သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဟောင်း ဖယ်ရှားခံရမှုအတွက် မေးခွန်းတွေထွက်ပေါ် 


၂၀၁၈-၁၉  ခုနှစ်တွေမှာ မြောက်ကိုရီးယားနဲ့ အမေရိကန် နှစ်နိုင်ငံခေါင်းဆောင်တွေ တွေ့ဆုံနိုင်ရေးဆောင်ရွက်ခဲ့ပြီး လက်ရှိမှာ ကွပ်မျက်ခံရတယ်လို့ သတင်းထွက်နေတဲ့ မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဟောင်း Ri Yong-ho အမေရိကန်၊ နယူးယောက်ကိုရောက်ခဲ့စဉ်။ (စက်တင်ဘာ ၂၅၊ ၂၀၁၇)
၂၀၁၈-၁၉  ခုနှစ်တွေမှာ မြောက်ကိုရီးယားနဲ့ အမေရိကန် နှစ်နိုင်ငံခေါင်းဆောင်တွေ တွေ့ဆုံနိုင်ရေးဆောင်ရွက်ခဲ့ပြီး လက်ရှိမှာ ကွပ်မျက်ခံရတယ်လို့ သတင်းထွက်နေတဲ့ မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဟောင်း Ri Yong-ho အမေရိကန်၊ နယူးယောက်ကိုရောက်ခဲ့စဉ်။ (စက်တင်ဘာ ၂၅၊ ၂၀၁၇)

[[Zawgyi/Unicode]]

မြောက်ကိုရီးယားနဲ့အမေရိကန်နှစ်နိုင်ငံကြား ၂၀၁၈ ခုနှစ်နဲ့ ၂၀၁၉ ခုနှစ်တွေမှာ ထိပ်သီးခေါင်းဆောင်နှစ်ဦး တွေ့ဆုံနိုင်အောင် ပါဝင်လုပ်ဆောင်ခဲ့တဲ့ မြောက်ကိုရီးယားက နိုင်ငံခြားရေးဝန်ကြီးဟောင်း Ri Yong Ho ကို မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်း (Kim Jong Un) ကရှင်းလင်းဖယ်ရှားလိုက်တဲ့ကိစ္စဟာ မြောက်ကိုရီးယားသံတမန်လောကကို တုန်လှုပ်ခြောက်ခြားသွားစေတယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပြောဆိုနေပါတယ်။

Ri ကိုကွပ်မျက်လိုက်ပြီလို့လည်း အတည်မပြုနိုင်သေးတဲ့သတင်းတွေ ထွက်ပေါ်နေပါတယ်။ တကယ်လို့ ကွပ်မျက်လိုက်တာမှန်ခဲ့ရင် ပိုမိုတုန်လှုပ်ခြောက်ခြားသွားစေမှာဖြစ်ပါတယ်။ Ri ဟာ လွန်ခဲ့တဲ့ ၂ နှစ်လောက်ကတည်းက လူမြင်ကွင်းကပျောက်ကွယ်သွားခဲ့တဲ့အတွက် သူ့ရဲ့ကံကြမ္မာကိုမှန်းဆ တွက်ချက်မှုတွေထွက်ပေါ်လာခဲ့တာပါ။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းနဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ နှစ်ဦး ၂၀၁၈ ခုနှစ်က စင်္ကာပူမှာ တကြိမ်နဲ့ ၂၀၁၉ ခုနှစ်က ဟနွိုင်းမှာတကြိမ်တွေဆုံခဲ့စဉ်က လူလေးစားမှုခံရတဲ့ သံတမန်တဦးဖြစ်တဲ့ Ri ဟာ အရေးပါတဲ့နေရာကနေပါဝင်ခဲ့ပါတယ်။

သူ့ကို ၂၀၁၉ ခုနှစ်က မြောက်ကိုရီးယားကိုအုပ်ချုပ်နေတဲ့ အလုပ်သမားပါတီရဲ့ ဗဟိုကော်မတီညီလာခံမှာ နောက်ဆုံးတွေ့မြင်ခဲ့ရပြီးပျောက်ကွယ်သွားခဲ့တာပါ။ သူ့ကိုနိုင်ငံတော်ရေးရာကော်မရှင်ကနေ ဖယ်ရှားလိုက်တုန်းက သူရဲ့အမည်ကို ၂၀၂၀ ခုနှစ်ဧပြီလထဲမှာ မြောက်ကိုရီးယားအသံလွှင့်ဌာနက နောက်ဆုံးဖေါ်ပြခဲ့ပါတယ်။

တောင်ကိုရီးယားအမျိုးသားထောက်လှမ်းရေးဌာနကတော့ Ri ကိုရှင်းလင်းဖယ်ရှားလိုက်တာမှန်ကြောင်း ဇန္နဝါရီလ ၅ ရက်နေ့မှာ အတည်ပြုပြောဆိုပါတယ်။ ဒါပေမယ့် သူ့ကိုကွပ်မျက်လိုက်သလား၊ မကွပ်မျက် ဘူးလားဆိုတာကတော့ မသေချာဘူးလို့ တောင်ကိုရီးယားထောက်လှမ်းရေးဌာနကပြောပါတယ်။

၂၀၂၂ ခုနှစ် ဇွန်လထဲမှာတော့ ယခင် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Choe Son Hui ကို Ri ရဲ့နေရာမှာ အစားထိုး ခန့်အပ်ခဲ့ပါတယ်။

Ri ဟာ မြောက်ကိုရီးယားခေါင်းဆောင် Kim အပေါ်သစ္စာစောင့်သိသူဖြစ်တဲ့အတွက် သူ့လိုလူကို ရှင်းလင်းဖယ်ရှားလိုက်တယ်၊ အထူးသဖြင့် သုတ်သင်လိုက်တယ်ဆိုရင် မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနတခုလုံးကို အကြီးအကျယ်တုန်လှုပ်ခြောက်ခြားသွားစေမှာဖြစ်တယ်လို့ မြောက်ကိုရီးယားနဲ့ ညှိနှိုင်းဆွေးနွေးမှုတွေမှာပါဝင်ခဲ့တဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိဟောင်း Evans Revere ကပြောဆိုပါတယ်။

အခုလိုသစ္စာရှိပြီး စွမ်းဆောင်ရည်ရှိတဲ့ Ri လိုပုဂ္ဂိုလ်တောင် ရှင်းလင်းခံရရင် ကျန်တဲ့သူတွေထဲမှာလည်း ဘယ်သူမဆို အရှင်းခံရနိုင်ပါတယ်။ အခုလိုအချိန်မှာ မြောက်ကိုရီးယားသံတမန်တွေဟာ သူတို့ရဲ့အနာဂတ်ကို တွေးတော စဉ်းစားနေကြမှာပါပဲလို့လည်း Evans Revere ကပြောခဲ့ပါတယ်။

သမ္မတထရမ့်လက်ထက်က အိမ်ဖြူတော်အမျိုးသားလုံခြုံရေးအကြံပေး John Bolton ကတော့ ထိပ်သီးအစည်းအဝေးတွေတုန်းက “Ri ကသိပ်အများကြီးမပြောပါဘူး၊ ကင်ကသာ အားလုံးနီးပါးကိုပြောဆိုသွားတာပါ” လို့ သူ့အတွေ့အကြုံကိုပြန် ပြောပါတယ်။

ဒါ့အပြင် ဟနွိုင်းထိပ်သီးအစည်းအဝေးရလဒ်အပေါ် ကင်ဂျုံအွန်းက ကြေနပ်မှုမရှိတဲ့အတွက် Ri ကိုဖယ် ရှားလိုက်တာဖြစ်နိုင်ကြောင်းနဲ့ ကင်လိုလူမျိုးနဲ့အတူ အလုပ်လုပ်ရတာဟာ အန္တရာယ်ရှိတယ်လို့ John Bolton ကပြောဆိုခဲ့ပါတယ်။

၂၀၁၉ ခုနှစ် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမှာ ကင်ဂျုံအွန်းနဲ့ သမ္မတဒေါ်နယ်ထရမ့်တို့တွေ့ဆုံစဉ် ကင်ဂျုံအွန်းက နိုင်ငံတကာကနေ မြောက်ကိုရီးယားအပေါ်ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေရုပ်သိမ်းပေးရင် မြောက်ကိုရီးယားရဲ့ နျူကလီယား အစီအစဉ်ကိုဖျက်သိမ်းပေးမယ်လို့ ကမ်းလှမ်းခဲ့ကြောင်း ဆိုပါတယ်။ ဒါပေမယ့် ဒီဆွေးနွေးပွဲပျက်ခဲ့ပြီးနောက်သမ္မတထရမ့်က ကင်ရဲ့ကမ်းလှမ်းချက်ကို ပါယ်ချခဲ့တယ်လို့ Ri ကထုတ်ဖေါ်ကြေညာခဲ့ပါတယ်။ သမ္မတထရမ့်ကလည်း မြောက်ကိုရီးယားခေါင်းဆောင်နဲ့ သဘောတူညီမှုမရတဲ့အတွက် ထိပ်သီးအစည်းအဝေးကနေ ထွက်ခွါခဲ့တယ်လို့ ပြောပါတယ်။

ရေကြောင်းနဲ့ရေတပ်ဆိုင်ရာ သုတေသနဌာနဖြစ်တဲ့ CAN ရဲ့ မြောက်ကိုရီးယားခေါင်းဆောင်မှုဆိုင်ရာ ကျွမ်းကျင်သူ၊ မူဝါဒနဲ့ မဟာဗျူဟာလေ့လာရေးအစီအစဉ်ရဲ့ညွန်ကြားရေးမှူး Ken Gause ကလည်း ဟနွိုင်းဆွေးနွေးပွဲမအောင်မြင်တဲ့အတွက် တစုံတယောက်ကို အပြစ်ပုံချဖို့လုပ်တာ ဖြစ်နိုင်တယ်လို့ပြောဆိုပါတယ်။ ဒါပေမယ့် သူကတော့ Ri ကိုကွပ်မျက်လိုက်တယ်လို့ သူ့အနေနဲ့မထင်ဘူးလို့ပြောပါတယ်။ မြောက်ကိုရီးယားမှာ နိုင်ငံခြားရေးဌာနက တစုံတယောက်ကို သုတ်သင့်လေ့မရှိဘူးလို့ သူကပြောဆိုပါတယ်။

မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဟောင်း Ri Yong Ho ဟာ ၂၀၁၆ ခုနှစ်မေလမှာနိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရပြီး ၂၀၁၇ ခုနှစ် မြောက်ကိုရီးယားက တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်တလုံး ပထမဆုံးအကြိမ် စတင်စမ်းသပ်ပစ်ခတ်ခဲ့ပြီး ကိုရီးယားကျွန်းဆွယ်အရေး တင်းမာမှုတွေမြင့်တက်နေချိန်မှာ Ri ဟာ စက်တင်ဘာလအတွင်း နယူးယောက်မှာကျင်းပတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံတက်ရောက်ခဲ့ပြီး မိန့်ခွန်းပြောကြားခဲ့ပါသေးတယ်။

===============

[[Unicode]]















XS
SM
MD
LG