ချက် တွေကို လိုက်နာဖို့ နှိုးဆော်မယ်၊ တိုက်တွန်းမယ်၊ ကြပ်မတ်မယ်။ ပြီးတော့ contact person တွေကို ရှာပြီးတော့ စစ်မယ်။ Quarantine ထားမယ်ပေါ့။"

ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ဒီကနေ့ မနက်ပိုင်းအထိ ထုတ်ပြန်ချက်အရ ရခိုင်ပြည်နယ်မှာ မနေ့တုန်းက အတည်ပြုလူနာ ၃ ယောက် အပါအဝင် ရောဂါကူးစက်သူ ၃၇၉ ယောက် ရှိနေပါတယ်။ ရခိုင်ပြည်နယ်မှာ ကူးစက်မှုတွေ တကျော့ပြန် ထွက်ပေါ်လာနေတဲ့အတွက် တင်းတင်းကြပ်ကြပ် ထိန်းချုပ်သွားဖို့ ပြင်ဆင်နေတယ်လို့လည်း ဗိုလ်မှူးကြီး မင်းသန်းက ပြောပါတယ်။

"တင်းကြပ်မယ်ဆိုတာက ဒီလိုကွာ ရောဂါပိုးတွေတဲ့သူတွေ နေတဲ့ ရပ်ကွက်တွေကို lockdown လုပ် မယ်။ ပြီးတော့ လူထုကိုလည်း မလိုအပ်ဘဲ အပြင်မထွက်ဘဲ အိမ်မှာပဲနေကြဖို့ တိုက်တွန်းမယ်။ mask မတတ်တဲ့ သူတွေကို mask တပ်ခိုင်းမယ်။ နိုးနိုးကြွကြွလုပ်ရတော့မှာပေါ့ အခုက ပြည်တွင်း ကူးစက်မှုက ဖြစ်လာပြီဆိုတော့ ဒါကို အချိန်မှီတားနိုင်ဖို့ လိုတယ်။ မဟုတ်ရင် အင်းစိန်လိုဖြစ်သွားမှာပေါ့။"

ဒေသတွင်းနိုင်ငံတွေမှာ တကျော့ပြန် ရောဂါကူးစက်မှုတွေ ကြုံနေရတဲ့အတွက် မြန်မာနိုင်ငံမှာလည်း အလားတူ အခြေအနေမျိုးနဲ့ မကြုံရအောင် သတိထားကြဖို့ ကျန်းမာရေးဝန်ကြီးဌာနကလည်း သတိပေးထားပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]












XS
SM
MD
LG