သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြင်ဦးလွင်က စစ်တပ်အရာရှိနဲ့ ဝန်ထမ်းတွေ မြို့ကထွက်ခွာနေကြောင်း ဒေသခံတွေပြော


ယခင်မှတ်တမ်းရုပ်ပုံ | မန္တလေးတိုင်း ပြင်ဦးလွင်မြို့က Purcell Tower နာရီစင် (မတ် ၁၁၊ ၂၀၂၃)
ယခင်မှတ်တမ်းရုပ်ပုံ | မန္တလေးတိုင်း ပြင်ဦးလွင်မြို့က Purcell Tower နာရီစင် (မတ် ၁၁၊ ၂၀၂၃)

ပြင်ဦးလွင်မြို့မှာ စစ်တပ်အသိုင်းအဝိုင်း၊ ဝန်ထမ်းနဲ့ ဒေသခံတွေ မြို့ကို စွန့်ခွါတိမ်းရှောင်နေကြပါတယ်။ ပြောင်းရွှေ့တဲ့ သူများတဲ့အတွက် ပြင်ဦးလွင်အဆင်းမှာ ယာဉ်တန်းပိတ်ဆို့တာတွေပါ ရှိနေပါတယ်။ ပြင်ဦးလွင်မြို့ရဲ့ နောက်ဆုံးအခြေအနေ ရန်ကုန်ကပေးပို့တဲ့သတင်းကို အခြေခံပြီး တင်ပြထားပါတယ်။

နောင်ချိုမြို့ကို မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက်မှာ တပ်မြို့လို့ လူသိများပြီး နောင်ချိုမြို့နဲ့ ကပ်လျက်မှာရှိတဲ့ ပြင်ဦးလွင်မြို့က စစ်တပ်အသိုင်းအဝိုင်းနဲ့ မြို့ခံတွေဟာ မြို့ကို စွန့်ခွါပြီး တိမ်းရှောင်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မြို့မှာကျန်ရှိနေသူတွေကတော့ စားသောက်စရာတွေ စုဆောင်းထားကြပြီး တိမ်းရှောင်တဲ့သူတွေထဲမှာ ဒေသခံအချို့ပါပေမယ့် အများစုဟာ စစ်တပ် အသိုင်းအဝိုင်းက ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြင်ဦးလွင်မြို့ရဲ့ လက်ရှိ အခြေအနေနဲ့ ပတ်သက်လို့ ဒေသခံတဦးက ဗွီအိုအေကို အခုလို ပြောပါတယ်။

"ပြည်သူလူထုကတော့ စားဖို့သောက်ဖို့ ဆန်ဆီဆားတွေကတော့ အရန်သင့် စုဆောင်းထားကြတယ်။ တချို့တွေက မန္တလေးဘက်၊ ရန်ကုန်ဘက်ကို ဆင်းကုန်ကြပြီ။ ဆင်းတဲ့ထဲမှာ ပြည်သူလူထုတော့ သိပ်မပါဘူး၊ အနည်းနဲ့အများ အများသောအားဖြင့် ဝန်ထမ်းတွေ ပါတယ်ခင်ဗျ။ တပ်ထဲကဆိုရင် တကယ့်အကြီးပိုင်းတွေက အကုန်လုံး ဆင်းကုန်ပြီခင်ဗျ၊ မိသားစုတွေ။ မရှိတာက ဝန်ထမ်းတွေမရှိဘူး။ တပ်ဘက်က အကြီးအကဲပိုင်း မိသားစုဝင်တွေ မရှိတော့ဘူး။ အောက်ခြေဝန်ထမ်း အရာရှိအကြပ် စစ်သည်ကတော့ မရွှေ့ကြဘူးခင်ဗျ။ များသောအားဖြင့် ဗိုလ်ကြီး မိသားစုတို့၊ ဗိုလ်မှူးမိသားစုတို့ ဒါကတော့ သူတို့ဘာသာ သူတို့ ရွှေ့တယ်ထင်တယ်။"

မြို့ထဲပုံမှန်သွားလာသူတွေရှိပေမယ့် သွားလာသူနည်းပါးပြီး စာသင်ကျောင်းတွေမှာလည်း ကျောင်းသားတွေကို မိဘတွေက နေ့တပိုင်း လာရောက်ခေါ်ဆောင်တာတွေ ရှိတယ်လို့ ပြင်ဦးလွင်မြို့ခံ နောက်တဦးကလည်း အခုလို ပြောပါတယ်။

"ပြောင်းတဲ့ရွှေ့တဲ့သူတွေက မနေ့ကတည်းက စပြောင်းတယ်။ အခု ၉ နာရီတက်လာတော့ လမ်းမှာ ကားတန်းကြီးကို ဖြစ်နေတာပေါ့။ ဟိုဘက်လမ်း မန္တလေး ဆင်းတဲ့လမ်း။ အဓိကကတော့ ဝန်ထမ်းတွေရှောင်တာ များတာပေါ့။ မြို့ခံကတော့ သူဟာသူ ဈေးထဲမှာလည်း နည်းနည်းပါးပါး သွားတာပေါ့။ ကိုဗစ်အချိန်တုန်းကလို သူ့ဟာနဲ့သူ သွားလာလှုပ်ရှားနေတယ်။ ဈေးဆိုင်တွေတော့ ဖွင့်ထားတယ်။ လုံခြုံရေးက မြို့ထဲမှာ တင်းကျပ်ထားတာမရှိဘူး။ ဒါပေမယ့် ဇီးပင်ကြီးမှာတော့ အထွက်အဝင် တအားစစ်တယ်။ နောက်ပြီး ၁၆ မိုင်လားစစ်တယ်။ နေရာအနှံ့မှာတော့ စက်တွေအကုန်ဖြန့်ထားတာပေါ့။ ကျောင်းကို နေ့တပိုင်း ပိတ်ပေးလိုက်တယ်။ ဒီနေ့ နေ့တပိုင်း ပိတ်ပေးလိုက်တယ်။ ကျောင်းသူ၊ ကျောင်းသားတွေ၊ ဆရာ၊ ဆရာမတွေ ပိတ်တယ်ဆိုတာက ကျောင်းသူ၊ ကျောင်းသားတွေကို မိဘအသီးအသီးက ပြန်လာခေါ်ကြတာလေ။"

ယခင်မှတ်တမ်းရုပ်ပုံ | မန္တလေးတိုင်း ပြင်ဦးလွင်မြို့ထဲက ဈေးတခု (မတ် ၁၁၊ ၂၀၂၃)
ယခင်မှတ်တမ်းရုပ်ပုံ | မန္တလေးတိုင်း ပြင်ဦးလွင်မြို့ထဲက ဈေးတခု (မတ် ၁၁၊ ၂၀၂၃)

ဒီကနေ့ သြဂုတ် ၈ ရက်မှာတော့ မြို့ကနေ ပြောင်းရွှေ့သူတွေများတဲ့အတွက် ပြင်ဦးလွင်ကနေ မန္တလေး အဆင်း ၁၆ မိုင်ဂိတ်မှာ ကားတွေများတဲ့အတွက် ယာဉ်ကြောပိတ်ဆို့တာတွေဖြစ်ပြီး အချိန်ကြာမြင့်စွာ စောင့်ဆိုင်းခဲ့ရတာတွေလည်း ရှိပါတယ်။ ဒီကနေ့ မနက်ပိုင်း ပြင်ဦးလွင်ကနေ ရန်ကုန်ကို ပြောင်းရွှေ့လာတဲ့ ဒေသခံတဦးကတော့ သူ့အတွေ့အကြုံကို အခုလို ပြောပြပါတယ်။

"ပြင်ဦးလွင်အဆင်းလမ်းက (ကားပိတ်တာ) ဟိုလို စစ်ဖြစ်တာတွေ ဘာတွေတော့ မဟုတ်ဘူး၊ ရှောင်တာ။ ကားလေးတွေ ရန်ကုန်သွားတာတို့၊ မန္တလေးသွားတာတို့ အရမ်းများတာ။ အမတို့လည်း ရှောင်လာတာပဲ ဘာမှတော့မဖြစ်ဘူး။ ပြင်ဦးလွင်က ဘာဘာညာညာ ကြားတာပဲရှိတာပါ။ ဘာမှတော့ မဖြစ်သေးဘူး။ ကိုယ့်မှာက ကလေးတွေရှိတော့ ခဏလေး ရှောင်တဲ့သဘောပဲ။"

ဒါ့အပြင် ပြင်ဦးလွင်မြို့နဲ့နောင်ချိုကြားမှာရှိတဲ့ ဝက်ဝံကျေးရွာကနေ နောင်ချိုဘက်အထွက်ကို စစ်တပ်က ဖြတ်သန်းသွားလာခွင့်တွေကိုပိတ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြင်ဦးလွင်မြို့ဟာ မန္တလေးတိုင်းမှာရှိပြီး စစ်တက္ကသိုလ် နဲ့ တပ်မတော်နည်းပညာတက္ကသိုလ်ရှိတဲ့အတွက် တပ်မြို့လို့လူသိများပြီး တိုက်ပွဲပြင်းထန်နေတဲ့ ရှမ်းမြောက်နဲ့ မန္တလေးတိုင်းအစပ်မှာရှိတဲ့ မြို့လည်းဖြစ်ပါတယ်။ လွန်ခဲ့တဲ့ လအနည်းငယ်တုန်းကတော့ ပြင်ဦးလွင်မြို့နဲ့ မလှမ်းမကမ်း နေရာတချို့မှာ တိုက်ပွဲဖြစ်ပွားတာတွေ၊ စစ်ကောင်စီရဲ့ ကင်းစခန်းတချို့ တိုက်ခိုက်ခံရတာတွေ ရှိခဲ့ဖူးပါတယ်။ အခုလို ပြင်ဦးလွင်တပ်မြို့က စစ်ဘက်အရာရှိကြီးတွေနဲ့ ဝန်ထမ်းတွေ မြို့ကို စွန့်ခွာ ထွက်ပြေးနေကြတယ်ဆိုတဲ့ကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစုံတရာ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

Forum

ဆက်စပ်သတင်းများ ...

XS
SM
MD
LG