သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ်မှာ တက္ကသိုလ်ဝင်စာမေးပွဲ လုံခြုံရေး ဒေသခံတွေစိုးရိမ်


ယခင်မှတ်တမ်းရုပ်ပုံ | ရခိုင်ပြည်နယ် စစ်တွေမြို့တော်မှာ အခြေခံပညာကျောင်းသားတွေ ကျောင်းလာတက်နေတဲ့မြင်ကွင်းတခု (ဇွန် ၁၊ ၂၀၂၁)
ယခင်မှတ်တမ်းရုပ်ပုံ | ရခိုင်ပြည်နယ် စစ်တွေမြို့တော်မှာ အခြေခံပညာကျောင်းသားတွေ ကျောင်းလာတက်နေတဲ့မြင်ကွင်းတခု (ဇွန် ၁၊ ၂၀၂၁)

မြန်မာနိုင်ငံမှာ ဒီနှစ် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွေ ကျင်းပဖို့ အာဏာပိုင်တွေ စီစဉ်နေကြပေမဲ့ ရခိုင်ပြည်နယ်မှာတော့ လုံခြုံရေးအခြေအနေကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။ မကြာသေးခင် လတွေကစ တိုက်ပွဲတွေ ပြင်းထန်လာနေတာကြောင့် ရခိုင်ပြည်နယ်မှာ စာမေးပွဲကျင်းပနိုင်မယ့် အခြေအနေအပေါ် မေးခွန်းထုတ်နေကြတာပါ။ ဒီအကြောင်း ရန်ကုန်က သတင်းပေးပို့ထားတာကို မမြသဇင်အောင် ပြောပြမှာပါ။

၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ပြည်နယ်နဲ့တိုင်းအလိုက် ကျင်းပဖို့ စစ်ကောင်စီရဲ့ ပညာရေးဝန်ကြီးဌာနက ဆောင်ရွက်နေတာပါ။ အဲဒီထဲမှာ ရခိုင်ပြည်နယ်လည်း ပါဝင်ပါတယ်။ ရခိုင်ပြည်နယ်မှာ လတ်တလော တိုက်ပွဲတွေပြင်းထန်နေပြီး ပြည်နယ်တခုလုံး အတိုင်းအတာနဲ့ စာမေးပွဲ ကျင်းပနိုင်ဖို့ကတော့ မလွယ်ကူနိုင်ဘူးလို့ စစ်တွေမြို့မှာ နေထိုင်သူတဦးက ပြောပါတယ်။

"စစ်တွေမြို့ပေါ်မှာနေတဲ့ လူတွေလောက်ပေါ့၊ နောက်တခါ တောင်ဘက်ပိုင်းမှာရှိနေတဲ့ တချို့မြို့တွေက လူငယ်တွေလောက်သာ ပညာရေးကို ဝင်ဖြေကြမှာလို့ ထင်တာပေါ့။ အထူးသဖြင့် ဒီစစ်တွေမှာတောင်မှ လူတိုင်းဝင်ပြီးတော့ မဖြေနိုင်ကြဘူး။ နောက်ပြီးတော့ မြို့တွေပျက်နေတာ၊ တိုင်းပြည်က ဖရိုဖရဲဖြစ်နေတာ၊ ဒီအခြေအနေမျိုးမှာ သူတို့ဘဝအတွက်က ဒီပညာရေးဟာ သိပ်ပြီးတော့ အရေးကြီးမနေဘူးလို့ မြင်တာပေါ့။ ကျနော့်အမျိုးတွေထဲမှာ ဆိုရင်လည်း ဒီလိုအခြေအနေမျိုးမှာ ဘာလို့ဖြေနေတော့မှာလဲ၊ ဒါကြီးက အောင်တာ မအောင်တာ အရေးမကြီးဘူး၊ တနှစ်ကျသွားတယ် ဆိုတာလည်း အရေးမကြီးဘူးပေါ့။ သူတို့ရဲ့ စိတ်အခံကိုယ်၌က ဒီပညာရေးအပေါ်မှာ ရှိမနေကြတော့ဘူး။ အဲလိုမျိုး လူငယ်တွေ အများကြီး တွေ့နေရတယ်။"

တက္ကသိုလ်ဝင်စာမေးပွဲကို လာမယ့် မတ်လ ၁၁ ရက်နေ့မှာ စတင်ကျင်းပသွားမယ်လို့ စာစစ်ဦးစီးဌာနက အချိန်စာရင်း ထုတ်ပြန်ထားပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ အလယ်ဝန်းကျင်မှာ ရခိုင်ပြည်နယ်ထဲ တိုက်ပွဲတွေ ပြန်လည်စတင်ခဲ့ပြီး စစ်ဘေးရှောင်နေ ရသူတွေလည်း တိုးလာနေပါတယ်။ ဒီလိုအခြေအနေတွေကြောင့် မြို့နယ်တချို့မှာတော့ ကျင်းပနိုင်မှာမဟုတ်ဘူးလို့ ပုဏ္ဏားကျွန်းဒေသခံ တဦးက ပြောပါတယ်။

"ကျင်းပနိုင်တဲ့ တချို့မြို့တွေတော့ ရှိတာပေါ့။ ပျက်နေတဲ့ မြို့တချို့ဆိုရင်တော့ ဘယ်သူမှ ကျင်းပနိုင်တော့မှာ မဟုတ်ဘူးပေါ့။ ဥပမာ ရသေ့တောင်မြို့နယ်ဆို ကျင်းပနိုင်ခြေ တော်တော်နည်းတယ်ပေါ့လေ။ နောက်ပြီးတော့ ဒီ ပုဏ္ဏားကျွန်းလည်း ကျင်းပနိုင်ခြေ မရှိဘူး။ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ ပေါက်တော၊ ရမ်းဗြဲ။ အဲဒီလို ကျင်းပနိုင်ခြေမရှိတဲ့ မြို့တွေကလည်း အများကြီးရှိတာပေါ့။"

ရခိုင်ပြည်နယ်မြောက်ပိုင်းက မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ တောင်ပြိုလက်ဝဲနဲ့ ပေါက်တောမြို့ကို AA သိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီး၊ တချို့နေရာတွေမှာလည်း တိုက်ပွဲအခြေအနေကြောင့် နယ်မြေမတည်ငြိမ်ဘူးလို့ ဒေသခံတွေက ပြောပါတယ်။ အင်တာနက်နဲ့ ဖုန်းလိုင်း ပုံမှန်မရတာကြောင့်လည်း ရခိုင်ပြည်နယ်တွင်းမှာ ဆက်သွယ်ရေးအခက်အခဲ ရှိနေပါတယ်။

XS
SM
MD
LG