သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နောက်ထပ် ဒုက္ခသည် ၅၀,၀၀၀ စာရင်း မြန်မာဘက်ကို ပို့ထားကြောင်း ဘင်္ဂလားဒေ့ရှ်ပြော


ရိုဟင်ဂျာတွေ ဌာနေပြန်ပို့နိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်အစိုးရပြုစုထားတဲ့ လူ ၅၀,၀၀၀ ပါ နောက်ထပ်စာရင်းအသစ်တခုကို မြန်မာအာဏာပိုင်တွေ စိစစ်ဖို့ ပေးအပ်ခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး AK Abdul Momen ကပြောတာကို ကိုးကား ပြီး ဘင်္ဂလားဒေ့ရှ် BSS သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။

အင်္ဂါနေ့အစောပိုင်းမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့တောင်အာရှဆိုင်ရာ ညွှန်ကြားရေးမှုးချုပ် M. Delwar Hossain က ဒီစာရင်းကို မြန်မာသံအမတ်ကြီး ဦးလွင်ဦးကို လွှဲပြောင်းပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

အင်္ဂါနေ့ပေးအပ်တဲ့ စာရင်းအပြင် မြန်မာအာဏာပိုင်တွေ စိစစ်ဖို့ အရင်တုန်းက ပေးပို့ထားတဲ့ ရိုဟင်ဂျာစာရင်းကတော့ ၅၅,၀၀၀ လောက်ရှိတယ်လု့ိ နိုင်ငံခြားရေးဝန်ကြီး Momen က ပြောပါတယ်။

ရိုဟင်ဂျာတွေ ဌာနေပြန်ရေးလုပ်ငန်းစဉ်အတွက် မကြာသေးခင်က ဖွဲ့စည်းလိုက်တဲ့ ဘင်္ဂလားဒေ့ရှ်၊ မြန်မာနဲ့ တရုတ် သုံးပွင့်ဆိုင် အလုပ်အဖွဲ့ရဲ့ ပထမဆုံးအစည်းအဝေးကို မကြာခင် စတင်မှာဖြစ်ကြောင်းနဲ့ ဒီလိုအစည်းအဝေးကျင်းပဖို့ အစီအစဉ်တွေ လုပ်နေကြောင်းလည်း ဝန်ကြီး Momen က ပြောပါတယ်။

ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးခိုလှုံကြတဲ့ ရိုဟင်ဂျာတွေ ဌာနေပြန်ပို့နိုင်ရေးအတွက် လက်တွေ့ အခြေအနေ စူးစမ်းလေ့လာရေးဆိုင်ရာ သုံးပွင့်ဆိုင်အလုပ်အဖွဲ့ကို ဖွဲ့စည်းဖို့ ပြီးခဲ့တဲ့လ နယူးရောက် ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ ဘေးထွက်အစည်းဝေးမှာ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နဲ့ တရုတ်တို့ သဘောတူညီခဲ့ကြတာပါ။

ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံတဲ့ မြန်မာအစိုးရက သူတို့ကို စိစစ်ပြီး ပြန်လက်ခံမှာဖြစ်ကြောင်း ပြောကြာထားသလို သူတို့ဌာနေပြန်ရေးအတွက် ဘင်္ဂလားဒေ့ရှ် အစိုးရနဲ့ရော ကုလသမဂ္ဂအဖွဲ့တွေနဲ့ပါ လက်တွဲဆောင်ရွက်နေတယ်လို့ ပြောထားပါတယ်။

လက်ရှိအားဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox’s Bazar ဒေသက ဒုက္ခသည်စခန်းတွေမှာ ရိုဟင်ဂျာ ၁ သန်းကျော် ရှိနေတယ်လို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက ပြောထားပါတယ်။

.....................









တိုက်ရိုက် လင့်ခ်


XS
SM
MD
LG