သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ရခိုင်မြောက်ဦးမှာ လူငယ်တဦး သေနက်ကျည် ထိမှန်သေဆုံး


ရခိုင်မြောက်ဦး

မနေ့က ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ မှာ ဦးခေါင်းကို သေနတ်ထိမှန်ခဲ့တဲ့ လူငယ်ဟာ ဒဏ်ရာအခြေအနေဆိုးလာပြီး ဒီနေ့မနက်အစောပိုင်း စစ်တွေ ဆေးရုံကို မပြောင်းခင်မှာပဲ သေဆုံးသွားပြီဖြစ်ပါတယ်။ မိသားစုဝင်တွေကတော့ တပ်မတော်ဘက်က ပစ်ခတ်မှုလို့ ယုံကြည်ထားပြီး အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကတော့ တပ်မတော်ဘက်က ပစ်ခတ်မှုဆိုတာကို ငြင်းဆိုထားပါတယ်။ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုဇော်ထက် မေးမြန်းပေးပို့ ထားပါတယ်။

ဦးခေါင်းကို သေနတ်ထိမှန်ပြီး မြောက်ဦးမြို့ ၊ တိမ်ညိုတိုက်နယ်ဆေးရုံကို မနေ့က ဇူလိုင် ၂၃ရက်က ရောက်လာတဲ့ တောင်မြင့်ရွာက အသက် ၂၂နှစ်ရှိတဲ့ ကိုဘိုသန်းထွန်းဟာ စစ်တွေဆေးရုံကိုမပြောင်းခင် ဒီမနက် ၉ နာရီမှာ သေဆုံးသွားပြီဖြစ်ပါတယ်။

သူက မနေ့က တိမ်ညိုကျေးရွာဘက်မှာ စပါးစိုက်ဖို့ မိသားစုနဲ့ စက်လှေစီးထွက်ခဲ့ပြီး တိမ်ညိုကွင်းဘက် အရောက်မှာ ခေါင်းကိုသေနတ်ကျည်ထိမှန်ခဲ့တာပါ။ ဒိုင်ကွင်းလို့ခေါ်တဲ့ တိမ်ညိုကွင်းက အရင်က စပါးဒိုင်တွေရှိတဲ့နေရာဖြစ်ပြီး အခုတော့ တပ်မတော်ရဲ့ တပ်စုတခုအခြေချနေတဲ့နေရာဖြစ်ပါတယ်။

ဒေသခံတွေကတော့ ခရီးသွားလာရင်းအခုလို သေနတ်ပစ်ခံရပြီးသေဆုံးသွားတဲ့အပေါ်မှာ စိတ်မကောင်းဖြစ်နေကြောင်း မြောက်ဦး ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းသာစိန်က ဗွီအိုအေကို ပြောပါတယ်။

“ သူ့အလောင်းကို မနက်ဖြန်မှ သဂြိုဟ်မှာပါ အခုကတော့ အဲဒီအလောင်းကို ကိုဘိုသန်းထွန်းအလောင်းကို ကျနော်တို့ ဒီမြောက်ဦး သင်္ချိုင်းဇရပ်ကို ပို့ထားတယ်။ မနက်ဖြန်မှ သဂြိုဟ်မယ်။”

အခင်းဖြစ်ပွားတဲ့ရာက တိုက်ပွဲဖြစ်တဲ့နေရာနဲ့အလှမ်းဝေးသလို အခုလိုအရပ်သားတွေအကြောင်းမဲ့ ထိခိုက်လာတဲ့အပေါ်မှာ ဝေဖန်မှုတွေလည်းရှိပါတယ်။ ဒီလိုကိစ္စတွေက ရခိုင်ပြည်နယ် မြို့နယ်တချို့ကို အင်တာနက်ဖြတ်တောက်ပြီးနောက်ပိုင်း ပိုဆိုးရွားလာနေတာလို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး REC ရဲ့အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းကပြောပါတယ်။

“ အင်တာနက် access တွေကိုပိတ်လိုက်တဲ့နောက်ပိုင်းမှာပေါ့ သူတို့ကပိုပြီးတော့ ဥပဒေမဲ့ လက်လွန်ခြေလွန်တွေလုပ်လာတာ များလာတယ်ပေါ့။ ပုံမှန်လုပ်ထုံးလုပ်ရိုးလုပ်စဉ်အရဆိုရင် သံသယရှိတယ်ဆိုရင် တားဆီးလိုက် စစ်လိုက်ဆေးလိုက် ဒီလိုလုပ်လို့ရတာပဲ။ သူတို့ကလှမ်းပစ်တာ။ ဆိုလိုချင်တာက တိုက်ပွဲတွေကြားထဲမှာ အရပ်သားတွေဝင်ရောက်သွားလို့ မတော်တဆထိခိုက်တာမျိုးမဟုတ်ဘူး။”

ဒီကိစ္စနဲ့ပတ်သက်ပြီး မသိရှိရသေးကြောင်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ဗွီအိုအေကို ပြောပါတယ်။

“ ကျနော်ကတော့ အဲဒါမကြားမိသေးဘူးခင်ဗျ အဲဖြစ်စဉ်။ ဘာမှ ဂဃနဏ မသိရသေးဘူး သိရင်တော့ပြန်ပြောပေးမယ်နော်။ ဘာမှကိုမသိသေးလို့။”

ပြီးခဲ့တဲ့ မတ်လတုန်းကလည်း မြောက်ဦးမှာ သေနတ်ပစ်ခတ်မှုတွေကြောင့် လူငါးဦးသေနတ်ထိမှန်ခဲ့ပါတယ်။ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ ကျောက်တော်၊ အမ်းမြို့နယ်တွေမှာ ဖြစ်နေတဲ့ AA နဲ့တပ်မတော်ကြားဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် လူ ၅သောင်းနီးပါးထွက်ပြေး တိမ်းရှောင် နေရတယ်လို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး REC ရဲ့ အချက်အလက်မှာဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG