သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီနဲ့ AA ၂ ဘက်တင်းမာမှုကြား ဒေသခံတွေ ဒုက္ခရောက်


ယခင်မှတ်တမ်းရုပ်ပုံ | ရခိုင်ပြည်နယ် စစ်တွေမြို့နယ်အတွင်းက စစ်ဆေးရေးဂိတ်တခုမှာ လုံခြုံရေးအဖွဲ့ဝင်များ စစ်ဆေးနေစဉ် (ဧပြီ ၂၇၊ ၂၀၁၆)
ယခင်မှတ်တမ်းရုပ်ပုံ | ရခိုင်ပြည်နယ် စစ်တွေမြို့နယ်အတွင်းက စစ်ဆေးရေးဂိတ်တခုမှာ လုံခြုံရေးအဖွဲ့ဝင်များ စစ်ဆေးနေစဉ် (ဧပြီ ၂၇၊ ၂၀၁၆)

ရခိုင်လက်နက်ကိုင် AA အဖွဲ့နဲ့ စစ်ကောင်စီကြား နားလည်မှုနဲ့ အပစ်ရပ်ထားတဲ့ ရခိုင်မှာ နှစ်ဖက်ပြန်လည် တင်းမာလာနေပြီး စစ်ကောင်စီဘက်က ဒေသခံပြည်သူတွေရဲ့ ခရီးသွားလာမှုတွေကို တင်းတင်းကြပ်ကြပ် စစ်ဆေးနေပါတယ်။ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွေမှာ အချိန်ကြာမြင့်စွာ စစ်ဆေးမှုတွေကြောင့် ကုန်စည်စီးဆင်းမှု နှောင့်နှေးကြန့်ကြာတာ၊ အရေးပေါ်လူနာတွေ ဆေးရုံအချိန်မီ မရောက်နိုင်ပဲ သေဆုံးတာတွေရှိနေတာပါ။ သတင်းအပြည့်အစုံ ရန်ကုန်ကပေးပို့ထားတာကို ကိုခင်မောင်စိုးမင်းက တင်ပြပေးပါမယ်။

ဒီရက်ပိုင်းအတွင်းမှာပဲ စစ်တွေမြို့နယ် ကြွီတဲပိုက်ဆပ်ကြီးကျေးရွာက အရေးပေါ် ကိုယ်ဝန် ဆောင်အမျိုးသမီးတဦး စစ်တွေဆေးရုံကို အသွား စစ်တွေမြို့အဝင်က ကျောက်တန်းကြီး စစ်ကောင်စီ စစ်ဆေးရေးဂိတ်မှာ တနာရီနီးပါး စစ်ဆေးခံနေရပြီး ဆေးရုံအချိန်မီမ ရောက်တာကြောင့် သေဆုံးခဲ့တယ်လို့ ကြွီတဲကျေးရွာ ဒေသခံတဦးကပြောပါတယ်။

“သိသလောက်ပြောရရင်တော့ သူတို့က ၁ဝနာရီနီးပါးလောက်မှာ စစ်တွေကို သွားတာ သုံးဘီးဆိုင်ကယ်နဲ့ အိမ်ကထွက်တဲ့ အချိန် လူနာတင်ကားကို ဖုန်းဆက်တယ် သူတို့ကကြာမယ်ဆိုတော့ လမ်းမှာတွေ့ရင် စီးမလို့ ထွက်သွားတာ၊ ကျောက်တန်းဂိတ်မှာ မိနစ် ၄ဝလောက်ကြာတယ်တဲ့ သတို့မှာ ပါသွားတာက လူနာကို ဖက်ထားတာက နှစ်ယောက် အဖော်သုံးယောက် အဲတာကို တယောက်ချင်းစီ စစ်တာ၊ စစ်ပြီးတာနဲ့ မလွတ်သေးဘူး ဗိုလ်ကြီး အိပ်နေလို့ နှိုးမရတာနဲ့ ကြာနေခဲ့တယ်လို့ပြောတယ်သူတို့က။”

ဒါ့အပြင် စစ်ကောင်စီနဲ့ AA အဖွဲ့ ၂ ဘက် စလုံးက အင်းအားဖြည့်တင်းထားတဲ့ ရခိုင်-ဘင်္ဂလားဒေရှ့် နယ်စပ် မြို့ဖြစ်တဲ့ မောင်တောမြို့နယ်မှာ ဆိုရင်လည်း ဒေသခံတွေ ခရီးသွားမယ်ဆိုရင် ခွင့်ပြုချက်တွေ အဆင့်ဆင့် ယူရတာကြောင့် အရေးပေါ် ခရီးသွားမယ့် သူတွေနဲ့ ဒေသခံကုန်သည်တွေ အခက်ကြုံနေရတယ်လို့ မောင်တော ဒေသခံတဦးကပြောပါတယ်။

“မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနကနေ တစောင်၊ ဘယ်ကနေ ဘယ်ကိုသွားမယ် ဆိုတဲ့ ရပ်ကျေး ခရီးသွားခွင့် ထောက်ခံချက်ကို ထပ်ဆင့် ထောက်ခံပေး တယ်ပေါ့၊ ပြီးတော့ ခရိုင်စီမံကနေ တဆင့် တစောင်ထပ်ယူ ပြီးတော့မှ လဝက အဲလိုမျိုး သုံးလေး နေရာ ယူရတယ် နောက် ရဲထောက်ခံချက်နော် အဲတာစုံမှ သွားလို့ရတာ။”

လုံခြုံရေးအရ စစ်းဆေးတာကို လက်ခံနိုင်ပေမယ့် ရပ်ကွက်ထောက်ခံစာ လောက်နဲ့ ခရီးသွား လာခွင့်တွေ၊ အရေးပေါ်လူနာတွေ အချိန်မှီဆေးရုံကို သွားနိုင်အောင် သက်ဆိုင်ရာ အာဏာပိုင် တွေအနေနဲ့ ဆောင်ရွက်ပေးစေချင်တယ်လို့လည်း မောင်တော ဒေသခံတဦး ကပြောပါတယ်။

“ကျနော်တို့ အနေနဲ့ ဒီကိစ္စကို ဖြစ်စေချင်တာက အစိုးရအနေနဲ့ ကျန်းမာရေး ကိစ္စနဲ့ ပတ်သက် လာရင် အနိမ့်ဆုံး ရပ်ကျေး ထောက်ခံချက်နဲ့ ပူးတွဲပြီးတော့ သွားခွင့်ပြုနိင်ရင်တော့ ပိုပြီးတော့ ကောင်းမယ်၊ ပြည်သူအတွက် သက်တောင့် သက်သာဖြစ်မယ်၊ ပြည်သူကလည်း အေးချမ်းသာယာစွာ အချိန်တိုအတွင်း မြန်မြန်ဆန်ဆန်ကျန်းမာရေးဌာနကို ရောက်ပြီး ကိုယ့်ရဲ့ ကျန်းမာရေး ကိစ္စကို ဖြေရှင်းနိုင်မယ်၊ အဲဒါကို တောင်းဆိုချင်ပါတယ်။”

အခုလို စစ်ဆေးမှုတွေဟာ ရခိုင်မြောက်ပိုင်း တခုတည်းတင်မဟုတ်ပဲ ရခိုင်ပြည်တခုလုံးမှာ စစ်ဆေးရေးတွေ တင်းကြပ်ထားတာပါ။ အထူးသဖြင့် ရခိုင်တောင်းပိုင်က ကျောက်ဖြူ သံတွဲ တောင်ကုတ် မာန်အောင် ရမ်းဗြဲ စတဲ့ မြို့နယ်တွေမှာလည်း နေအိမ်တွေအထိ ဝင်ရောက်စစ်ဆေးတာတွေရှိနေတယ်လို့လည်း လွတ်တော်ကိုယ်စားလှယ်ဟောင်းတဦးဖြစ်တဲ့ ဦးဖေသန်းက ပြောပါတယ်။

“သူတို့ကနေ လုံခြုံရေးအရ ဌာနဆိုင်ရာတွေနဲ့ ပူးပေါင်းပြီးတော့ လုပ်တဲ့ ကိစ္စတွေတော့ ရှိတယ်ပေါ့ အထူးသဖြင့် နပခ အခြေစိုက်တဲ့ အမ်းမြို့ ကျောက်ဖြူ သံတွဲ ရမ်းဗြဲ တောင်ကုတ် အဲဒီမြို့တွေမှာ ပိုပြီးတော့ ခပ်စိပ်စိပ်လှုပ်ရှားတယ်၊ ပြီးတော့ ULA အမာခံတွေ တရားရေး ဝန်ထမ်းတွေနောက် အုပ်ချုပ်ရေး ဝန်ထမ်းတွေ အဲဒါမျိုးအိမ်တွေကို ဝင်ရှာတာတွေ စစ်ဆေးတာတွေရှိတယ်၊ ပြည်သူတွေကိုလည်း ခပ်ကြမ်းကြမ်းစစ်ဆေးတာပေါ့နော်၊ မှတ်ပုံတင်မကပဲ ဖုန်းတွေဘာတွေအထိ စစ်ဆေးတာတွေရှိတယ်။”

မိုခါအလွန်မှာ ရခိုင်ပြည်နယ်မှာရှိတဲ့ ဒေသခံတွေ စားဝတ်နေရေးအခက်ကြုံနေရတဲ့ အချိန် စစ်ကောင်စီအနေနဲ့ အခုလို စစ်ဆေးတင်းကြပ်တာတွေ ဒေသခံတွေရဲ့ လွတ်လပ်စွာခရီး သွားလာခွင့်တွေ ကန့်သတ်တာ ကုန်ပစ္စည်းသယ်ယူရေးတွေမှာ ကန့်ချက်တွေ ပိုမိုလုပ် ဆောင်လာနေတာကြောင့် တိုက်ပွဲတွေ ဖြစ်လာနိုင်တယ်လို့လည်း ရခိုင်လက်နက်ကိုင် AA အဖွဲ့ပြောခွင့်ရက ဗွီအိုအေကို ပြောဆိုထားတာရှိပါတယ်။

ဒေသခံတွေအနေနဲ့ မုန်တိုင်းကြောင့် ပျက်စီးသွားတဲ့ နေအိမ်တွေတောင် ပြန်မဆောက်နိုင်သေးတဲ့ အခြေအနေမျိုးမှာ စစ်ကောင်စီနဲ့ AA အဖွဲ့ နှစ်ဖက်တင်းမာမှုတွေကနေ တိုက်ပွဲတွေ ဖြစ်လာမှာကို စိုးရိမ်နေကြတာလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG