သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်စစ် ဒုက္ခသည်အရေအတွက် တိုးလာ


ရခိုင်စစ်ဘေးရှောင် ဒုက္ခသည်များ။
ရခိုင်စစ်ဘေးရှောင် ဒုက္ခသည်များ။

(Zawgyi / Unicode)

ရခိုင်ပြည်နယ်တွင်း ရခိုင်တပ်နဲ့ အစိုးရတပ်တို့ကြား တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားလာနေတဲ့အတွက် စစ်ဘေးရှောင်စခန်း ၉၉ ခုထိရှိလာပြီး ရခိုင်စစ်ပြေးစစ်ရှောင်ဦးရေက တသိန်းနှစ်သောင်းရှစ်ထောင်ကျော်အထိ ဖြစ်လာနေပြီလို့ ရခိုင်ဒုက္ခသည်တွေကို ကူညီကယ်ဆယ်ပေးနေတဲ့ လူမှုအဖွဲ့တခုက ပြောဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းမှာကို စစ်ရေးတင်းမာမှု အတော်လေး ပြင်းထန်လာတဲ့အတွက် အရပ်သားတွေ ထိခိုက်သေဆုံးမှု များလာသလို ကလေးသူငယ်တွေပါ ထိခိုက်ဒဏ်ရာ ရနေတဲ့အတွက် နိုင်ငံသားတို့ ဘေးကင်းလုံခြုံမှု အစိုးရတာဝန်ရှိသူတွေဘက်က အရေးတကြီး စီမံဆောင်ရွက်ပေးဖို့ကိုလည်း ရခိုင်လွှတ်တော်အမတ်တွေက တောင်းဆိုပါတယ်။ အပြည့်အစုံကို မဆုမွန် ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

တနှစ်ကျော်ကြာလာပြီဖြစ်တဲ့ ရခိုင်တိုင်းရင်းသားလက်နက်ကိုင်တပ် AA နဲ့ အစိုးရစစ်တပ်တို့ကြား ရခိုင်ပြည်နယ် မြောက်ပိုင်းနဲ့ ချင်းပြည်နယ်တွင်းက နေရာတချို့မှာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေပြီး တိုက်ပွဲတွေကနေ အသက်ဘေးကလွတ်အောင် စစ်ရှောင်ပြေးနေရတဲ့ စစ်ပြေးဒုက္ခသည် ပြည်သူပေါင်း တသိန်းနှစ်သောင်းရှစ်ထောင်ကျော်အထိ ဖြစ်သွားပြီလို့ ဒုက္ခသည်တွေကို လိုက်လံကူညီပေးနေတဲ့ လူမှုအဖွဲ့အစည်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး (REC) က ဖေဖော်ဝါရီလ ၂၉ ရက်နေ့က နောက်ဆုံး စာရင်းထုတ်ပြန်ပါတယ်။

အခုလက်ရှိ စစ်ဘေးရှောင်စခန်း ၉၉ ခုမှာ ခိုလှုံနေရတဲ့ စစ်ရှောင်ဒုက္ခသည် တသိန်းနှစ်သောင်းကျော်အတွက် အဓိက စားနပ်ရိက္ခာနဲ့ သောက်သုံးရေ အခက်အခဲ ဖြစ်နေကြတယ်လို့ ဒုက္ခသည်စာရင်းတွေကို လိုက်လံပြုစုပြီး ဒုက္ခသည်တွေကို ကူညီကယ်ဆယ်ပေးနေတဲ့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး (REC) က အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

“ဒုက္ခသည်အားလုံးရဲ့ အရေအတွက်က အကုန်လုံး တသိန်းနှစ်သောင်းရှစ်ထောင် ကျော်သွားပါပြီ။ အကုန်လုံး ဘူးသီးတောင်စခန်း ၉၉ ခုအထိ ရှိလာတာပေါ့။ ကျနော်တို့ မနေ့ကထုတ်ပြန်ချက်မှာ ပါတဲ့တခုကတော့ တိုက်ပွဲတွေက ရခိုင်ပြည်နယ် တောင်ပိုင်းအထိကို ကျယ်ပြန့်လာနေတယ်။ ဒါကြောင့်မို့ တောင်ဘက်ပိုင်းအထိကို အကျိုးသက်ရောက်မှုတွေ အများကြီး ရှိလာနေပါတယ်။ အထူးသဖြင့် အမ်းမြို့နယ် တလချောင်းနဲ့ ကဆူးကိုင်းဆိုတဲ့ အုပ်စုတွေမှာပေါ့။ တလချောင်းမှာဆိုရင် ကျေးရွာပေါင်း ၄၀ လောက်ရှိတယ်။ အဲဒီကျေးရွာ ၄၀ လောက်မှာ တော်တော်များများ ရွာတွေက တချို့ရှင်းလင်းမှုတွေမှာ ဒဏ်ရာရပြီးတော့ တော်တော်များများ ဒုက္ခရောက်နေကြတာ ရှိပါတယ်။ နောက် ကဆူးကိုင်းဆိုလည်း အဲဒီအတိုင်း ရှိနေပါတယ်။ နှစ်ဖက် စစ်ရေးလှုပ်ရှားမှုတွေ ရှိတဲ့အခါကြတော့ ဒေသခံတွေအပေါ်မှာ စစ်ရေးအကျိုးသက်ရောက်မှုတွေက အများကြီး နစ်နာမှုတွေ ရှိနေပါတယ်။”

အခုဆိုရင် ရခိုင်ပြည်နယ်တွင်း မင်းပြား၊ မြောက်ဦး၊ ရသေ့တောင်၊ ဘူးသီးတောင်နဲ့ စစ်တွေမြို့နယ်တွေက စစ်ဘေးဒုက္ခသည် အရေအတွက် ပိုမိုများပြားလာနေပြီး ဒုက္ခသည်တွေအတွက် ဘေးအန္တရာယ်လုံခြုံရေးက စိုးရိမ်စရာ ရှိနေတယ်လို့လည်း ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောပါတယ်။

“လက်နက်ကိုင်တိုက်ပွဲတွေကတော့ ပိုပြီး ပြင်းထန်လာတယ်လို့ ကြားသိနေရပါတယ်။ အဲဒီအတွက်ကြောင့် အခုဆိုရင် လူဦးရေပေါင်း တသိန်းကျော်၊ ထွက်ပြေးနေတဲ့ စစ်ဘေးရှောင်က တသိန်းကျော် ရှိနေတာ ဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့် အခု လုံခြုံရေးပိုင်း အနေနဲ့ရော စားဝတ်နေရေး အနေနဲ့ရော အရမ်း အခက်အခဲ ရှိနေတယ်လို့ သိရပါတယ်။ အဲဒါကြောင့် အခု တိုက်ပွဲရှောင်တွေ စစ်ဘေးရှောင်တွေ အများကြီး ရောက်လာတယ် ဆိုရင်တော့ ဒါကို အစိုးရအနေနဲ့ တာဝန်ယူသင့်တယ်လို့ မြင်ပါတယ်။ အခုလောလောဆယ် တိုက်ပွဲတွေကြားထဲမှာ မြေစာပင်ဖြစ်နေတဲ့ ပြည်သူတွေအတွက် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး အဘက်ဘက်က ချို့ယွင်းနေတာကို အစိုးရအနေနဲ့ လုပ်ပေးသင့်တယ်၊ ထိထိရောက်ရောက် ကူညီပေးသင့်တယ်လို့ ကျမအနေနဲ့ မြင်ပါတယ်။”

အခုရက်ပိုင်းဖြစ်တဲ့ တိုက်ပွဲတွေအတွင်းမှာ အရပ်သား ထိခိုက်သေဆုံးမှု ဖြစ်သလို ကလေးသူငယ် ကိုယ်ဝန်ဆောင်မိခင်နဲ့ အရပ်သားတွေ ထိခိုက်သေဆုံးမှုတွေ ဖြစ်ပွားနေတဲ့အပေါ် ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်အစိုးရဘက်က အရေးတကြီး စီမံဆောင်ရွက်ပေးဖို့ကိုလည်း ရခိုင်ပြည်နယ် မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းကလည်း အကြံပြုပါတယ်။

“အခုဖြစ်နေတဲ့ အခြေအနေက လူထုတွေက ကြောက်ပြီးတော့ စစ်နဲ့ဝေးရာကို အိုးပစ်အိမ်ပစ် လုပ်ငန်းခွင်တွေပစ်ပြီးတော့ ဒုက္ခသည်အဖြစ် ရောက်ရှိသွားကြတယ်၊ အဲဒါက ပြဿနာတခု။ ဒီလို တဖက်နဲ့တဖက် ဆိုးရွားမလာခင် ပြီးတော့ စစ်ပွဲတွေ နောက်ထပ် ကျယ်ပြန့်မလာအောင် ပြည်သူတွေ ဒုက္ခမရောက်အောင် သက်ဆိုင်ရာ အစိုးရနဲ့ မြန်မာ့တပ်မတော် အကုန်လုံး ဆွေးနွေးပြီးတော့ အမြန်ဆုံး ဖြေရှင်းနိုင်မှသာ ပြတ်ပြတ်သားသား အဖြေရမယ်လို့ ထင်ပါတယ်။”

လတ်တလောမှာတော့ လက်ရှိစခန်းတွေမှာ ခိုလှုံနေသူ ဒုက္ခသည်တွေအတွက်တောင် စားနပ်ရိက္ခာလုံလောက်မှု နေထိုင်ဖို့ နေရာထိုင်ခင်း အခက်အခဲတွေ ဖြစ်နေတဲ့အတွက် နောက်ထပ် ရောက်လာကြတဲ့ ဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာ အခက်အခဲ ဖြစ်နေသလို ကျန်းမာရေးပြဿနာတွေနဲ့အတူ ရာသီဥတုဒဏ်ကို ခံနေကြရတယ်လို့ ကိုဇော်ဇော်ထွန်းက ပြောပါတယ်။

“လက်ရှိ စစ်ဘေးဒုက္ခသည်စခန်းတွေမှာတောင် အဆင်မပြေတဲ့ အခြေအနေမျိုးမှာ အခုက နောက်ထပ်တိုက်ပွဲတွေ ကျယ်ကျယ်ပြန့်ပြန့် များများစားစား ဖြစ်လာတဲ့ အခါကြတော့ စစ်ဘေးဒုက္ခသည် အရေအတွက်ကလည်း အရမ်းကို တိုးလာနေပြီး ဒုက္ခသည်စခန်းတွေမှာလည်း အဆင်မပြေတဲ့ အတွက်ကြောင့်မို့လို့ နီးစပ်ရာမှာပဲ ခိုလှုံနေကြရပါတယ်။ ဆိုတော့ အဲဒီလို နီးစပ်ရာ ခိုလှုံနေကြတဲ့အခါ သူတို့ကကျတော့ အစိုးရနဲ့ နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှု မရတဲ့အခါကြတော့ အကူအညီ အထောက်အပံ့တွေ မရရှိကြပါဘူး။ အဲတော့ သူတို့မှာ အခက်အခဲတွေ အများကြီး ကြုံနေရတာ ဖြစ်ပါတယ်။”

ဒါကြောင့် ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားတဲ့ NLD အစိုးရအနေနဲ့ ပြည်သူကို ကာကွယ်စောင့်ရှောက်ပေးဖို့နဲ့ စစ်ဘေးဒဏ်သင့်ပြီး ထိခိုက်နစ်နာခဲ့ရသူတွေအတွက် တရားမျှတမှုရဖို့နဲ့ ပြည်နယ်ငြိမ်းချမ်းဖို့ နိုင်ငံရေးစကားဝိုင်းတွေနဲ့ အမြန်ဆုံး ပြေလည်အောင် ဖြေရှင်းအဖြေရှာဖို့ ရခိုင်လွှတ်တော်အမတ်တွေနဲ့ ရခိုင်လူမှုအဖွဲ့အစည်းတွေက တိုက်တွန်းနှိုးဆော်နေပါတယ်။

-----------------------------------

(Unicode)













တိုက်ရိုက် လင့်ခ်


XS
SM
MD
LG