သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်စစ်ပဋိပက္ခ ဖြေရှင်းဖို့ အစိုးရ၊ လွှတ်တော် ပျက်ကွက်


ရခိုင်ပြည်နယ်တွင်း လုံခြုံရေးယူနေသည့် မြန်မာ့တပ်မတော်သားများ။ (အောက်တိုဘာ ၂၁၊ ၂၀၁၆)
ရခိုင်ပြည်နယ်တွင်း လုံခြုံရေးယူနေသည့် မြန်မာ့တပ်မတော်သားများ။ (အောက်တိုဘာ ၂၁၊ ၂၀၁၆)

(Zawgyi / Unicode)

စစ်ရေးပဋိပက္ခ အတော်လေးကို ပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်ထဲ ကလေးငယ်လေးတွေ အပါအဝင် အရပ်သားတွေ ထိခိုက်သေဆုံး ဒဏ်ရာအပြင်းအထန် ရနေတဲ့ အခြေအနေအပေါ် နိုင်ငံတကာက စိုးရိမ်နေပေမယ့်လို့ အစိုးရနဲ့ လွှတ်တော်အနေနဲ့ နိုင်ငံသားတွေအပေါ် ထိရောက်စွာ ကာကွယ်နိုင်မှု အရမ်းကို အားနည်းနေတယ်လို့ ရခိုင်လွှတ်တော်ကိုယ်စားလှယ်နဲ့ ခေါင်းဆောင်တွေက ထောက်ပြ ဝေဖန်လိုက်ကြပါတယ်။ နိုင်ငံ့အကြီးအကဲတွေဘက်ကလည်း အခုလို ရခိုင်အပါအဝင် တိုင်းရင်းဒေသတွေက တိုက်ပွဲတွေကြား ပြည်သူတွေ အသက်အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ အခြေအနေအပေါ် လျစ်လျူရှုထားတဲ့ အနေအထား ဖြစ်နေတယ်လို့လည်း ဝေဖန်နေကြတာပါ။ အပြည့်အစုံကို မဆုမွန် ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

ရခိုင်ပြည်နယ်ထဲမှာ ရခိုင်တိုင်းရင်းသား လက်နက်ကိုင်တပ် AA နဲ့ အစိုးရစစ်တပ်တို့ကြား တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားလာခဲ့တာ တနှစ်ကျော်ကြာလာပြီ ဖြစ်ပါတယ်။ ဒီလိုမျိုး ပြင်းထန်တဲ့ တိုက်ပွဲတွေကြောင့် အသက်ဘေးလု ပြေးခဲ့ရတဲ့ စစ်ဘေးစစ်ရှောင် ဒုက္ခသည်ကလည်း တသိန်းကျော်အထိ ရှိလာနေပြီး စစ်ဘေးပဋိပက္ခအတွင်း မသင်္ကာမှုတွေနဲ့ အပြန်အလှန် ဖမ်းဆီးနေတာတွေ၊ တရားစွဲဆို ထောင်ချနေတာတွေ ရှိသလို ဒီတိုက်ပွဲတွေအတွင်းမှာ အပြစ်မဲ့ပြည်သူတွေ လသားအရွယ် ကလေးငယ်လေးကအစ ကိုယ်ဝန်ဆောင်မိခင်တွေအထိ လက်နက်ထိမှန်လို့ သေဆုံးခဲ့ရတဲ့အထိလည်း ဆိုးဆိုးရွားရွား လုံခြုံမှုမဲ့နေတဲ့ အနေအထား ဖြစ်နေပါတယ်။

ဒီရက်ပိုင်းအတွင်းမှာကို စာသင်ကျောင်းပေါ်အထိ လက်နက်ကြီးကျည်ကျလို့ မူလတန်းကျောင်းသား ကလေးငယ် အများအပြား ဒဏ်ရာရခဲ့တဲ့အပေါ် အလွန်အမင်း စိုးရိမ်ရပါကြောင်း ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) က သတင်းထုတ်ပြန်သလို လက်နက်ကိုင် ပဋိပက္ခတွေအတွင်း ကလေးတွေအပေါ် အကြမ်းဖက်တဲ့ လုပ်ရပ်မှန်သမျှကို ရှုတ်ချကြောင်းနဲ့ ကလေးငယ်တွေကို ကာကွယ် စောင့်ရှောက်ဖို့ဟာ ကျင့်ဝတ်အရသာမက ဥပဒေအရပါ လိုက်နာရမယ့် တာဝန်တရပ် ဖြစ်တယ်လို့ ကလေးငယ်များ စောင့်ရှောက်ရေး Save the Children အဖွဲ့ကလည်း တိုက်တွန်းခဲ့ပါတယ်။

ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်သံရုံးဘက်ကလည်း စိုးရိမ်မကင်း ဖြစ်ရတဲ့အကြောင်း ကြေညာချက်တွေ ချက်ချင်းဆိုသလို ထုတ်ပြန်ခဲ့ပါတယ်။

အခုလို အရပ်သားတွေ ထိခိုက်သေဆုံးမှု များနေပြီး ပြည်သူတွေအတွက် အသက်အန္တရာယ် လုံခြုံရေး အလွန်အမင်း စိုးရိမ်နေရတဲ့ အနေအထားအပေါ် လွှတ်တော်အနေနဲ့ ပြည်သူတွေအပေါ် အကာကွယ်ပေးနိုင်မှု တာဝန်ပျက်ကွက်တယ်လို့ အမျိုးသားလွှတ်တော်က ရခိုင်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေက အခုလိုပြောပါတယ်။

“ရခိုင်ပြည်နယ်မှာ ဖြစ်နေကြတဲ့ ပြဿနာတွေ အစကတည်းက ကြီးကြီးမားမား ဖြစ်လာတဲ့အပေါ်မှာ လွှတ်တော်အနေနဲ့ မဏ္ဍိုင်တရပ်အနေနဲ့ အစိုးရကို တိုက်တွန်းတယ်၊ ကာကွယ်ပေးဖို့၊ မကာကွယ်ပေးနိုင်လို့ ထိမှန်သွားရင်လည်း ဒီအပေါ်မှာ အကောင်းဆုံး ပြည်သူတွေကို ဆောင်ရွက်ပေးဖို့ ကျမတို့ ဘယ်လောက် ကြိုးပမ်းကြိုးပမ်း လွှတ်တော်များက ဒါတွေကို လျစ်လျူရှုပါတယ်။ လွှတ်တော်များသည် မြန်မာနိုင်ငံရဲ့ ကလေးသူငယ်များကို လုံးဝ ဂရုမစိုက်တဲ့ပုံစံ ဖြစ်နေတယ်။ လွှတ်တော်များကနေပြီးတော့ ကလေးသူငယ် အခွင့်အရေး ကာကွယ်ရမယ့် အစိုးရရဲ့ တာဝန် ဝတ္တရားကို ထိန်းကျောင်းဖို့ လွှတ်တော်က ဆွေးနွေးဖို့အထိ ထည့်တွက်နေတယ်။ ဒါကြောင့် ကျမတို့ ရခိုင်လွှတ်တော်ကိုယ်စားလှယ်များသည် ရခိုင်နဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခနဲ့ ပတ်သက်လို့ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး အရေးကြီးအဆိုပဲဖြစ်ဖြစ် ရိုးရိုးအဆိုပဲဖြစ်ဖြစ် ဘာပုဒ်မတောင် အတိအကျ မပြောဘဲနဲ့ အမျိုးသားလွှတ်တော်ဆိုင်ရာ ဥပဒေ နည်းဥပဒေနဲ့ မကိုက်ညီပါဘူးဆိုပြီး ပယ်ချပါတယ်။

“ဖက်ဒရယ်ကို သွားနေတဲ့ မြန်မာနိုင်ငံ အနေနဲ့ လူနည်းစုများရဲ့ အခွင့်အရေး၊ တိုင်းရင်းသားများရဲ့ အခွင့်အရေးကို လုံးဝ ကာကွယ်မပေးတဲ့အပြင် ဒီလိုမျိုး အသက်အန္တရာယ်နဲ့ ကလေးသူငယ်တွေ နေ့တိုင်း ရင်ဆိုင်နေရတဲ့ဟာကိုလည်း လွှတ်တော်က တခွန်းတပါဒမှ ဝင်ရောက်ဆွေးနွေးခြင်း၊ အစိုးရကို တိုက်တွန်းခြင်း၊ ဒီအဆိုတွေကို လုံးဝ ငြင်းပယ်ခြင်းတွေ ဆောင်ရွက်နေတဲ့အတွက် ကျမတို့က လွှတ်တော်ရဲ့ အခန်းကဏ္ဍကို အင်မတန်မှ စိတ်ပျက်မိတယ်၊ စိတ်မကောင်းဖြစ်မိတယ်၊ ကျမတို့ ပြည်သူ့ကိုယ်စားလှယ်များသည် လွှတ်တော်အသံသည် ပြည်သူ့အသံ လုံးဝ ထင်ဟပ်နိုင်တဲ့ အခြေအနေ မရှိတဲ့အပေါ်မှာ ကျမ အင်မတန်စိတ်ပျက်တယ်။”

အခုလို စစ်ရေးပဋိပက္ခတွေအတွင်း ကလေးငယ်တွေ အပါအဝင် အရပ်သား ထိခိုက်သေဆုံးမှု များလာတဲ့ အနေအထားကတော့ အစိုးရမှာ တာဝန်အရှိဆုံးဖြစ်သလို အရပ်သားတွေကို မထိခိုက်ရအောင် နှစ်ဖက် လက်နက်ကိုင်တပ်ဘက်က စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်တွေကို လိုက်နာဖို့ လိုတယ်လို့လည်း ရခိုင်အမျိုးသားကောင်စီ (ANC) ရဲ့ အထွေထွေအတွင်းရေးမှူး ဦးထွန်းဇော်က သုံးသပ်ပါတယ်။

“အခု အရပ်သားတွေ သေဆုံးမှုကတော့ တနေ့ထက်တနေ့ ပိုများလာတာပေါ့။ ဒဏ်ရာရမှုတွေ သေဆုံးမှုတွေက ရာဂဏန်းရှိနေပြီ။ လူက တရာကျော် သေပြီပေါ့ဗျာ။ နှစ်ရာကျော် ဒဏ်ရာရတယ်။ ဒါ အပြစ်မဲ့တဲ့ အရပ်သား ပြည်သူသက်သက်ပဲဖြစ်တယ်။ ဒုက္ခသည်ဆိုရင်လည်း တသိန်းကျော်နေပြီ တနှစ်အတွင်းမှာ။ အခု လောလောလတ်လတ် ဖြစ်သွားတာကတော့ မြန်မာနိုင်ငံရဲ့ ဗိုလ်ချုပ်မွေးနေ့၊ တမြန်နေ့က ဒါကိုက ဘယ်လိုမှ မဖြစ်သင့်တဲ့ကိစ္စပေါ့။ ကလေးတွေ လက်နက်ကြီးကျည် ထိပြီးတော့ စာသင်ကျောင်းထဲမှာ ကျရောက်ပြီး ဖြစ်တာပေါ့။ ကလေးအရေအတွက် ၂၁ ဦးလို့ ကျနော်တို့ သိရတယ်။ ဒီလိုမျိုး အနိဋ္ဌာရုံတွေ အပေါ်မှာ ကျနော်တို့ မြင်တာကတော့ နှစ်ဖက်စလုံးကတော့ တာဝန်ရှိတာပေါ့။ အထူးသဖြင့် အစိုးရမှာ တာဝန်ရှိတယ်လို့ ကျနော်တို့မြင်တယ်။ စစ်ပွဲဖြစ်ပြီဆိုရင် အရပ်သား ပြည်သူလူထု မထိခိုက်ဖို့အတွက် စစ်ရဲ့ သဘောတရားမှာ ရှောင်ရမယ့် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်တွေလည်း ဖြစ်တယ်။ ဒီ စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်တွေကို လိုက်နာဖို့ အထူးသဖြင့် အစိုးရတပ်မတော်ဘက်မှာ တာဝန်ရှိတယ်လို့ ကျနော်တို့ မြင်တယ်။”

ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မယ်ဆိုတဲ့ NLD အရပ်သားအစိုးရလက်ထက် အခုလို ရခိုင်ပြည်နယ် အပါအဝင် တိုင်းရင်းဒေသတွေက တိုက်ပွဲတွေကြား အရပ်သား ထိခိုက်သေဆုံး ဒဏ်ရာရနေတဲ့ အခြေအနေပေါ် နိုင်ငံ့အကြီးအကဲတွေရဲ့ ကိုင်တွယ်မှုနဲ့ ပတ်သက်လို့ ဝေဖန်မှုတွေလည်း ထွက်ပေါ်နေပါတယ်။ ရခိုင်တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးထွန်းဇော်က အခုလိုမြင်ပါတယ်။

“နိုင်ငံတော်သမ္မတရုံးဘက်မှာ တွေ့တဲ့ အစည်းအဝေးမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က AA ကို အမြစ်ပြုတ်ချေမှုန်းရေး လုပ်ဖို့အတွက် သဘောထား အဲဒီကတည်းက ပေးပြီးဖြစ်တယ်ဆိုတာ ထင်ဟပ်တယ်။ နောက်တခုက သမ္မတကလည်း လိုအပ်ရင် သောင်းကျန်းသူနှိမ်နင်းရေး စစ်မဟာဗျူဟာရဲ့ အောက်မှာ လိုအပ်တဲ့ စစ်အင်အားတွေ အသုံးပြုဖို့အတွက် ခွင့်ပြုပြီးဖြစ်တယ် ဆိုတဲ့အခါကြတော့ အစိုးရရဲ့ အကြီးအကဲဖြစ်တဲ့ နိုင်ငံတော်အတိုင်ပင်ခံရော သမ္မတရော ဘာမှထွက်မပြောတာက ကျနော်မြင်တာကတော့ မဆန်းဘူးလို့ မြင်ပါတယ်။”

NLD အစိုးရအနေနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတဲ့ လမ်းကြောင်းကိုပဲ ဦးတည်နေပြီး နိုင်ငံသားတို့အပေါ် အကာအကွယ်ပေးနိုင်ရေး ရွေးကောက်ပွဲ ကတိကဝတ်တွေကို ပျက်ကွက်ခဲ့တယ်လို့လည်း ထောက်ပြကြတာပါ။ ရခိုင်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေက သူ့အမြင်ကို အခုလိုပြောပါတယ်။

“မြန်မာနိုင်ငံ အခုလက်ရှိ အခြေအနေမှာ သမ္မတ အပါအဝင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်များသည် တိုင်းရင်းသားတွေကို လုံးဝ အလေးမထားပါဘူး။ အမျိုးသားရင်ကြားစေ့ရေးမှာ လက်ရှိ အနိုင်ရပါတီက တပ်မတော်နဲ့လည်း အမျိုးသားရင်ကြားစေ့ရေး ဆောင်ရွက်ရမှာ ဖြစ်သလို လက်နက်ကိုင် ခေါင်းဆောင်များနဲ့လည်း အမျိုးသားရင်ကြားစေ့ရေးကို ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။”

ရခိုင်ပြည်နယ်တွင်းက စစ်ဖြစ်နေတဲ့ မြို့နယ် ၁၀ မြို့နယ်က စခန်း ၉၀ ကျော်မှာ ခိုလှုံနေသူတွေနဲ့ စခန်းပြင်ပမှာပါ တိမ်းရှောင်နေသူပေါင်း ခြောက်သောင်းကိုးထောင်ကျော် အပါအဝင် ဒုက္ခသည် တသိန်းခြောက်ထောင်ကျော်အထိ ရှိလာနေပြီး တသိန်းကျော်လာနေတဲ့ စစ်ပြေးဒုက္ခသည်တွေ နေထိုင်ရေး အသက်အန္တရာယ်လုံခြုံရေး စိုးရိမ်ရတဲ့ အနေအထား ဖြစ်နေတယ်လို့ စစ်ပြေးဒုက္ခသည်တွေကို ကူညီဆောင်ရွက်ပေးနေတဲ့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံးကလည်း သတင်းထုတ်ပြန်ထားပါတယ်။

----------------------------------

(Unicode)
















တိုက်ရိုက် လင့်ခ်


XS
SM
MD
LG