သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်အရေး အကြံပေးကော်မရှင် အစီရင်ခံစာ နိုင်ငံ့ခေါင်းဆောင်တွေနဲ့ လူထုကို မကြာမီတင်ပြမည်


ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် (ဒီဇင်ဘာ ၂၀၁၆)
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် (ဒီဇင်ဘာ ၂၀၁၆)

ရခိုင်ပြည်နယ်အရေး အကြံပေးနိုင်ဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ဦးဆောင်တဲ့ ကော်မရှင်ရဲ့ အကြံပြုအစီရင်ခံစာ ရှေ့သီတင်းပတ်ထဲ ကိုဖီအာနန်ကိုယ်တိုင် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံနဲ့ ပြည်သူလူထုကို တင်ပြတော့မှာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အရေး အကြံပေးနိုင်ဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ဦးဆောင်တဲ့ ကော်မရှင်ရဲ့ အကြံပြုအစီရင်ခံစာ ရှေ့သီတင်းပတ်ထဲ ကိုဖီအာနန်ကိုယ်တိုင် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံနဲ့ ပြည်သူလူထုကို တင်ပြတော့မှာဖြစ်ပါတယ်။ ကိုဖီအာနန်ဦးဆောင်တဲ့ကော်မရှင်အနေနဲ့ ရခိုင်ပြည်နယ်တခုလုံး သွားရောက်၊ အလွှာအသီးသီးနဲ့တွေ့ဆုံမေးမြန်းပြီး ရလာတဲ့ အချက်တွေအပေါ် အခြေခံ တင်ပြမယ့် အကြံပြုချက်တွေဖြစ်လို့ ရခိုင်ပြည်နယ် ရေရှည်အကျိုးရှိစေမယ်လို့ မျှော်လင့်ကြောင်း ကော်မရှင်အဖွဲ့ဝင်ကပြောပါတယ်။ အသေးစိတ် မဆုမွန် တင်ပြပါမယ်။

ဒေသတွင်းမတည်ငြိမ်မှုတွေနဲ့ လုံခြုံရေးစိုးရိမ်ရတဲ့ အခြေအနေတွေရှိနေတဲ့ ရခိုင်ပြည်နယ် အရေးဖြေရှင်းနိုင်ဖို့ အတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဥက္ကဋ္ဌအဖြစ်ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ပြီးခဲ့တဲ့နှစ် သြဂုတ်လ ၂၄ရက်နေ့က စတင်ဖွဲ့စည်းပေးခဲ့တာဖြစ်ပါတယ်။

တနှစ်တာကာလအတွင်း ကော်မရှင်ဥက္ကဋ္ဌ ကိုဖီအာနန် ကိုယ်တိုင်ဦးဆောင်တဲ့ကော်မရှင်အဖွဲ့ဝင်တွေဟာ ပဋိပက္ခတွေဖြစ်ပွားခဲ့တဲ့ ရခိုင်မြောက်ပိုင်း မောင်တော၊ ဘူးသီးတောင် နောက် ရခိုင်ပြည်နယ် တောင်ပိုင်း ကျောက်ဖြူ၊ ရမ်းဗြဲ စတဲ့ ရခိုင်ပြည်နယ်တွင်းက ဒေသအတော်များများကို သွားရောက်ကွင်းဆင်း လေ့လာခဲ့သလို ဒေသခံတွေ၊ လူမှုအဖွဲ့အစည်းတွေ၊ ဘာသာရေးခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

ဒီလိုစုံစမ်းတွေ့ရှိခဲ့ချက်တွေအပေါ် အခြေခံပြီး လာမယ့်သြဂုတ်လကုန်ပိုင်းမှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ကိုယ်တိုင် နေပြည်တော်ကိုသွားရောက်ပြီး နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ပြည်သူလူထုကို အကြံပြုအစီရင်ခံစာ တင်သွင်းမှာဖြစ်တယ်လို့ အကြံပေးကော်မရှင်အဖွဲ့ဝင်ဦးအေးလွင်က ရှင်းပြပါတယ်။

“ကျနော်တို့ ကော်မရှင် အကုန်လုံးသွားမယ်။ နေပြည်တော်မှာ အစိုးရအဖွဲ့ကို ကျနော်တို့ တင်ပြပါမယ်။ နောက်ပြီး ကျနော်တို့ အစီရင်ခံစာဆိုတာထက် အကြံပြုချက်ကို ကျနော်တို့ တင်ပါ့မယ်။ ကျနော်တို့ mandate ကတော့ ရခိုင်ပြည်နယ်ကြီး တစ်ခုလုံး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်းဆုံးဖြစ်နိုင်မယ့် အချက်အလက်တွေကို အကြံပြုထားပါတယ်။ ကဏ္ဍတွေကတော့ အများကြီးရှိတာပေါ့နော်။ ရခိုင်ပြည်နယ် ဖွွံ့ဖြိုးတိုးတက်ရေးအတွက်ဆိုတာက တည်ငြိမ်အေးချမ်းမှုဆိုတာ လိုပါတယ်။ တည်ငြိမ်အေးချမ်းမှုအတွက်က သဟဇာတရှိဖို့ လိုတယ်။ တရားမျှတမှုရှိဖို့လိုတယ်။ ဥပဒေစိုးမိုးရေးရှိဖို့ လိုတယ်။ အဲဒါတွေကို ရရှိဖို့အတွက်ကို ဘယ်လိုလုပ်သင့်လုပ်ထိုက်တယ်ဆိုတဲ့ဟာလေးတွေကို ကျနော်တို့ အကြံပြုပါတယ်။ သဟဇာတရှိရေးကို ဘယ်လိုလုပ်မလဲ။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများ ဆောင်ရွက်တဲ့အခါမှာ သယံဇာတတွေ ပေါကြွယ်တဲ့ ရခိုင်ပြည်မှာ ဆင်းရဲဒုက္ခရောက်နေတာ သဘာဝမကျတဲ့ ဖြစ်ရပ်ပေါ့။ လူသားရင်းမြစ်တွေကလည်း အရည်အချင်းရှိတဲ့ ပုဂ္ဂိုလ်တွေပဲ။ အဲတော့ ဒီပုဂ္ဂိုလ်တွေရဲ့ capacity building ကို မြှင့်တင်ပြီးတော့ သယံဇာတတွေကို ဘယ်လို အသုံးချရင်ကောင်းမလဲ အဲဒါမျိုးလေးတွေကိုတော့ ကျနော်တို့ တော်တော် ကျယ်ကျယ်ပြန့်ပြန့် ခြုံငုံပြီးတော့ အကြံပြုထားပါတယ်။”

အထူးသဖြင့် ရခိုင်ပြည်နယ်တွင်း လုံခြုံရေးအခြေအနေနဲ့ လူမှုအသိုင်းဝိုင်းတွေကြား မတူကွဲပြားမှုတွေနဲ့ ပဋိပက္ခတွေ မဖြစ်ပေါ်လာအောင် ဘယ်လိုဆောင်ရွက်သင့်တယ်ဆိုတာကို ကော်မရှင်အနေနဲ့ အကြံပေးချက်တွေ ဒီအစီရင်ခံစာထဲ ထည့်သွင်းတင်ပြဖို့ရှိတယ်လို့လည်း ဦးအေးလွင်ကပြောပါတယ်။

“အဓိက ကတော့ ဒေသဥပဒေစိုးမိုးရေးပေါ့နော်။ တရားမျှတသော တရားဥပဒေစိုးမိုးရေး ဖြစ်ဖို့ လိုပါတယ်။ တစ်ဖက်နဲ့ တစ်ဖက် သဟဇာတဖြစ်ဖို့အတွက် သံသယတွေပျောက်ဖို့အတွက် စိုးရိမ်စရာတွေမှာလည်း တကယ်ရှိတဲ့ စိုးရိမ်စရာဆိုလည်း ကျနေ်ာတို့က ဒါကို ပပျောက်အောင်လုပ်ဖို့ ၊ လူတွေကို စိုးရိမ်စရာကောင်းအောင် မြှောက်ထိုးပင့်ကော်လုပ်နေတာမျိုးဆိုရင်လည်းပဲ အဲဒါလေးကို သေသေချာချာပိုင်းခြားပြီး ခွဲခြားပြီးတော့ ကျနော်တို့နည်းလမ်းတွေ ရှာရမှာ ဖြစ်သလို အပြစ်မဲ့တဲ့ ပြည်သူတွေကိုလည်း အပြည့်အဝအကာအကွယ် ပေးရမယ်။ လုံခြုံစိတ်ချမှုရှိအောင်လို့ လုပ်ပေးရပါမယ်။ အဲဒီလို ကျနော်တို့ မျှမျှတတဆောင်ရွက်ဖို့ကို လိုအပ်တယ်ဆိုတာလေးတွေကိုတော့ အကြမ်းဖျင်း တင်ပြထားပါတယ်။ ”

မကြာခင်ထုတ်ပြန်မယ့် ကော်မရှင်ရဲ့ အကြံပြုချက်တွေဟာ ရခိုင်ပြည်သူလူထုရဲ့ ပကတိကြုံတွေ့နေရတဲ့ အခက်အခဲပြသနာတွေကို တင်ပြနိုင်တဲ့အစီရင်ခံစာဖြစ်ဖို့ လိုအပ်တယ်လို့ ကိုဖီအာနန်ကော်မရှင်နဲ့ လွှတ်တော်မှာ ကိုယ်တိုင်တွေ့ဆုံဆွေးနွေးခဲ့သူ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် မထုမေကလည်း သုံးသပ်ပါတယ်။

“ကိုဖီအာနန်ကော်မရှင်နဲ့တော့ တစ်ကြိမ်တွေ့ဖူးပါတယ်ရှင်။ အဲဒီ တစ်ကြိမ်တွေ့ဖူးတုန်းကတော့ သူတို့ စုံစမ်းစစ်ဆေးရေးတွေ သူတို့ဘောင်ထဲက လုပ်ရတယ်ပေါ့နော်။ အဲဒီလို ပြောတဲ့အခါကျတော့ ကိုဖီအာနန်ကော်မရှင်ရဲ့ ဒီအစီအရင်ခံစာက သမ္မတကို တင်ပြမယ်၊ အဲဒီ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို တင်ပြမယ်ပေါ့နော်။ ဒါနဲ့ မလုံလောက်နိုင်ပါဘူးရှင်။ ဘာလို့လည်းဆိုတော့ ဒါက ပြည်သူတွေဆီက ရတဲ့ facts တွေကို သူတို့တွေက တင်ပြမှာ ချပြရမှာ ဖြစ်တဲ့အတွက်ကြောင့် ဒါ ရခိုင်ပြည်သူလူထုကိုလည်း သူတို့ တပြိုင်နက်တည်းမှာ တင်ပြသင့်ပါတယ်။ ရခိုင်ပြည်သူလူထုအတွက် တကယ့်မြေပြင်မှာ ဖြစ်နေတာနဲ့ ကွဲလွဲလို့ ရှိရင်တော့ ရခိုင်ပြည်သူလူထုက ကျမတို့ လက်ခံမှာတော့ မဟုတ်ဘူးပေါ့နော်။ ဒါကြောင့်မို့လို့ အမှန်တွေ ဖြစ်ဖို့ လိုတယ်။ ဒီအချက်အလက်ကို တင်ပြဖို့ လုပ်တဲ့အခါမှာ ခိုင်မာဖို့ လိုပါတယ်။ နောက်တစ်ခုက သူတု့ိ တွေ့ရှိချက်သည် ဘက်လိုက်မှု ကင်းရမယ်။ နောက်တစ်ခုက တကယ့်ရခိုင်ပြည်သူလူထု တကယ့်မြေပြင်မှာ တကယ် အခက်အခဲနဲ့ ကြုံတွေ့နေရတဲ့ဟာတွေ ပါရမယ်ပေါ့နော်။ ရခိုင်ပြည်သူလူထုရဲ့ တကယ့် on ground မှာ ဖြစ်နေတဲ့ အရာတွေကို ပါဝင်ဖို့လိုပါတယ်ရှင့်။ ကျမတို့ကတော့လေ ဒါကို အလေးအနက်တော့ ပြောချင်ပါတယ်။ ”

အကြံပေးကော်မရှင်အနေနဲ့ ရခိုင်ပြည်နယ်မှာပဋိပက္ခကြိုတင်ကာကွယ်ရေး၊ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေပံ့ပိုးရေး၊ ပြန်လည်ရင်ကြားစေ့ရေး၊ အခြေခံအဆောက်အအုံတွေ တည်ဆောက်ပေးရေး၊ ပြည်နယ်ဖွံ့ဖြိုး တိုးတက်မှု မြှင့်တင်ရေးစတဲ့ ကဏ္ဍတွေအတွက် ပကတိအခြေအနေတွေ ကိုလေ့လာသုံးသပ်သွားပြီး အကြံပြုတင်ပြသွားမှာဖြစ်တယ်လို့ ကော်မရှင်ကပြောပါတယ်။

မြန်မာနိုင်ငံသား ၆ ဦးနဲ့ နိုင်ငံခြားသား ၃ ဦး ပါဝင်တဲ့ ရခိုင်ပြည်နယ် အကြံပေးကော်မရှင်ထဲမှာတော့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်က ဥက္ကဋ္ဌအဖြစ်ဦးဆောင်ပြီး အဖွဲ့ဝင်တွေအဖြစ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေး ပုဂ္ဂိုလ်ဟောင်း Ghassan Salamé ၊ ဗြိတိန်နိုင်ငံဆိုင်ရာ နယ်သာလန်သံအမတ်ကြီးဟောင်း Laetitia van den Assum၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြ၊ ဦးခင်မောင်လေး၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း နာယက ဒေါက်တာသာလှရွှေ၊ မြန်မာနိုင်ငံ ဆရာဝန်များအသင်းက ဒေါက်တာမြသီတာ၊ ရခိုင်စာပေနဲ့ ယဉ်ကျေးမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဒေါ်စောခင်တင့်၊ ငြိမ်းချမ်းမေတ္တာအဖွဲ့ (မြန်မာနိုင်ငံ) ဦးဆောင်သူဦးအေးလွင် ပါဝင်ကြပါတယ်။ ဒီကော်မရှင်အနေနဲ့ ရခိုင်ပြည်နယ်တွင်း အခြေအနေအရပ်ရပ်ကို ကွင်းဆင်းလေ့လာပြီးနောက် - တနှစ်အကြာမှာ မြန်မာအစိုးရကို အကြံပြုအစီရင်ခံစာ တင်သွင်းသွားမှာလည်း ဖြစ်ပါတယ်ရှင်။

XS
SM
MD
LG