သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘူးသီးတောင်ကျောင်းပေါ် လက်နက်ကြီးကျည်ကျတဲ့ဖြစ်ရပ် နိုင်ငံတကာတုံ့ပြန်


ရခိုင်ပြည်နယ်ရှိ မြိုတိုင်းရင်းသား ကလေးငယ်များက နယ်ခြားစောင့်ရဲ ဖြတ်လာသည်ကို ကြည့်နေစဉ်(၂၀၁၆ အောက်တိုဘာလ)
ရခိုင်ပြည်နယ်ရှိ မြိုတိုင်းရင်းသား ကလေးငယ်များက နယ်ခြားစောင့်ရဲ ဖြတ်လာသည်ကို ကြည့်နေစဉ်(၂၀၁၆ အောက်တိုဘာလ)

(Zawgyi/Unicode)

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ထဲက ခမီမူလတန်းကျောင်းအပေါ် လက်နက်ကြီးကျည် ကျခဲ့တဲ့ဖြစ်ရပ်အတွက် စိတ်မကောင်းဖြစ်တယ် လို့ ရန်ကုန်အမေရိကန်သံရုံးက ပြောပါတယ်။

အခုလပိုင်းတွေအတွင်း ပြင်းထန်လာနေတဲ့ တိုက်ပွဲတွေကြောင့် သေဆုံး ဒဏ်ရာရခဲ့ကြသူ အများအပြားအတွက်လည်း စိတ်မကောင်းကြောင်းနဲ့ အခုလို လူမှုအသိုင်းအဝိုင်းတွေ ရင်ဆိုင်ကြုံတွေ့ နေရတဲ့ ဒုက္ခတွေအတွက် အမေရိကန်သံရုံးအနေနဲ့ စိတ်မချမ်းမသာ ဖြစ်ရကြောင်းလည်း ပြောပါတယ်။

ငြိမ်းချမ်းရေးရအောင် ဆောင် ရွက်နေတဲ့ မြန်မာနိုင်ငံနဲ့ အတူ အမေရိကန်ပြည်ထောင်စုက ဆက်လက်ရပ်တည်နေပါတယ်လို့ ရန်ကုန်အမေရိကန်သံရုံးကိုယ်စား ပြောခွင့်ရသူ Aryani Manring က ဗွီအိုအေကိုပြောပါတယ်။

ဘူးသီးတောင်မြို့နယ်ထဲမှာ နယ်မြေလုံခြုံရေးဆောင်ရွက်နေတဲ့ စစ်ကြောင်းတခုကို ခြုံခိုတိုက်ခိုက်ခဲ့တဲ့ ရခိုင်လက်နက်ကိုင် (AA) အဖွဲ့ဖက်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည်ဟာ ခမီချောင်းကျေးရွာထဲက မူလတန်းကျောင်းကို ထိမှန်ခဲ့လို့ ကျောင်းသား ၁၄ ယောက်၊ ကျောင်းသူ ၆ ယောက်တို့ကို ထိမှန်ဒဏ်ရာရခဲ့ကြောင်း တပ်မတော်က ကြာသပတေးနေ့မှာပဲ သတင်းထုတ်ပြန်ခဲ့တာပါ။

AA အဖွဲ့ ဘက်ကတော့ ဘူးသီးတောင်မြို့နယ်မှာဖြစ်ခဲ့တဲ့ တိုက်ပွဲအတွင်း အထိအခိုက် အကျအဆုံးများပြားခဲ့တဲ့ မြန်မာစစ်တပ်က စစ်ဘက်နဲ့မဆိုင်တဲ့ ပစ်မှတ်တွေကိုပါ ပစ်ခတ်ခဲ့ရာက စာသင်ကျောင်းကို ထိမှန်ခဲ့တာဖြစ်ကြောင်း ဗွီအိုအေကို ပြောပါတယ်။

ခုလို ကလေးငယ်တွေ ထိခိုက်ဒဏ်ရာရတာနဲ့ပတ်သက်လို့ ဗြိတိန် သံရုံးနဲ့ ကလေးငယ်များ စောင့်ရှောက်ရေး Save the Children အဖွဲ့တို့ကလည်း ကြေညာချက်ထုတ်ပြန်ပြီး ပဋိပက္ခတွေအတွင်း အပြစ်မဲ့ပြည်သူတွေကို အကာအကွယ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

မြန်မာနိုင်ငံရဲ့ ကလေးများနေ့မှာ ကျောင်းတကျောင်းအပေါ် လက်နက်ကြီးကျတာနဲ့ လတ်တလော အမျိုးသမီးနဲ့ ကလေးငယ်တွေ သေဆုံးခဲ့တာတွေဟာ စစ်ပွဲကြောင့် အပြစ်မဲ့သူတွေ ထိခိုက်နေတယ်ဆိုတာကို မီးမောင်းထိုးပြနေတာဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး Dan Chugg ကလည်း မနေ့က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ ပဋိပက္ခဖြစ်နေတဲ့ ၂ ဖက်လုံးကို အပစ်ရပ်ကြဖို့နဲ့ အရပ်သားတွေကို အတတ်နိုင်ဆုံးကာကွယ်ဖို့ ဗြိတိန်အစိုးရက တိုက်တွန်းတယ်လို့လည်း ကြေညာချက်ထဲမှာ ပြောထားပါတယ်။

မြန်မာနိုင်ငံက လက်နက်ကိုင် ပဋိပက္ခတွေမှာ ကလေးတွေ၊ စာသင်ကျောင်းတွေကို အကာအကွယ်ပေးဖို့ ကလေးငယ်များစောင့်ရှောက်ရေး Save the Children အဖွဲ့ကလည်း တိုက်တွန်းခဲ့ပါတယ်။

လက်နက်ကိုင် ပဋိပက္ခတွေအတွင်း ကလေးတွေအပေါ် အကြမ်းဖက်တဲ့ လုပ်ရပ်မှန်သမျှကို ရှုတ်ချကြောင်းနဲ့ ကလေးငယ်တွေကို ကာကွယ်စောင့်ရှောက်ဖို့ဟာ ကျင့်ဝတ်အရ သာမက ဥပဒေအရပါ လိုက်နာရမယ့် တာဝန်တရပ်ဖြစ်တယ်လို့ Save the Children အဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး Duncan Harvey ကထုတ်ပြန်ချက်ထဲမှာ သတိပေးထားပါတယ်။

တိုက်ရိုက် လင့်ခ်


....................

(Unicode)










XS
SM
MD
LG