သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရေလမ်းခရီးပိတ်လို့ ပလက်ဝဒေသ ကုန်စည်ပြတ်လပ်


ပလက်ဝမြို့ (Photo khonumthung.news )
ပလက်ဝမြို့ (Photo khonumthung.news )

(Zawgyi/Unicode)

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်မှာ အဓိကကုန်စည် စီးဆင်းရာလမ်းကြောင်း ကျောက်တော်-ပလက်ဝရေလမ်း ပိတ်နေတာ တပတ်နီးပါးဖြစ်နေလို့ အခြေခံစားသောက်ကုန်တွေ အခက်ခဲဖြစ်နေတာပါ။ ပလက်ဝနဲ့ ကျောက်တော်နယ်စပ်မှာ မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့တို့ တပတ်ကြာ တိုက်ပွဲကြောင့် ကုလားတန်မြစ်ကြောင်းအတွင်း စက်လှေ သွားလာမှု ရပ်ဆိုင်း သွားလို့ ကုန်စည်စီးဆင်းမှု ရပ်တန့်နေပြီး လှေပါခရီးသည်တွေလည်း ပိတ်မိတာတွေလည်း ရှိနေပါတယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် နိုင်ကွန်းအိန်ကနေသတင်းပေးပို့ထားပါတယ်။

ချင်းပြည်နယ် ပလက်ဝမြို့နယ်နဲ့ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်အစပ်မှာ မြန်မာ့စစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ အကြား တပတ်လောက် ဖြစ်ပွားနေတဲ့တိုက်ပွဲကြောင့် ရေလမ်းခရီးပိတ်ဆို့မှု ဖြစ်ပွားခဲ့တယ်လို့ ပလက်ဝမြို့နယ်ဒေသခံ ချင်းပြည်နယ် စည်ပင်ဝန်ကြီးဦးစိုးထက် ကပြောပါတယ်။

“တလောကကျနော်တို့ မီးဝနားမှာ ဖြစ်တယ်။ တင်းမအနားမှာ ဖြစ်တယ်။ အဲဒီမီးဝနားမှာ ဖြစ်တဲ့ဖြစ်စဉ်ကြောင့် ရေလမ်းကြောင်း သုံးလို့မရဘူး ဖြစ်နေတာပေါ့နော်။ နောက်ပြီးဒီက ကုန်စည်စီးဆင်းမှုလည်း မရှိတဲ့အခါကျတော့ ကုန်စည်လည်းဈေးနှုန်းတွေ တက်ကုန်တာပေါ့။ အဲဒီလေးတွေတော့ဖြစ်နေတယ်။”

ကျောက်တော်-ပလက်၀ ကုလားတန်မြစ်ကြောင်းမှာ စက်လှေတွေ သွားလာရင်ပစ်ခတ်မှုတွေရှိနေလို့ စက်လှေသမားတွေ မသွားရဲကြဘူးလို့ စက်လှေပိုင်ရှင် တဦးက အခုလိုပြောပါတယ်။

“သွားရင်ပစ်တယ်။ မသွားဘဲနေရင်လွတ်တယ်။ အဲဒီကထွက်လို့ရှိရင် ပစ်တယ်။ ဘယ်က ပစ်မှန်းလည်း မသိဘူး။ အဲဒီလမ်းကြောင်း ပစ်တာ တပတ် ၈ ရက်ရှိပြီ။”

ဒီလိုကုန်စည်စီးဆင်းရာ ရေလမ်းကြောင်း ပိတ်သွားတာကြောင့် ပလက်ဝမြို့နယ်မှာ ကုန်ဈေးနှုန်းကြီးမြင့်လာပြီး အခြေခံစားသုံးကုန် တွေပြတ်လတ်နေပြီးလို့ အဆိုပါစက်လှေပိုင်ရှင်ကပဲ ဆက်ပြောပါတယ်။

“စားသောက်ကုန်တွေက ကြက်ဥအရင် ၁,၀၀၀ ဖိုး ၈ လုံးရတာက အခု ၁,၀၀၀ဖိုး ၄ လုံး။ ဆန်တွေက မရှိတော့ဘူး။ ဆန်တွေ က ဈေးထဲမှာ ရောင်းတဲ့ဆိုင်တွေက မရှိတော့ဘူး။ ဆန်ရယ်၊ ဆီရယ် မရှိတော့ဘူး။ ရှင်းရှင်းပြောရရင် ဘီယာတို့၊ အရက်တို့တောင် ပြတ်သွားပြီ ဒီပလက်ဝမြို့က။”

ယခုလက်ရှိ ပလက်ဝမြို့မှာ ယခင်က ကျပ်ငွေ ၂၀,၀၀၀ လောက်ပေးရတဲ့ ဆန်တစ်အိတ်ဟာ ၃၀,၀၀၀ နီးပါးအထိ မြင့်တက် သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပလက်ဝမြို့မှာ အခြေခံစားသောက်ကုန်အပြင် လောင်စာဆီတွေပါ ဈေးတက်နေတယ်လို့ ကျောင်းဆရာဦးအောင်လွင်က ပြောပါတယ်။

“ရေလမ်းခရီးကပိတ်ဆို့ထားလို့ ကုန်စည်တွေက မရောက်ဘူးပေါ့နော် လုံးဝကို။ ဒီဇယ်ဓါတ်ဆီတွေလည်း အဲဒီလိုပဲဈေးတက်တယ် အကုန်လုံးက။ ဆန်ဈေးနှုန်းက ဆန်တောင်မှဈေးထဲမှာ မရှိတော့ဘူး။ ဝယ်ဖို့အတွက်တောင် မရှိတော့ဘူး။”

ဖေဖေါ်ဝါရီလ ၆ ရက်နေ့ကစပြီး ပလက်ဝမြို့နယ်နဲ့ ကျောက်တော်မြို့နယ်အစပ် ကုလားတန်မြစ်ကြောင်း တလျှောက်မှာ မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ တိုက်ပွဲဖြစ်ပွါးနေခဲ့တာပါ။

ဒီလိုတိုက်ပွဲဖြစ်စဉ်ကြောင့် ပလက်ဝဒေသခံရာနဲ့ချီ ကျောက်တော်မြို့နယ်အတွင်း ပိတ်မိနေတယ်လို့ ချင်းပြည်နယ်ဝန်ကြီး ဦးစိုးထက်ကပြောပါတယ်။

“အခုကျနော်တို့ဒေသဘက်က စက်လှေ ၇ စီး ၈ စီးလောက်က ကျောက်တော်မှာသောင်တင်နေတာပေါ့။ ဆိုတော့ အဲဒီမှာ ပလက်ဝသားတွေ အခုကျနော် သိသလောက် ၂၀၀ လောက်က သောင်တင်ပြီးတော့ သူတို့အခု အခက်ခဲဖြစ်တာပေါ့နော်။ စားရေးသောက်ရေးဘက်ကအစ အခက်ခဲဖြစ်လာတာပေါ့။ ကျနော်တို့က ဆက်သွယ်ပေမဲ့ ကျနော်တို့က ဒီစစ်ဖြစ်တဲ့ နေရာကျတော့ ထိထိရောက်ရောက်လုပ်လို့ အဆင်မပြေဘူး။ ဒီဖြစ်စဉ်တွေကိုပဲ အပေါ်ကိုတင်နေရတာပေါ့။”

ပလက်ဝမြို့နယ်ဟာ ရေလမ်းကိုသာ အမှီပြုနေရတာကြောင့် ဒီလိုရေလမ်းပိတ်သွားလို့ အခက်ခဲရှိလာနေတာပါ။ ဘယ်လိုအခြေအနေဖြစ်ဖြစ် ရေလမ်းကြောင်းပွင့်အောင် လုပ်ဆောင်ဖို့က အရေးကြီးကြောင်း ဝန်ကြီးဦးစိုးထက်က ဆက်ပြော ပါတယ်။

“ပြည်နယ်ကအနေနဲ့ ကျနော်တို့ရဲ့ အဓိက ကုန်စည်စီးဆင်းမှုက စစ်တွေ၊ ကျောက်တော်၊ ပလက်ဝဖြစ်တယ် ခင်ဗျ။ အဲဒီလမ်းကြောင်းကိုပဲ ဘယ်လိုပုံစံနဲ့ဖြစ်ဖြစ်ပွင့်အောင် လုပ်ပြီးမှ ကုန်စည်စီးဆင်းမှု လုပ်လို့ရမယ်ထင်တယ်။ ကျန်တဲ့လမ်းကြောင်းက လောလောဆယ်ဆယ် မရှိဘူး။ ကျနော်တို့ပလက်ဝ၊ ဆမီး၊ မတူပီလမ်းလည်း နွေမိုးဆောင်းသွားလို့ရအောင်လုပ်နေတယ်။ နောက် ပိုင်းကျရင်တော့လည်း ပြည်မကကုန်စည်တွေကို ကျနော်တို့ မတူပီကနေပြီးတော့ ပလက်ဝကိုပို့တဲ့စနစ်လည်း ဒီအခြေအနေမျိုးဆို ကျနော်တို့ ပြန်စဉ်းစားရမှာပေါ့။”

တိုင်းနဲ့ပြည်နယ်အနက်က ချင်းပြည်နယ်ဟာ ဖွံ့ဖြိုးမှု နောက်အကျဆုံးနဲ့ လမ်းပန်းဆက်သွယ်ရေး အခက်ခဲဆုံးပြည်နယ်လည်း ဖြစ်ပါတယ်။

မြန်မာစစ်တပ်နဲ့ AA တို့အကြားတိုက်ပွဲဖြစ်ပွားမှုကြောင့် ပလက်ဝမြို့နယ်ဟာ ညမထွက်ရအမိန့် ထုတ်ပြန်ထားတဲ့အပြင် အင်တာနက်လိုင်းတွေလည်း ဖေဖော်ဝါရီ ၃ ရက်ကစလို့ ဖြတ်တောက်ခံထားရပါတယ်။

နှစ်ဘက်စစ်ရေး ပဋိပက္ခဖြစ်စဉ်အတွင်း ပလက်ဝမြို့နယ်ဒေသခံ ၄,၀၀၀ ခန့်ဟာ စစ်ပြေးဒုက္ခသည်အဖြစ်နဲ့ စစ်ဘေးတိမ်းရှောင်နေရပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]




















XS
SM
MD
LG