သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလဖိအားပေးမှုအပေါ် NLD ပြောခွင့်ရ တုံ့ပြန်


ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ ရခိုင်ပဋိပက္ခဆိုင်ရာ လွတ်လပ်တဲ့ အချက်အလက်ရှာဖွေရေးအဖွဲ့က သြဂုတ်လ(၂၇)မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာဟာ ခိုင်မာတဲ့အချက်အလက်တွေပေါ် အခြေခံထားတာ ဟုတ်ရဲ့လားဆိုတာကို ပြန်လည်စိစစ်ဖို့လိုတယ်လို့ အာဏာရ NLD ပါတီ ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ပြောဆိုလိုက်ပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက ရခိုင်မြောက်ပိုင်းမှာဖြစ်ခဲ့တဲ့ လုံခြုံရေးတပ်ဖွဲ့ရဲ့ လုပ်ရပ်ဟာ စိုးရိမ်ဖွယ် လူ့အခွင့်အရေး ချိုးဖေါက်မှုတွေဖြစ်လို့ မြန်မာစစ်တပ်ခေါင်းဆောင်တွေကို အရေးယူဖို့ အကြံပေးချက်ထွက်ပေါ်လာအပြီး NLD ပါတီဘက်က ခုလို တုန့်ပြန်လိုက်တာဖြစ်ပါတယ်။ ဒီအကြောင်းကိုတော့ ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ အချက်အလက်ရှာဖွေရေးအဖွဲ့ (fact finding mission)က ဂျနီဗာအခြေစိုက် လူ့အခွင့်အရေးကောင်စီကို တနင်္လာနေ့က အစီရင်ခံစာ တင်သွင်းခဲ့ရာမှာ ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ ကချင်နဲ့ ရှမ်း ပြည်နယ်တွေမှာ လူသားမျိုးနွယ်စု အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် တပ်မတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အပါအဝင် စစ်တပ်ခေါင်းဆောင် ၆ ဦး တို့ကို ICC နိုင်ငံတကာခုံရုံးတင်ဖို့ အကြံပေးထားတာဖြစ်ပါတယ်။

ကုလ အချက်အလက်ရှာဖွေရေးအဖွဲ့ရဲ့ အစီရင်ခံစာပါအချက်တွေဟာ ယုံကြည်ရလောက်တဲ့ အချက်တွေပေါ် အခြေခံထားတာ ဟုတ်ရဲ့လား ဆိုတာကို ပြန်လည်စိစစ်ဖို့လိုတယ်လို့ NLD ပါတီပြောခွင့်ရ ဒေါက်တာမျိုးညွန့်က မီဒီယာတွေကို ပြောဆိုပါတယ်။

"ကျနော်တို့ UN ကနေပြီးတော့ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ကနေပြီးတော့ သူတို့တင်ပြတဲ့အထောက်အထား သူတို့ယူလိုက်တဲ့ မေးမြန်းတဲ့ သက်သေတွေရဲ့ ယုံကြည်နိုင်စွမ်းပေါ့ ဒါတွေကျနေ်ာတို့အကုန်လုံးကြည့်ရပါဦးမယ်။ ကျနော်တို့ နဂိုကတည်းက ပြောထားပါတယ် ကျနော်တို့ဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အပြင်းအထန်လူ့အခွင့်အရေးချိုးဖောက်မှုတွေမရှိခဲ့ပါဘူး။ ရှိတယ်ဆိုရင် ကျနော်တို့ကိုအထောက်အထားပြပါ ကျနော်တို့ အရေးယူပေးပါ့မယ် လို့ပြောပါတယ်။ အထောက်အထားကတော့ ခိုင်လုံဖို့လိုပါတယ်။ မှန်းဆချက်သပ်သပ်နဲ့ မဖြစ်ပါဘူး။"

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ရိုဟင်ဂျာဒုက္ခသည်တွေ သိန်းနဲ့ချီထွက်ပြေးသွားကြတဲ့ ဖြစ်ရပ်ဟာ သာမန်တိုက်ဆိုက်မှု သက်သက်မဟုတ်ဘူးလို့ ဒေါက်တာမျိုးညွန့်က ပြောပါတယ်။

"ကျနော်တို့အမြင်ဆိုရင် ဒါဟာ သာမန်တိုက်ဆိုက်မှု မဟုတ်ပါဘူး။ စနစ်ကျ ကြိုတင်ပြီးတော့ ပြင်ဆင်ထားတဲ့အချက်ပါ။ အရင်တုန်းက အကြိမ်ကြိမ်ဖြစ်ခဲ့တာကို အခွင့်ကောင်းယူပြီး ဒီတကြိမ်မှာ လူသိန်းနဲ့ ချီပြီး ထွက်သွားရင် ၊ ကျနော်တို့က ထွက်သွားတဲ့ ပမာဏထက်ပိုပြီး လက်ခံလိုက်ရရင် သူတို့အတွက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေတခုဖြစ်လာဖို့အတွက် အပြည်ပြည်ဆိုင်ရာ ဥပဒေကျွမ်းကျင်သူတွေ ၊ ဓနအင်အားကောင်းတဲ့သူတွေ အဖက်ဖက်ကနေ နောက်မှာ ပံ့ပိုးမှုရှိတယ်လို့ ကျနော်တို့ကတော့ သံသယရှိပါတယ်။ အဲဒီတော့ ဒီအစီရင်ခံစာတွေပေါ်မှာ ကျနော်တို့ကတော့ အသေးစိတ်ပြန်ပြီးတော့ စိစစ်ရပါဦးမယ်။ အထောက်အထားနဲ့ မခိုင်လုံပဲ မိမိတို့ဆန္ဒနဲ့ မှတ်ချက်ပေးတာကိုတော့ ကျနော်တို့ လက်ခံနိုင်မှာ မဟုတ်ပါဘူး။"

ရိုဟင်ဂျာဆိုတဲ့အမည်ကို မြန်မာအစိုးရက လက်မခံ ပယ်ချထားပြီး၊ နိုင်ငံတကာပြောနေသလို ရခိုင်ဒေသမှာ ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ မရှိခဲ့ကြောင်းနဲ့ ကျူးလွန်တဲ့ လုံခြုံရေးအရာရှိတွေကိုလည်း အရေးယူထားပြီးဖြစ်ကြောင်း အစိုးရက တုန့်ပြန်ထားပါတယ်။

အခုလို ကုလသမဂ္ဂရဲ့အစီရင်ခံစာ ထွက်ပေါ်လာပြီးနောက် နိုင်ငံတကာရဲ့ဖိအားတွေ ပိုတိုးလာနိုင်တာကြောင့် ဒါကို ရင်ဆိုင်သွားဖို့ လိုတယ်လို့ ဒေါက်တာမျိုးညွန့်က ပြောပါတယ်။

"ကျနော်တို့နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိခိုက်စေမယ့် တဖက်က ပြန်ပို့လာသူတိုင်းကို အလိုအလောက် နိုင်ငံသားပေးဖို့ဆိုတာကတော့ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ သူတို့မှာ ပြောင်းရွှေ့သွားတဲ့လူတွေက ဒုက္ခသည်တွေ ညှင်းပမ်းနှိတ်စက်ခံရတဲ့ လူတွေလို့ ပုံဖော်နေပါတယ်။ ဒါက ဘာကိုပြနေသလဲဆိုတော့ သူတို့က တစုံတရာပြန်ပြီးတော့ အကြမ်းဖက်လာရင် ဒါက တရားဝင်တယ်ဆိုတဲ့ ပုံမျိုးအထိဖြစ်အောင် သူတို့ဆိုချင်နေသလား။ ကျနော်တို့ သံသယရှိပါတယ် ။ ကျနော်တို့က လူသားချင်းစာနာမှုအနေနဲ့ လက်ခံဖို့ အကုန်ပြင်ထားပါတယ်။ ဘာကြောင့်တယောက်မှ မလာသလဲ ။ ၇ သိန်းမှာ ၁ ယောက်မှ မလာချင်ဘူးဆိုတာကိုတော့ ကျနော်တို့မယုံပါဘူး။ အဲဒီတော့ သူတို့ကို ထိန်းသိမ်းထားပြီးတော့ သူတို့လိုချင်တဲ့ တရားမဝင်အခွင့်အရေးရဖို့အတွက် ဆက်ပြီးလုပ်မယ်ဆိုရင်တော့ ကျနော်တို့ NLD မှ မဟုတ်ပါဘူး။ မြန်မာနိုင်ငံသားအားလုံးကတော့ ဒါကို ကြံ့ြ့ကံခံပြီးတော့ တွန်းလှန်မှာပါ။"

တပ်မတော်ခေါင်းဆောင် ၆ ဦးကို နိုင်ငံတကာ ဥပဒေအရ အရေးယူသွားဖို့ တိုက်တွန်းတဲ့ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ရဲ့ အစီရင်ခံစာကို မြန်မာအစိုးရက ပယ်ချကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ညွှန်ကြားရေးမှူးချုပ်ဦးဇော်ဌေးက မီဒီယာတွေကို ပြောပါတယ်။ Fact Finding Mission အချက်အလက်ရှာအဖွဲ့ကို ဖွဲ့စည်းဖို့ဆွေးနွေးစဉ်က မြန်မာအစိုးရက လက်မခံခဲ့သလို ၊ အဲဒီအဖွဲ့က မြန်မာနိုင်ငံထဲ လာမယ်ဆိုတဲ့ ခရီးစဉ်တွေအပေါ်မှာလည်း အစိုးရက ငြင်းဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG