သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အခွင့်အရေးထိန်းချုပ်တဲ့ ဆိုင်ဘာဥပဒေသစ်


ရန်ကုန်မြို့ အင်တာနက်ဆိုင်တဆိုင်မှာ လူမှုကွန်ရက်သုံးစွဲနေကြသူများ (ဒီဇင်ဘာ ၁၈။ ၂၀၁၈)
ရန်ကုန်မြို့ အင်တာနက်ဆိုင်တဆိုင်မှာ လူမှုကွန်ရက်သုံးစွဲနေကြသူများ (ဒီဇင်ဘာ ၁၈။ ၂၀၁၈)

ဇန်နဝါရီ ၁ ရက်နေ့က စစ်ကောင်စီပြဌာန်းလိုက်တဲ့ အခန်း(၁၆) ခန်း၊ ပုဒ်မ(၈၈) ခု ပါဝင်တဲ့ ဆိုင်ဘာလုံခြုံ‌ရေး ဥပဒေက ဘယ်လိုအချက်တွေကို အဓိက ထိန်းချုပ် ကာကွယ်ပေးနိုင်ပါသလဲ။ အွန်လိုင်း အသုံးပြုတဲ့ ပြည်သူတွေအတွက် ဘယ်လိုစိန်ခေါ်မှုတွေ ရှိလာနိုင်ပါလဲ။ ပညာရှင်တချို့ သုံးသပ်ချက်တွေ ပါဝင်တဲ့ ရန်ကုန်ကသတင်းပေးပို့ချက်ကို အခြေခံပြီး တင်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ အချုပ်အခြာ အာဏာနဲ့ တည်ငြိမ်အေးချမ်းမှု ထိခိုက်စေနိုင်တဲ့ ဆိုင်ဘာတိုက်ခိုက်မှု၊ ဆိုင်ဘာ ရာဇဝတ်ကျူးလွန်မှုတွေကို မှုခင်းတွေကို ထိထိရောက်ရောက် စုံစမ်းဖော်ထုတ် အရေးယူနိုင်ဖို့အတွက်လို့ဆိုပြီး ဆိုင်ဘာ ဥပဒေသစ်ကို စစ်ကောင်စီက ဇန်နဝါရီလ ၁ ရက်မှာ ပြဌာန်းခဲ့ပါတယ်။ အွန်လိုင်းကို မသမာတဲ့နည်းတွေနဲ့ အလွဲသုံးစားလုပ်တာ၊ ခွင့်ပြုချက်မရှိဘဲ VPN သုံးတာ၊ VPN ဝန်ဆောင်မှုပေးတာနဲ့ အွန်လိုင်းလောင်းကစားစနစ်တွေကို ထိန်းချုပ်နိုင်ဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။ နည်းပညာတိုးတက်လာတာနဲ့အမျှ နိုင်ငံတွေမှာ ဒစ်ဂျစ်တယ် အွန်လိုင်းအသုံးချ တိုက်ခိုက်မှုတွေ၊ ငွေကြေးလိမ်လည်မှုတွေ၊ ရာဇဝတ်ကျူးလွန်မှုတွေအတွက် ဆိုင်ဘာဥပဒေ လိုအပ်လာပါတယ်။ ဒါပေမဲ့ စစ်ကောင်စီ ပြဌာန်းတဲ့ အခန်း(၁၆)ခန်း၊ ပုဒ်မ(၈၈) ခု ပါဝင်ထားတဲ့ ဥပဒေကတော့ လူထု ကောင်းကျိုးထက် အသုံးပြုသူတွေကို ဖိနှိပ်ဖို့၊ စစ်ကောင်စီနဲ့ သဘောထား ရည်ရွယ်ချက်မတူသူတွေ၊ ဝေဖန်သူတွေကို လွယ်လွယ်ဖမ်းနိုင်ဖို့ ရေးဆွဲထားတဲ့ ပုဒ်မများစွာ ပါဝင်နေတယ်လို့ ဒစ်ဂျစ်တယ်လွတ်လပ်ခွင့် အခွင့်အရေးလှုပ်ရှားနေတဲ့ မြန်မာအင်တာနက်ပရောဂျက်(MIP) က ဦးဟန်က သုံးသပ်ပါတယ်။ လူ့အခွင့်အရေးကို ထိခိုက်စေတဲ့ ဥပဒေဖြစ်တယ်လို့ သူက မြင်ပါတယ်။

“ဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ဟာတွေ အားလုံးက လူထုကို အကာအကွယ်ပေးဖို့ထက် ဖိနှိပ်ဖို့အတွက်ပေါ့နော်၊ ဖိနှိပ်ဖို့အတွက် လူထုကို ကန့်သတ်ဖို့အတွက်ပေါ့နော်၊ ဒီအတွက် ပြင်ဆင်ထားတဲ့ လက်နက်သဖွယ်ဖြစ်နေတယ်လို့ ကျနော်တို့က သုံးသပ်တယ်ပေါ့နော်။ ဒီဥပဒေကြောင့်ပေါ့နော် ဘာတွေထိခိုက်နစ်နာသွားလဲဆိုရင်တော့ ဒီဂျစ်တယ် လွတ်လပ်ခွင့်တို့ပေါ့နော်၊ ဆိုင်ဘာလွတ်လပ်ခွင့်တွေ ဒီဂျစ်တယ်လွတ်လပ်ခွင့်တွေ အင်တာနက် သုံးစွဲပိုင်ခွင့်တွေဆိုတဲ့ဟာက ကျနော်တို့ လူ့အခွင့်အရေးရဲ့ အခြေခံအကျဆုံးဆိုတဲ့ အချက်တွေထဲမှာပါတယ်ပေါ့နော်၊ ဒီအင်တာနက်လွတ်လပ်ခွင့်တွေ ဒီဂျစ်တယ်လွတ်လပ်ခွင့်တွေ အားလုံးကို ကျနော်တို့ ပိတ်ပင်လိုက်ခြင်းအားဖြင့် လူတွေရဲ့ တခြားသော အခြေခံရပိုင်ခွင့်တွေ လူမှုစီးပွားဘဝ လူမှုဘဝမှာ ကျနော်တို့ ရမယ့် အခြားသောအခြေခံရပိုင်ခွင့်ဖြစ်တဲ့ ပညာသင်ကြားခွင့်တွေ စီးပွားရှာခွင့်တွေ ဘာသာရေးနဲ့ ပတ်သက်တဲ့ဟာတွေ အဲ့တော့ အခြေခံလူအခွင့်အရေး ကျနော်တို့ အချက် (၃၀)ရှိတယ်ပေါ့နော်၊ အဲ့ဒီအချက် (၃၀) လုံးကို ကျနော်တို့က ပိတ်ပင်တားမြစ်လိုက်တာနဲ့ တူတူပဲပေါ့နော်။ ဒါကြောင့်မို့လို့ ဒီဥပဒေပြဌာန်းလိုက်ခြင်းအားဖြင့် အခြေခံအကျဆုံး လူအခွင့်အရေးတခုကို ချိုးဖောက်တာဖြစ်တယ်။”

ဆိုင်ဘာဥပဒေမှာ ဖုန်း၊ ကွန်ပျူတာ ၊ အီးမေးလ်တွေမှာ စစ်ကောင်စီ လုပ်ငန်းလိုင်စင် ပိတ်သိမ်းထားတဲ့ သတင်းဌာနတွေက သတင်းဖော်ပြချက်တွေ သိမ်းထားတာ၊ ဖတ်ရှုတာတွေကိုတွေ့ရင် အရေးယူနိုင်တယ်လို့ ပါရှိပါတယ်။ ဒါတင်မက စစ်ကောင်စီက အကြမ်းဖက်အဖွဲ့လို့သတ်မှတ်ထားတဲ့ အဖွဲ့တွေရဲ့ အချက်အလက်တစ်ခုခုကို အီလက် ထရောနစ်နည်းပညာနဲ့ သိမ်းဆည်းထားရင်၊ တဆင့်ပြန်ဖြန့်ရင်၊ ဆိုရှယ်လူမှုကွန်ရက်တွေကနေ ဆက်သွယ်ခဲ့ရင် အရေးယူနိုင်တယ်လို့ ပြဌာန်းထားပါတယ်။ အဲဒီလို သတင်း၊ အချက်အလက်တွေကို အီလက်ထရောနစ်နည်းသုံးပြီး ဖြန့်ဝေတာ၊ ပေးပို့တာ၊ ကူးယူတာ ဒါမှမဟုတ် ရောင်းချတာတွေ့ရင် ထောင်ဒဏ် အနည်းဆုံး ၁ လကနေ ၆ လ၊ ဒဏ်ငွေ အနည်းဆုံး ကျပ် ၁၀ သိန်းကနေ သိန်း ၁၀၀ အထိ ချမှတ်နိုင်တဲ့အပြင် ဒဏ်နှစ်ရပ်လုံး ချမှတ်နိုင်တယ်လို့ ဥပဒေမှာ ထည့်သွင်းဖော်ပြထားပါတယ်။

ပြည်တွင်းအင်တာနက်သုံးစွဲသူတွေအပေါ်လည်း ပိုပြီး စောင့်ကြည့် အရေးယူနိုင်တဲ့ အချက်တွေပါသလို၊ ပြည်ပရောက်နေတဲ့ မြန်မာနိုင်ငံသားတွေကိုလည်း ဒီအချက်တွေနဲ့ ညိစွန်းတာတွေ့ရင် အရေးယူနိုင်ဖို့ကိုလည်း ဒီဥပဒေ ပုဒ်မ ၃ (ခ) မှာ ထည့်သွင်းပြဌာန်းထားပါတယ်။ ဒီလိုအချက်တွေကြောင့် စစ်ကောင်စီရဲ့ ဆိုင်ဘာဥပဒေဟာ ပြည်သူကိုဖိနှိပ်ဖို့ ပြဌာန်းတဲ့ ဥပဒေဖြစ်နေတယ်လို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ပြောနေကြပါတယ်။

ဥပဒေပါ ပုဒ်မ(၃၃) အရ နိုင်ငံအတွင်းမှာ အသုံးပြုသူတစ်သိန်းနဲ့ အထက်ရှိတဲ့ ဒစ်ဂျစ်တယ်ပလက်ဖောင်းဝန်ဆောင်မှုလုပ်ငန်းတွေအနေနဲ့ အသုံးပြုသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေအပြင် အသုံးပြုမှုမှတ်တမ်းတွေအပြင် စစ်ကောင်စီကအခါအားလျော်စွာ သတ်မှတ်တဲ့ အချက်အလက်တွေကို (၃) နှစ်အထိ ထိန်းသိမ်းထားရမယ်ဆိုတာပါဝင်ပါတယ်။ စစ်ကောင်စီအနေနဲ့ တရားရုံး ခွင့်ပြုချက် ရယူစရာမလိုဘဲ အသုံးပြုသူတွေရဲ့အချက်အလက်တွေကို အလွယ်တကူ တောင်းခံနိုင်ဖို့ ထည့်သွင်းရေးဆွဲထားတဲ့ ပြဋ္ဌာန်းချက်တွေလည်း ပါဝင်ပါတယ်။

မြန်မာပြည်သူအများနဲ့ တိုက်ရိုက်ဆိုင်နေတဲ့ နောက်ထပ် ကိစ္စတခုကတော့ VPN အသုံးပြုမှု ဖြစ်ပါတယ်။ ၂၀၂၁ စစ်အာဏာသိမ်းချိန်ကစလို့ မြန်မာနိုင်ငံမှာ စစ်ကောင်စီက အင်တာနက်အသုံးပြုမှုကို ထိန်းချုပ်ထားတာမို့ လူမှုကွန်ယက်သုံးနိုင်ဖို့၊ သတင်းဝက်ဆိုက်တွေထဲ ဝင်ဖတ်နိုင်ဖို့၊ ပညာရပ်ဆိုင်ရာတွေလေ့လာဖို့အတွက် VPN ခံသုံးကြရပါတယ်။ အခုဆိုင်ဘာဥပဒေမှာ တရားမဝင် VPN ဝန်ဆောင်မှု သုံးသူတွေနဲ့ သုံးနိုင်အောင်ရောင်းချသူတွေကို ဖမ်းဆီးဖို့အတွက် ပြဌာန်းထားပါတယ်။ ဒါတွေကိုဖောက်ဖျက်ရင် ထောင်ဒဏ် အများဆုံး ၆ လအထိ၊ ဒဏ်ငွေ အနည်းဆုံး ကျပ် ဆယ်သိန်းကနေ သိန်းတစ်ရာအထိ ချမှတ်ခံရမှာဖြစ်သလို ဒဏ်နှစ်ရပ်လုံးလဲ ချမှတ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် အမှုနဲ့သက်ဆိုင်တဲ့ သက်သေခံပစ္စည်းတွေကို နိုင်ငံ့ဘဏ္ဍာအဖြစ် သိမ်းဆည်းမယ်လို့လည်း ဖော်ပြထားပါတယ်။ ဒီလိုအချက်တွေကြောင့် ပြည်သူတွေအနေနဲ့ အွန်လိုင်းအသုံးပြုမှု ပိုမိုခက်ခဲအောင် တင်းကြပ်ထားတဲ့ ဥပဒေဖြစ်နေပြီး ဥပဒေလုပ်ထုံးလုပ် နည်းတွေကော မှန်ကန်မှုရှိသလားလို့ တရားလွှတ်တော်ရှေ့နေတဦးက ခုလို ထောက်ပြပါတယ်။

“အခုပြဌာန်းထားတဲ့ ပုဒ်မ ၁ ကနေမှ ပုဒ်မ ၈၈ ထိပေါ့ ဆရာတို့ အသေးစိတ်ဖတ်လိုက်တယ်။ ဖတ်လိုက်တော့ ဥပေဒသမားအနေနဲ့ ဘာသွားမြင်လဲ…သူက ဥပဒေတစ်ရပ်လို့ တိတိပြစရာ ပွင့်ပွင့်လင်းလင်းလည်း မရှိဘူး။ လိုရာဆွဲယူပြီး သုံးလို့ရအောင် ရေးထားတဲ့ သဘောမျိုးဆရာတို့သွားတွေ့တယ်။ ဒီဆိုင်ဘာနယ်ပယ်မှာ ဒီဆိုင်ဘာကို ဖွင့်လှစ်မယ့်လူတွေကိုပဲ အဓိကထားပြီးတော့ ရေးထားတာတွေ့တယ်။ အဲ့တော့ ဒီမြန်မာနိုင်ငံအတွင်းမှာ ဒီဆိုင်ဘာ ပလက်ဖောင်းကို အခြားသူတွေက သုံးစွဲလို့မရဘူး။ ခုနက လိုင်စင်ရတဲ့လူမှပဲ သုံးဆွဲရမယ်ဆိုတဲ့ သဘောတက်ရောက်နေတယ်။ သုံးစွဲတဲ့သူတွေနဲ့ ပတ်သက်လို့တော့ အတိအကျကြီး ဒါကဘယ်လိုဖြစ်မယ် ဘယ်ကဘယ်ညာဖြစ်မယ်ဆိုတာမျိုး ပြဠာန်ထားတာ မရှိဘူး။ သို့ပေမယ့် အချို့ပြဌာန်းချက်တွေမှာတော့ သုံးစွဲတဲ့လူတွေနဲ့ ပတ်သက်ရင် မလိုအပ်ရင် မလိုအပ်သလို အရေးယူနိုင်တဲ့ အရေးယူကောင်းယူနိုင်တဲ့ ပြဌာန်းချက်တွေပါ ပါတယ်၊ ဥပေဒအနေနဲ့ ဥပဒေအနေနဲ့ တိကျမှုမရှိဘူး။”

မြန်မာနိုင်ငံထဲမှာ အခြေစိုက် လှုပ်ရှားတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေရဲ့ ပြဿနာကို ကိုင်တွယ် အရေးယူနိုင်ဖို့အတွက်တော့ ဥပဒေမှာ ထည့်သွင်းထားပါတယ်။

ခွင့်ပြုချက်မရှိဘဲ အွန်လိုင်းလောင်းကစားစနစ် လုပ်ဆောင်သူတွေအနေနဲ့ ပြစ်မှုထင်ရှားရင် ထောင်ဒဏ် အနည်းဆုံး ၆ လမှ တစ်နှစ်၊ အနည်းဆုံး ကျပ် သိန်းငါးဆယ်ကနေ နှစ်ရာအထိ ဒဏ်ငွေ၊ ဒါမှမဟုတ် ပြစ်ဒဏ် နှစ်ရပ်လုံး ချမှတ်ခံရမယ့်အပြင် သက်သေခံပစ္စည်းတွေကိုလည်း သိမ်းဆည်းဖို့လည်း ပါဝင်ထားပါတယ်။ မရိုးမဖြောင့်သဘောနဲ့ ဆိုင်ဘာအွန်လိုင်းကို အသုံးပြုပြီး အခြားသူရဲ့ အွန်လိုင်းငွေကြေးကို ခိုးယူတာ ဒါမှမဟုတ် အခြားသူတစ်ဦးဦးကို ခိုးဖို့ ခိုင်းစေတာတွေကို အနည်းဆုံး ၂ နှစ်ကနေ အများဆုံး ၇ နှစ်ထိ ထောင်ဒဏ်ချမှတ်ရမယ့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်တယ်လို့ ပြဌာန်းထားပါတယ်။ ထုတ်ပြန်တဲ့ နည်းဥပဒေ စည်းမျဉ်း၊ စည်းကမ်း အမိန့် ညွှန်ကြားချက်တွေကို ဖောက်ဖျက်ကျူးလွန်ရင် ထောင်ဒဏ် တစ်လကနေ သုံးလအထိဖြစ်စေ၊ ဆယ်သိန်းကနေ သိန်းတစ်ရာထက်မပိုတဲ့ ဒဏ်ငွေဖြစ်စေ၊ ပြစ်ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်တယ်လို့ ဆိုင်ဘာဥပဒေသစ်ထဲမှာ ဖော်ပြထားပါတယ်။

Forum

XS
SM
MD
LG