ဘင်္ဂလားဒေ့ရှၤနိုင်ငံဖက် သွားချင်ရတဲ့ အဓိကအကြောင်းက နေထိုင်စားသောက်ရေးအခက်အခဲနဲ့ နိုင်ငံသားဖြစ်ခွင့်ရှိမရှိ NVC ကဒ်တွေ လုပ်ရမှာကြောင့်ဖြစ်တယ်လို့ ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာတွေကပြောပါတယ်။ တချိန်ထဲမှာပဲ လုံခြုံရေးအာမခံချက်ရမယ်ဆိုရင်တောင် အစ္စလာမ်ဘာသာဝင်တွေနဲ့အတူ တနေရာထဲမှာ ပြန်မနေနိုင်တော့ဘူးလို့ ရခိုင်တိုင်းရင်းသားတွေဖက်ကလည်းပြောပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောခရိုင်ဖက်ကို ကိုယ်တိုင်သွားရောက်သတင်းယူခဲ့တဲ့ မစုမြတ်မွန်က လက်ရှိလုံခြုံရေးအခြေအနေအပါအဝင် အဲဒီဒေသမှာ အတူနေထိုင်ခဲ့ကြသူတွေရဲ့လက်ရှိသဘောထားကို ဆက်ပြီးတင်ပြပါမယ်။
VOA မြန်မာပိုင်းအပါအဝင်၊ နိုင်ငံခြားသတင်းဌာနတချို့က သတင်းထောက် ၁၀ ယောက်လောက်ဟာ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ အစီအစဉ်နဲ့ တနင်္ဂနွေနေ့က ရခိုင်ပြည်နယ်မြောက်ပိုင်းကို သွားရောက်သတင်းယူခွင့်ရခဲ့ပါတယ်။ အဓိကကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်ကို သွားဖို့စတည်းချ ပြင်ဆင်နေကြတဲ့ အစ္စလာမ်ဘာသာဝင်တွေနဲ့ သတင်းထောက်တွေကို တွေ့ဆုံမေးမြန်းခွင့် ပေးခဲ့တာဖြစ်ပါတယ်။
မောင်တောမြို့နယ် အလယ်သံကျော်ကနေ ကားနဲ့ မိနစ် ၃၀ လောက်သွားရတဲ့ လေယာဉ်ကွင်းချောင်း ဘေးမှာ စတည်းချနေကြတဲ့ အစ္စလာမ်ဘာသာဝင်တွေကို အရင်ဆုံး တွေ့ခွင့်ရပါတယ်။ လေယာဉ်ကွင်းချောင်းကနေ ဘင်္ဂလားဒေရှ့်ဖက်သွားချင်သူတွေ စတည်းချစခန်းလိုဖြစ်နေတဲ့ နေရာမှာ တေ့ွရသလောက် လူဦးရေ ခန့်မှန်းခြေ ၁ ထောင်ဝန်းကျင်ရှိပါတယ်။ မေးနိုင်ခဲ့သူ တချို့ကတော့ သူတို့အနေနဲ့စားဝတ်နေရေး၊ အလုပ်အကိုင်အခက်အခဲကြောင့်ဖြစ်တယ်လို့ ပြောကြပါတယ်။ ဘူးသီးတောင်မြို့နယ်က လာတယ်လို့ဆိုတဲ့ အဘူဒါဟဒ်က ခုလိုပြောပါတယ်။
“အလုပ်လည်းမရှိဘူး။ စားရေးသောက်ရေးလည်းခက်ခဲနေတယ်။ ဆေးလည်းဝယ်လို့မရဘူး။ မြောက်ပိုင်းမှာ နေလို့မရလို့ ဒီကိုလာတာလို့ ပြောသွားတာပါ။”
"မေး။ ။ သွားမယ်ဆိုတာနဲ့ ပတ်သက်ပြီးတော့ အစိုးရကရော ၊ လုံခြုံရေးကရောပြောတယ် မသွားဘူးဆိုရင် လုံခြုံရေးယူပေးမယ် ၊ ဒီမှာလည်း နေရေးထိုင်ရေး စားရေးသောက်ရေးအဆင်ပြေအောင်လို့ ချက်ချင်းတော့မဟုတ်ဘူး တဖြေးဖြေးပေါ့လေ လုပ်ပေးမယ်။ အဲဒါမျိုးကိုရော မယုံဘူးလား ပြောတာကို။
ဖြေ။ ။မြန်မာအစိုးရက လုံခြုံရေးအပြည့်အ၀ ယူပေးမှာ ၊ အစစအရာရာ ကာကွယ် စောင့်ရှောက်ပေးပါမယ် ၊ ပြုစုပေးပါမယ် အဲဒီလောက်တာဝန်ယူပြီးတော့ ရွာ ကို လိုက်ပို့ရင် ပြန်သွားနေဖို့အတွက် ရည်ရွယ်ချက်မရှိပါဘူး။ ဆန္ဒမပါဘူးတဲ့။
မေး။ ။ ဘာဖြစ်လို့လဲ။
ဖြေ။ ။ ကျနော်တို့ ဒီနိုင်ငံသားဆိုပြီးတော့ အထောက်အထားဘာမှ မရှိဘူး ၊ ဘာမှလည်းမပေးဘူး။
မေး။ ။ ဆိုတော့ ဟိုဘက်မှာ ရောက်လို့ရှိရင်လည်း နေရေးထိုင်ရေး ဒီထက်ပိုပြီးတော့ ဆိုးမယ် ခက်မယ်ဆိုရင်ရော ဘယ်လိုလုပ်မလဲ ပြန်လာမှာလား ဒီဘက်ကို
ဖြေ။ ။ပြန်လာဖို့ ရည်ရွယ်ချက် သိပ်မရှိပါဘူး နည်းပါတယ်။”
ရသေ့တောင်မြို့နယ် ကိုင်တဲကျေးရွာက ရောရှီအာမက်ဖြစ်ပါတယ်။
သူတို့အနေနဲ့လုံခြုံရေး စိုးရိမ်စရာရှိလို့လား။ ဒါမှမဟုတ် ဘင်္ဂလားဒေ့ရှ်ဘက်ရောက်နေသူတွေက လှမ်းခေါ်လို့လားလို့လည်းမေးပါတယ်။ သူတို့ကတော့ အဲဒါကြောင့် မဟုတ်ဘူးလို့လည်း ပြောပါတယ်။
ဘူးသီးတောင်မြို့နယ် ဖရုံချောင်းကျေးရွာကလာတယ်လို့ပြောသူတယောက်ကတော့ နိုင်ငံသားဖြစ်ခွင့်ရှိ မရှိစိစစ်ခံရမယ့်သူတွေကို ထုတ်ပေးနေတဲ့ NVC ကဒ်ကြောင့်လို့ အခုလိုပြောပါတယ်။
“ကျနော် စီးပွားရေးတွေလည်း လုပ်လို့မရဘူး။ တခြားနေရာတွေမှာ သွားပြီးတော့ စီးပွားရေးတွေလည်း လုပ်လို့မရဘူး။ ငါးတွေဘာတွေလည်း ရှာလို့မရဘူး၊ တောထဲလည်းသွားလို့မရဘူး ။ အဲဒီ NVC ကဒ်ကို ရမှ ၊ အဲဒါမဟုတ်ရင် လုပ်လို့မရဘူး။ ဈေးတွေဘာတွေလည်း သွားလို့မရဘူး အဲဒီအတွက် ကျနော်ဟိုဘက်ကို ဝင်လာတာ။”
NVC ကဒ် ကိုဘာကြောင့် မလိုချင်သလဲဆိုတော့ အများသဘောကြောင့်လို့ဆိုပါတယ်။
“NVC ကဒ် ကနေပြီးတော့ ကျနော်တို့ ယူရင် အကုန်လုံးယူရမှာ အဲဒါ ကျနော်တို့မယူရင် ရွာလုံး ယူမှာ မဟုတ်ဘူး။ အဲဒါ အများဆန္ဒက မယူဘူးဆိုရင် ကျနော်လည်း ယူမှာမဟုတ်ဘူးဆိုပြီးတော့။
မေး။ ။ သဘောကတော့ အများဆန္ဒကြောင့်မယူဖြစ်တာပေါ့။
ဖြေ။ ။ ဟုတ်ကဲ့ အများဆန္ဒကြောင့်။
မေး။ ။ ဦးလေး တယောက်တည်း ဆန္ဒအနေနဲ့ဆိုရင် လိုချင်လား။
ဖြေ။ ။မလိုချင်ဘူး
မေး။ ။အဓိက အကြောင်းအရင်းက ဘာကြောင့်လဲ။
ဖြေ။ ။ ဒီဟာကို မလိုချင်ဘူး။”
သူတို့အနေနဲ့ NVC ကဒ်ပြားဆိုတာဘာလဲ ဒီကဒ်ပြားရှိရင် သူတို့အတွက် အခုထက် အခွင့်အလမ်းတွေပိုရှိသွားမယ်ဆိုတာကို သဘောပေါက်ကြတဲ့ပုံတော့ မရှိကြပါဘူး။
“ယူဖို့လည်းလာမပြောဘူး သူတို့မှာ ယူဖို့ စိတ်ဆန္ဒ လည်းမရှိပါဘူးတဲ့။
မေး။ ။ စိတ်ဆန္ဒဘာလို့မရှိတာလဲ။
ဖြေ။ ။ NVC ကဒ်အကျိုးအကြောင်းတွေက ဘာတခုမှ နားမလည်လို့ မယူကြတာ။
မေး။ ။နားလည်မယ် အဲဒီအကျိုးအကြောင်းတွေကို သိမယ် ၊ ဒီNVC ကဒ် ယူလို့ ကိုယ့်အတွက် အကျိုးရှိမယ် ဆိုရင်ယူမလား။
ဖြေ။ ။ယူဖို့ ရည်ရွယ်ချက်မရှိပါဘူး။”
တနင်္ဂနွေနေ့က ခရီးစဉ်မှာ မှိုဝင်ချောင်းဝနဲ့ ဂေါ်ဒူသာရချောင်းဝကြားမှာရှိတဲ့ နတ်မြစ်ကမ်းဘေးကိုလည်း ရောက်ပါတယ်။ အဲဒီမှာလည်း ဘင်္ဂလားဒေ့ရှ် ဖက်သွားဖို့ရောက်နေသူ ၇၀ လောက်ကို တေ့ွခဲ့ရပါတယ်။ သူတို့အနေနေနဲ့ဘင်္ဂလားဒေရှ့်ဖက်သွားမယ်ဆိုရင် စက်လှေခ တယောက်ကျပ်ငွေ ၇ သောင်းပေးရတယ်လို့ ပြောပြကြပါတယ်။ သူတို့အနေနဲ့ ခုလိုနိုင်ငံထဲက ထွက်သွားဖို့ကြိုးစားနေကြသလို ဘင်္ဂလားဒေရှၤ့ဖက်ထွက်သွားသူတွေ ပြန်လာနိုင်ရေးအတွက်လည်း အစိုးရကဆောင်ရွက်နေပါတယ်။ ဒါပေမဲ့ ဒေသခံ ရခိုင်တိုင်းရင်းသားတွေကတော့ အရင်ကလို မတူတဲ့အသိုင်းအဝိုင်းတွေ အတူနေဖု့ိ မဖြစ်နိုင်တော့ဘူးလို့ ပြောပါတယ်။
“အဲဒါက လုံးဝမဖြစ်နိုင်ဘူး။ ကျနော်တို့က ကုလားနဲ့ အတူနေလို့မှ မရတာ ။ သူတို့ လာမယ်ဆိုရင် ကျနော်တို့ လက်မခံဘူး။ ကျနော်တို့ မနေနိုင်ဘူး သူတို့နဲ့။ သူတို့က ရက်ရက်စက်စက်သတ်တာ။
မေး။ ။အဓိက အကိုတို့စိုးရိမ်မှုက လုံခြုံရေးပေါ့
ဖြေ။ ။ လုံခြုံရေးလို့ပြောတာက ဟုတ်ပါတယ်။ ဒါပေမယ့် အဲဒီလုံခြုံရေးက ထာဝရမနေဘူးလေ။ သူတို့မှာ ဖောက်ခွဲတာတွေကို ထားသွားရင် ကျနေ်ာတို့မှာက ဘာမှ မရှိဘူး။ လုံခြုံရေးအမြဲပေးပြီဆိုရင်လည်း ကုလားနဲ့ နေလို့မရဘူး ကျနော်တို့။ သူတို့က သတ်မယ် ခုတ်မယ် အဲဒါကိုပဲ သူတို့က အားခဲနေတယ်။”
တနင်္ဂနွေနေ့ကရောက်ခဲ့တဲ့ ရခိုင်မြောက်ပိုင်းဒေသတွေ လုံခြုံရေးအခြေအနေကတော့ မြင်ရသလောက် တည်ငြိမ်ပါတယ်။ လုံခြုံရေးနဲ့ပတ်သက်လို့ အမှတ် ၄ နယ်ခြားစောင့်တပ်ဖွဲ့ တပ်ခွဲမှူး ဒုရဲမှူးကြီး ဦးမြင့်ကျော်ကို မေးကြည့်ပါတယ်။
“အခုကတော့ တော်တော်လေးတည်ငြိမ်သွားပါပြီ။ အရင်ကထက်စာရင်တော့ ကျနော်တို့လည်း ကင်းစခန်းတွေကို လူအင်အားတွေ ပြန်ဖြည့် ၊ တိုင်းရင်သားတွေကိုလည်း ထား တာဖြစ်တဲ့အတွက် တော်တော်လေးလည်း တည်ငြိမ်သွားပါပြီ။
မေး။ ။ဒီနေရာမှာ သူတို့ ဟိုဘက်ကမ်းကို သွားချင်တယ်ဆိုရင် လွတ်လွတ်လပ်လပ် သွားလို့ရသလား။
ဖြေ။ ။ကန့်သတ်ထားတာ ကျနော်တို့ မရှိပါဘူး။ သူတို့ တခုခုမဖြစ်အောင်ပဲ ထိန်းသိမ်းထားတာပဲ ရှိပါတယ်။ လုံခြုံရေးကို တာဝန်ယူပေးထားတာပဲ ရှိပါတယ်။”
ဘူးသီးတောင် မောင်တောဒေသဖက်လုံခြုံရေးအတွက် နယ်ခြားစောင့်တပ်ဖဲ့ွတွေအပြင်။ လောလောဆယ် ဒေသခံတပ်တွေတာဝန်ယူထားတယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဒုညွှန်မှူး ဗိုလ်မှူးချုပ်အေးလွင်က ဗွီအိုအေကိုပြောပါတယ်။ လုံခြုံရေးအတွက် ပြတ်ပြတ်သားသား ဆောင်ရွက်သလို အေးအေးချမ်းချမ်းနေထိုင်လိုသူတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်တာမျိုး မရှိဘူးလို့လည်းပြောပါတယ်။
“အကြမ်းဖက်သမားတွေနဲ့ ပတ်သက်ရင်တော့ ကျနော်တို့ တပ်မတော်အနေနဲ့ကတော့ အရေးယူဆောင်ရွက်မှုကလွဲလို့ ကျန်တဲ့ အေးအေးချမ်းချမ်းနေလိုတဲ့ ဘင်္ဂလီတွေအပေါ်မှာတော့ ကျနော်တို့နှိပ်စက်ညှင်းပမ်းတာတွေ မရှိပါဘူး။ သူတို့ကိုလည်း လူသားတွေအနေနဲ့ ကျနော်တို့နိုင်ငံက လက်ခံထားပါတယ် ဥပဒေနဲ့ အညီပါပဲ။
သြဂုတ်လကုန်ပိုင်းက အာဆာအကြမ်းဖက်အဖွဲ့ရဲ့တိုက်ခိုက်မှုကြောင့် နယ်မြေရှင်းလင်းမှုတွေအတွင်း တပ်မတော်က လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့်လို့ဆိုပြီး ဘင်္ဂလားဒေရှ့်နိုင်ငံဖက်ကို ရခိုင်ပြည်နယ်က အစ္စလာမ်ဘာသာဝင် ၆ သိန်းကျော် ထွက်ပြေးခဲ့ကြပါတယ်။ အဲဒီနောက် အမေရိကန်အပါအဝင် နိုင်ငံတကာက တပ်မတော်အပေါ် ဖိအားတွေပေးနေပါတယ်။ တပ်မတော်ခေါင်းဆောင်ပိုင်းကို ပြစ်မှတ်ထားတဲ့ အရေးယူဒဏ်ခတ်မှုတွေလုပ်ဖို့အတွက်လည်း အမေရိကန်အစိုးရကစဉ်းစားနေသလို အမေရိကန်လွှတ်တော်မှာလည်း ကြိုးပမ်းနေပါတယ်။ ရခိုင်မြောက်ပိုင်းအရေးကြောင့်ပဲ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ဟာအခု ဗုဒ္ဒဟူးနေ့ နိုဝင်ဘာ ၁၅ ရက်နေ့မှာ နေပြည်တော်ကိုလာမှာဖြစ်ပါတယ်။ သူ့ခရီးစဉ် ၃ ရက်အလိုမှာ သတင်းထောက်တချို့အနေနဲ့ ပဋိပက္ခတွေဖြစ်ခဲ့တဲ့ မောင်တောဒေသဖက်ကို လေ့လာခွင့်ရခဲ့တာဖြစ်ပါတယ်။