သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ်နဲ့ မုန်တိုင်းရာသီ ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်တွေ စိုးရိမ်


ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox's Bazar ရှိ Kutupalong ဒုက္ခသည်စခန်းက ရိုဟင်ဂျာ ဒုက္ခသည်တချို့ (ဧပြီ ၁၂၊ ၂၀၂၀)
ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox's Bazar ရှိ Kutupalong ဒုက္ခသည်စခန်းက ရိုဟင်ဂျာ ဒုက္ခသည်တချို့ (ဧပြီ ၁၂၊ ၂၀၂၀)

(Zawgyi/Unicode)

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ COVID-19 ကူးစက်မှုတွေ ပိုတိုးလာနေတဲ့ အတွက် ရိုဟင်ဂျာဒုက္ခသည်တွေ စိုးရိမ်မှုတွေပို တိုးလာနေသလို မုတ်သုန်ရာသီဝင်လာတဲ့အတွက် ရေကြီးမြေပြိုအန္တရာယ်တွေအတွက် ပူပန်လာနေကြတဲ့အကြောင်း ပြောပြချင်ပါတယ်။ ဒီအကြောင်း ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မဆုမွန်က တင်ဆက်ပေးပါမယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ တနင်္လာနေ့အထိ ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ COVID-19 ရောဂါ ကူးစက်သူ ၉,၄၅၅ ယောက် ရှိပြီး သေဆုံးသူ ၁၇၇ ဦးအထိ ရှိလာနေတဲ့အတွက် ကျန်းမာရေးစောင့်ရှောက်မှု အားနည်းတဲ့ ဒုက္ခသည်စခန်းတွေမှာ ကူးစက်မှုအန္တရာယ်ကို စိုးရိမ်နေကြတာပါ။ ရောဂါကူးစက်မှုတွေကြောင့် သွားလာလှုပ်ရှားမှု ကန့်သတ်တာတွေကို နိုင်ငံတော်တော်များများမှာ စတင်ဖြေလျှော့လာနေပေမဲ့ သိန်းနဲ့ချီတဲ့ ဒုက္ခသည်တွေ စုပြုံနေကြရတဲ့ ဒုက္ခသည်စခန်းတွေမှာတော့ ကန့်သတ်မှုတွေ ဆက်လက်တင်းကြပ်ထားဆဲဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားအနီး ကုတုပလောင်ဒုက္ခသည်စခန်းနေ ရိုဟင်ဂျာဒုက္ခသည် ကိုမျိုးသန့်ကပြောပြပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox's Bazar ရှိ Kutupalong ဒုက္ခသည်စခန်းက ရိုဟင်ဂျာ ဒုက္ခသည်တချို့ (မတ် ၂၄၊ ၂၀၂၀)
ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox's Bazar ရှိ Kutupalong ဒုက္ခသည်စခန်းက ရိုဟင်ဂျာ ဒုက္ခသည်တချို့ (မတ် ၂၄၊ ၂၀၂၀)

"အခု ဘင်္ဂလားဒေ့ရှ်အစိုးရက ရိုဟင်ဂျာဒုက္ခသည်တွေကို အပြင်ထွက်ခွင့်လည်း မပေးဘူး။ အပြင်ကနေ အထဲကိုဝင်ခွင့်လည်း မပေးဘူး။ လူတဦးနဲ့ တဦးလည်း တတ်နိုင်သလောက် ရှောင်နေကြဖို့ပြောတယ် ဒီမှာ ဆိုင်တွေကိုလည်း ဖွင့်ခွင့်မပေးဘူး။ အခုဆိုရင် ကျနော်တို့တွေ အတတ်နိုင်ဆုံး အိမ်ထဲမှာပဲနေကြတယ်။ အပြင်ကိုလုံးဝ မထွက်ကြဘူး ဒီမှာ ဘင်္ဂလားဒေ့ရှ် စစ်တပ်နဲ့ ရဲကလည်း ကင်းလှည့်ပါတယ်။ ရိုဟင်ဂျာဒုက္ခသည်တွေက စိုးရိမ်တာတွေရှိတာပေါ့။ ဒီ COVID-19 ဖြစ်လာမှာ တအားစိုးရိမ်တာပေါ့ ... ဘာဖြစ်လို့လဲဆိုရင် ဒီကမ့်တွေမှာ လူတွေ အများကြီး ပြွတ်သိပ်ထူထပ်နေတော့ စိုးရိမ်မိပါတယ်။ ဒါပေမဲ့ သူတို့ကလည်း တတ်နိုင်သလောက်စီစဉ်နေပါတယ်။ အခုဆိုရင် ကမ့်ထဲမှာ Quarantine Center တို့ Isolation Cneterတို့ ဖွင့်ထားပြီး IOM က ဦးစီးပြီးတော့ ကမ့်တချို့မှာ ဆောက်နေတယ်လို့လည်း ကြားမိပါတယ်။"

ဒုက္ခသည်စခန်းတွေမှာ ရောဂါကူးစက်သူအဖြစ် အတည်ပြုသူ မရှိသေးပေမဲ့လည်း ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး UNHCR နဲ့ နိုင်ငံတကာရွှေ့ပြောင်းအခြေချသူများကို အကူအညီပေးရေးနိုင်ငံတကာအဖွဲ့ IOM အပါအဝင် အကူအညီပေးရေး အဖွဲ့အစည်းတွေက ကာကွယ်ရေးအစီအမံတွေကို ဆောင်ရွက်ပေးနေကြောင်းလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားအနီး ဘာလုခါလီဒုက္ခသည်စခန်းနေ ရိုဟင်ဂျာဒုက္ခသည် ဦးအီစလံကပြောပါတယ်။

"ဒီမှာ ကျနော်တို့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို စောင့်ရှောက်ပေးနေတဲ့ UNHCR၊ IOM ရယ် နောက် တခြားကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်းတွေလည်း ရှိတယ်။ သူတို့ကလည်း စီစဉ်ပေးတယ်။ WHO က ထုတ်ပြန်ထားတဲ့ ကြေညာချက်ကိုလည်း ဒုက္ခသည်တွေက လိုက်နာတာရှိတယ် နောက် ဘင်္ဂလားဒေ့ရှ်အစိုးရကလည်း တောက်လျှောက်ထုတ်ပြန်ချက်တွေကိုလည်း လိုက်နာရပါတယ်။ အခုက COVID-19 ကိုကြောက်လို့ လူတွေက အထူးသဖြင့် လူစုလူဝေး မလုပ်ကြဘူး။ ဒါကာဘက်မှာဖြစ်တာ များလာတော့ ဒီဘက်မှာလည်း ကူးစက်လာမှာကို ကျနော်တို့က အထူးစိုးရိမ်တာပေါ့။ ကျနော်တို့ ရိုဟင်ဂျာဒုက္ခသည်တွေက တနေရာတည်းမှာ အကုန်လုံး စုပြုံနေရတာဆိုတော့ စိုးရိမ်စရာက အများကြီးရှိနေပါတယ်ခင်ဗျာ။"

အခုလို သိန်းချီတဲ့လူတွေ စုဝေးခိုလှုံနေထိုင်ရတဲ့ စခန်းတွေထဲ COVID-19 လို ကပ်ရောဂါဖြစ်ပွားလာမှာ စိုးရိမ်နေရချိန်မှာပဲ အခု မိုးဦးရာသီရောက်လာတဲ့ မုတ်သုန်မိုး သည်းထန်စွာ စတင်ရွာသွန်းလာနေပြီမို့ စခန်းတွေထဲ မြေပြိုကျမှုနဲ့ ရေလွှမ်းမိုးမှုစတဲ့ သဘာဝဘေးအန္တရာယ်တွေ ကြုံလာရမှာကိုလည်း ဒုက္ခသည်တွေ စိုးရိမ်ပူပင်နေကြပါတယ်။

"အခုရက်ပိုင်းတွေမှာ မိုးက သည်းသည်းထန်ထန်ကို ရွာနေတယ်။ နောက် လေပြင်းတွေလည်း တိုက်တယ်။ နောက်ပိုင်းတွေမှာ မုတ်သုန်လေကလည်း များ လာမယ်လို့ ကျနော်တို့မျှော်လင့်တယ်။ အခုနှစ် ရာသီဥတုတော်တော်လေး ပြင်းထန်လာမယ်ဆိုရင် မြေပြိုတာတွေ လေပြင်းတိုက်တာကြောင့် အိမ်တွေ ပျက်စီးတာ အများကြီးရှိနိုင်တယ်။ မနှစ်က စခန်းတွေထဲ အမိုးအကာတွေ ပေးထားတာတွေရှိတယ်။ အခုနှစ်အတွက်တော့ ကြိုတင်ပြင်ဆင်ထားနိုင်ဖို့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး UNHCR ဘက်ကလည်း ဒီအန္တရာယ်တွေအတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ပေးဖို့ တောင်းဆိုချင်ပါတယ်။"

ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်ခံမထားတဲ့ မြန်မာအစိုးရဘက်ကတော့ ကမ္ဘာအနှံ့ COVID-19 ဗိုင်းရပ်ရောဂါကူးစက်မှု ကာကွယ်တဲ့အနေနဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို သွားလာမှု ကန့်သတ်နေတဲ့ တချိန်ထဲမှာဘဲ ရခိုင်ပြည်နယ် မောင်တောခရိုင်ဘက်မှာလည်း ဘင်္ဂလားဒေ့ရှ်ကနေ ပြန်လာတဲ့သူတွေကို လက်မခံတော့ပါဘူး။

တိုက်ရိုက် လင့်ခ်

[Unicode Version]










XS
SM
MD
LG