သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆန်ပြဿနာနေ့ အခမ်းအနား တက်ရောက်မိန့်ခွန်းပြောသူ အဖမ်းခံရ


၁၉၆၇ ခု၊ သြဂုတ်လ ၁၃ ရက်မှာကျရောက်ခဲ့တဲ့ စစ်တွေမြို့ ဆန်ပြဿနာနေ့အထိမ်းအမှတ်အခမ်းအနားမှ ရခိုင်အမျိုးသမီးများကွန်ရက် ဥက္ကဋ္ဌ ဒေါ်ညိုအေး (ဓာတ်ပုံ-ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ)
၁၉၆၇ ခု၊ သြဂုတ်လ ၁၃ ရက်မှာကျရောက်ခဲ့တဲ့ စစ်တွေမြို့ ဆန်ပြဿနာနေ့အထိမ်းအမှတ်အခမ်းအနားမှ ရခိုင်အမျိုးသမီးများကွန်ရက် ဥက္ကဋ္ဌ ဒေါ်ညိုအေး (ဓာတ်ပုံ-ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ)

ရခိုင်ပြည်နယ်က လူမှုရေးတက်ကြွလှုပ်ရှားသူတဦးလည်းဖြစ်၊ ရခိုင်အမျိုးသမီးကွန်ရက်ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဒေါ်ညိုအေးကို အာဏာပိုင်တွေက သြဂုတ်လ ၁၅ ရက်နေ့က ဖမ်းဆီးလိုက်ပါတယ်။ ရခိုင်ပြည်သူတွေအတွက် အထင်ကရ အောက်မေ့ဘွယ်နေ့ဖြစ်တဲ့ ဆန်ပြဿနာနေ့ကိုတက်ရောက်ခဲ့ပြီးတဲ့နောက် ဖမ်းဆီးခံရတာဖြစ်ပြီး ဒါဟာ လူ့အခွင့်အရေးသမားတွေကို တမင် ဖိနှိပ်ပြတဲ့လုပ်ရပ်လို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ပြောပါတယ်။ သတင်းအပြည့်စုံကို ဦးတင်မောင်သန်းက တင်ပြပေးထားပါတယ်။

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ရခိုင်ကျောင်းသားသမဂ္ဂက ဦးဆောင်ပြုလုပ်တဲ့ ဆန်ပြဿနာနေ့အခမ်းအနားကို တက်ရောက်ဟောပြောခဲ့တဲ့ ရခိုင်အမျိုးသမီးကွန်ရက်ဥက္ကဋ္ဌဒေါ်ညိုအေးကို စစ်တွေအမှတ် (၁) ရဲစခန်းက ဖမ်းဆီးပြီးတော့ နိုင်ငံတော်ဆူပူအောင် လှုံ့ဆော်မှု ပုဒ်မ၅၀၅ (ခ) နဲ့ အမှုဖွင့်ထားတာပါ။ လက်ရှိမှာတော့ ဖမ်းဆီးခံထားရတဲ့ ဒေါ်ညိုအေးကို စစ်တွေအကျဉ်းထောင်ကို ပြောင်းရွှေ့ထားတယ်လို့လည်း ရခိုင်ပြည် ကျောင်းသားသမဂ္ဂပြောခွင့်ရ ကိုခိုင်မင်းသစ်က ပြောပါတယ်။

“၁၃ ရက်နေ့က နေပြီးတော့ ရခိုင်ပြည်နယ် ကျောင်းသားသမဂ္ဂက ဦးဆောင်ပြီး တော့ ဆန်ပြဿနာနေ့ အခမ်းအနားကို ကျင်းပခဲ့တယ်ပေါ့နော်။ အဲမှာ ဆရာမ ဒေါ်ညိုအေးကနေပြီးတော့ တက်ရောက်သူအနေနဲ့ သူတို့ တွေ့ကြုံခဲ့ရတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး ကျနော်တို့ကို ပြောပြခဲ့တယ်။ အဲလောက်ပဲ။ အဲဒီနေ့က အခမ်းအနားမှာ ဆုတောင်းမေတ္တာပို့သတယ်။ ပြီးတော့ အခမ်းအနား ပိတ်လိုက်တယ်။ ဒါပေမဲ့ သူတို့က ၁၅ ရက်နေ့မှာ ဆရာမ ဒေါ်ညိုအေး အိမ်ကို သွားပြီးတော့ အမှတ် ၁ ရဲစခန်းက ရဲသား ၅ ယောက်၊ ၆ ယောက်နဲ့ ဖမ်းသွားတယ်။ ချက်ခြင်း ရုံးတင် ရမန်ယူပြီးတော့ ထောင်ချုပ်ကို ပို့လိုက်တယ်။ ၅၀၅ (ခ) နဲ့ တရားစွဲထားတယ် ဆိုပြီးတော့ ကြားရတယ်။ အဲ့ဒါ လက်ရှိအခြေအနေပါဗျာ။”

ဒေါ်ညိုအေးဟာ ရခိုင်ပြည်နယ်အတွင်း အမျိုးသမီးအခွင့်အရေးနဲ့ လူမှုရေးလုပ်ငန်းတွေမှာ တက်ကြွစွာပါဝင်လုပ်ဆောင်နေသူတဦးဖြစ်သလို ရခိုင်ပြည်နယ်ကကိစ္စတွေနဲ့ပတ်သတ်ပြီး မီဒီယာတွေမှာ မကြာခဏ ဖြေကြားနေသူတဦးလည်းဖြစ်ပါတယ်။

အခုလို အခမ်းအနားတက်ရောက်တာကြောင့် ဒေါ်ညိုအေးကို ဖမ်းဆီးလိုက်တာနဲ့ ပတ်သက်လို့ ရခိုင် လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့ ဒါရိုက်တာ ဦးမြတ်ထွန်းက အခုလို ပြောပါတယ်။

“အခုလုပ်တဲ့ကိစ္စဟာ ဘယ်သူ့ကိုမှလည်း ထိခိုက်မှုမရှိပါဘူး။ အောက်မေ့ဘွယ် အခမ်းအနားဆိုတာကလည်း လူမျိုးတိုင်း လူမျိုးတိုင်းမှာတော့ ရှိတယ်။ ခေါင်းဆောင်တဦး သေသွားတယ်။ အခမ်းအနား တခုခုမှာ ပြဿနာဖြစ်လို့ ။ အစုလိုက် အပြုံလိုက်သေသွားတယ်။ အဲ့ဒါကို အမှတ်တရအနေနဲ့လုပ်တာတော့ လူမျိုးတိုင်းမှာ ရှိပါတယ်။ အဲ့လို လုပ်တာကိုလည်း ပိတ်ပင်တယ်ဆိုတော့ သူတို့က ရခိုင်တမျိုးသားလုံးကို စော်ကားတာပဲလို့ ပြောချင်ပါတယ်။”

ဒေါ်ညိုအေးကို ခုလို ဖမ်းဆီးတာဟာ ရခိုင်ပြည်နယ်တွင်း လူ့အခွင့်အရေး လှုပ်ရှားသူတွေ၊ နိုင်ငံရေးသမားတွေကို တမင် ဖိနှိပ်တာဖြစ်လို့ လက်ခံနိုင်စရာမရှိဘူးလို့ ကိုခိုင်မင်းသစ်ကလည်း ပြောပါတယ်။

“ဒေါ်ညိုအေးဆိုရင် နိုင်ငံရေးအရအတွေ့အကြုံရှိတဲ့သူတယောက်။ ဒီအချိန်မှာ သူ့ကိုဖမ်းသွားတာက ဒီမှာ နိုင်ငံရေးသမားတွေအကုန်လုံးကို ကြောက်အောင် လုပ်တာပေါ့နော်။ ဒါပေမဲ့ ကျနော်တို့ ကြောက်သွားမှာတော့မဟုတ်ဘူး။ အကြောက်တရားလည်း မရှိဘူး။ အဲ့ဒါ ပြောချင်ပါတယ်။”

ဆန်ပြဿနာနေ့ဆိုတာဟာ ၁၉၆၇ ခုနှစ်၊ ဦးနေဝင်းခေတ် ရခိုင်ပြည်နယ်မှာ ဆန်ရှားပါးမှုကြောင့် အငတ်ဘေးကိုဖြေရှင်းပေးဖို့ တောင်းဆိုတဲ့ စစ်တွေဒေသခံတွေကို စစ်တပ်ကပစ်ခတ်ခဲ့တာကြောင့် လူတွေ ရာနဲ့ချီ သေဆုံးခဲ့ကြရတဲ့နေ့ဖြစ်ပါတယ်။ အဲဒီနေ့ကို နောင်လာနောက်သားတွေ မမေ့ဖို့ သေဆုံးသွားသူတွေကို အောက်မေ့တဲ့အနေနဲ့ အခမ်းအနားကို နှစ်စဉ်နှစ်တိုင်း သြဂုတ်လ ၁၃ ရက်နေ့မှာ ကျင်းပလေ့ရှိပါတယ်။ ဒီနှစ်မှာ ကျရောက်တဲ့ ၅၆ ကြိမ်မြောက် ဆန်ပြဿနာနေ့ကိုတော့ ရခိုင်ပြည် ကျောင်းသားသမဂ္ဂက ဦးဆောင်ကျင်းပပြီး ဒေါ်ညိုအေး လည်းတက်ရောက်ခဲ့တာပါ။

စစ်အာဏာသိမ်းမှုနောက်ပိုင်းမှာ မြန်မာနိုင်ငံတဝန်း လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေ ခုလို ဖမ်းဆီးခံရတာ၊ အမှုအမျိုးမျိုးတပ် ထောင်ချခံနေရတာတွေကတော့ ရခိုင်အပါအဝင် မြန်မာနိုင်ငံနေရာအနှံ့မှာ ရှိနေတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG