သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လုံခြုံရေးကောင်စီမှာ မြန်မာ့အရေး တံခါးဖွင့်ဆွေးနွေး


မြန်မာ့အရေး ဆွေးနွေးပွဲအတွင်း လုံခြုံရေးကောင်စီ ဥက္ကဌအဖြစ် ဗြိတိန်နိုင်ငံ FCO ခေါ် နိုင်ငံခြားရေးဌာနရုံး ရဲ့ ဓနသဟာရနဲ့ ကုလသမဂ္ဂရေးရာ ဝန်ကြီး Lord Ahmad က တာဝန်ယူဆောင်ရွက်နေစဉ် ( သြဂုတ်လ ၂၈၊ ၂၀၁၈)
မြန်မာ့အရေး ဆွေးနွေးပွဲအတွင်း လုံခြုံရေးကောင်စီ ဥက္ကဌအဖြစ် ဗြိတိန်နိုင်ငံ FCO ခေါ် နိုင်ငံခြားရေးဌာနရုံး ရဲ့ ဓနသဟာရနဲ့ ကုလသမဂ္ဂရေးရာ ဝန်ကြီး Lord Ahmad က တာဝန်ယူဆောင်ရွက်နေစဉ် ( သြဂုတ်လ ၂၈၊ ၂၀၁၈)

ရိုဟင်ဂျာ ဒုက္ခသည် အကြပ်အတည်းမှာ နိုင်ငံတကာရဲ့ လုံခြုံရေးနဲ့ ငြိမ်းချမ်းရေးကို ခြိမ်းခြောက်နေတဲ့အတွက် လူ့အခွင့်အရေးချိုးဖောက် ကျူးလွန်ခဲ့ကြသူတွေကို အဓိက အရေးယူဖို့ အမြဲတမ်းအဖွဲ့ဝင် အင်အားကြီးနိုင်ငံတွေဖြစ်တဲ့ အမေရိကန်နဲ့ ဗြိတိန် တို့က အင်္ဂါနေ့က လုံခြုံရေးကောင်စီမှာ ပြုလုပ်တဲ့ မြန်မာ့အရေး တံခါးဖွင့်ဆွေးနွေးပွဲမှာ ဖိအားပေးပြောဆိုသွားကြပါတယ်။

တရုတ်နဲ့ ရုရှားကတော့ ဒုက္ခသည်အရေးကိစ္စမှာ မြန်မာကို ဖိအား မပေးကြဖို့နဲ့ လူသားချင်းစာနာမှုဆိုင်ရာ ကိစ္စရပ်တွေကို အလေးထား ကူညီဆောင်ရွက်သင့်ကြောင်း ပြောဆိုခဲ့ပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်ပြီး တင်ပြမှာပါ။

“ရိုဟင်ဂျာ ဒုက္ခသည် အကျပ်အတည်း စတင်ပြီး တနှစ်အကြာ” ဆိုတဲ့ ခေါင်းစဉ်နဲ့ သြဂုတ်လ ၂၈ ရက်နေ့က ပြုလုပ်တဲ့ လုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေးဆွေးနွေးပွဲမှာ အလှည့်ကျ ဥက္ကဌ ဖြစ်တဲ့ ဗြိတိန်နိုင်ငံ FCO ခေါ် နိုင်ငံခြားရေးဌာနရုံး ရဲ့ ဓနသဟာရနဲ့ ကုလသမဂ္ဂရေးရာ ဝန်ကြီး Lord Ahmad က အစည်းအဝေး ဥက္ကဌ အဖြစ် ဆောင်ရွက်ခဲ့ပါတယ်။

သူရဲ့ ပြောကြားချက်ထဲမှာ တနင်္လာနေ့က ထုတ်ပြန်ခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးအဖွဲ့ရဲ့ အစီရင်ခံစာပါအချက်အလက်တွေကို ကိုးကားပြောဆိုသွားပါတယ်။ ဒီအစီရင်ခံစာပါအချက်တွေအရ ရိုဟင်ဂျာတွကို မြန်မာစစ်တပ်က အတင်းအကြပ်မောင်းထုတ်ခဲ့တဲ့ စစ်ဆင်ရေးဟာ နိုင်ငံတကာရဲ့ ငြိမ်းချမ်းရေးနဲ့လုံခြုံရေးကို ခြိမ်းခြောက်နေကြောင်း သူက အခုလိုပြောပါတယ်။

"လုံခြုံရေးကောင်စီကို နိုင်ငံတကာအသိုင်းအဝိုင်းက ဦးဆောင်တာပါ။ လုံခြုံရေးကောင်စီအနေနဲ့ နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ထိမ်းသိန်းဖို့ အဓိကတာဝန်ရှိပါတယ်။ လူသားထုအပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုလိုမျိုး ပြစ်မှုတွေ အသေးစိတ်ဖေါ်ပြထားတဲ့ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ရဲ့ အစီရင်ခံစာအရဆိုရင် နိုင်ငံတကာငြိမ်းချမ်းရေးကို ခြိမ်းခြောက်နေပါတယ်။ ဒီအစီရင်ခံစာပါ အချက်တွေအရ နိုင်ငံတကာရဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေပါတယ်။ ရိုဟင်ဂျာတွေကို ဘင်္ဂလားဒေ့ရှ်ဘက် နယ်စပ်ကနေ အတင်းအကျပ် မောင်းထုတ်မှုဟာ စစ်ဆင်ရေးဖြစ်သလို နိုင်ငံတကာငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေပါတယ်။ ဒါကြောင့် စက်တင်ဘာလမှာ လူ့အခွင့်အရေးကောင်စီကို တင်သွင်းမယ့် ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးအဖွဲ့ရဲ့ နောက်ဆုံးအစီရင်ခံစာပါ အချက်တွေကို လုံခြုံရေးကောင်စီအနေနဲ့ ထည့်သွင်းစဉ်းစားသင့်ပါတယ်။"

အမေရိကန်ပြည်ထောင်စု ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး Nikki Haley က ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ရိုဟင်ဂျာမွတ်စလင်တွေအပေါ် မြန်မာလုံခြုံရေးတပ်တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အမေရိကန်အစိုးရဘက်က စုံစမ်းတွေ့ရှိထားကြောင်း အခုလို ပြောသွားပါတယ်။

"ဒီသတင်းပတ်မတိုင်မီ လွန်ခဲ့တဲ့နှစ်က ကြားလို့တောင် မကောင်းတဲ့ ရာဇဝတ်ပြစ်မှုတွေကို မြန်မာနိုင်ငံမှာ ကျူးလွန်တာဟာ အဆိုးဆုံးအခြေအနေ ရောက်ခဲ့ပါတယ်။ လူမျိုးစုအလိုက် ရက်စက်စွာ ရှင်းလင်းဖယ်ရှားမှုတွေ ဖြစ်ခဲ့ပါတယ်။ ဒါကြောင့်လည်း ရိုဟင်ဂျာ ၇ သိန်းကျော် ဘင်္ဂလားဒေ့ရှ်စခန်းတွေကို ထွက်ပြေးခိုလှုံကြရပါတယ်။ အခုတော့ အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ ကျေးဇူးကြောင့် ဒီဒုက္ခသည်တွေ ဘယ်လိုခံစားနေကြရတယ်၊ သူတို့မထွက်ပြေးမီ ဘာတွေကြုံတွေ့ခဲ့ရသလဲဆိုတာ သက်သေအထောက်အထားတွေ ရရှိခဲ့ပါပြီ။"

အခုလို အမေရိကန်ပြည်ထောင်စုက စုံစမ်းတွေ့ရှိချက်တွေဟာ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ဖွဲ့စည်းပေးထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလ အချက်အလက်ရှာဖွေရေး အဖွဲ့က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာပါအချက်တွေနဲ့ ကိုက်ညီမှုရှိကြောင်း Nikki Haley ကပြောပါတယ်။ ဒါအပြင် လုံခြုံရေးကောင်စီအနေနဲ့ ဘာတွေဆက်ပြီး ဆောင်ရွက်မလဲဆိုတာကို ကမ္ဘာက စောင့်ကြည့်နေကြောင်း သူကအခုလိုပြောပါတယ်။

"ကလေးတွေ၊ အမျိုးသမီးတွေ၊ အမျိုးသားတွေဟာ ပြောပြလို့တောင် မကောင်းတဲ့ ရာဇဝတ်ပြစ်မှုတွေ ကျူးလွန်ခြင်း ခံခဲ့ကြရပါတယ်။ တိုက်ခိုက်မှုတွေကို ကြိုတင် စီစဉ်ထားတယ်၊ အကွက်ချပြီး ညှိုနှိုင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ဒီပြစ်မှုကျူးလွန်သူတွေက မြန်မာစစ်တပ်နဲ့ လုံခြုံရေးတပ်တွေ ဖြစ်ကြပါတယ်။ ဒါကြောင့် လုံခြုံရေးကောင်စီအနေနဲ့ ဘာဆက်လုပ်မလဲ၊ တကယ်ပဲ လက်တွေ့လုပ်မလားဆိုတာ ကမ္ဘာက စောင့်ကြည့်နေပါတယ်။"

UNSC meeting- Myanmar: Briefing One Year After the Start of the Refugee Crisis
UNSC meeting- Myanmar: Briefing One Year After the Start of the Refugee Crisis

ရခိုင်အရေး တရုတ်အစိုးရရဲ့ ရပ်တည်ချက်ကိုတော့ တရုတ်နိုင်ငံ ကိုယ်စားလှယ်က အခုလိုပြောပါတယ်။

"ရခိုင်ပြဿနာဟာ လူမျိုးရေး၊ ဘာသာရေး သမိုင်းကြောင်းအရ ရှပ်ထွေး နေတာပါ။ ဒါကို တဖြေးဖြေးနဲ့ အဆက်မပြတ် ချဉ်းကပ်တဲ့နည်းလမ်းကတဆင့် အချိန်ယူ ဖြေရှင်းရမှာဖြစ်ပါတယ်။ လက်ရှိအခြေအနေမှာ တိုးတက်မှုတွေ ထိခိုက်စေမှာကို နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ဂရုစိုက်ရမှာ ဖြစ်ပါတယ်။ နောက်ပြီး ဖိအားတွေပေးမယ့်အစား မြန်မာအနေနဲ့ လေးလေးနက်နက် စိုးရိမ်မကင်းဖြစ်နေတဲ့ သူတို့ရဲ့ ကြီးမားတဲ့ အခက်အခဲကို အပြည့်အ၀ နားလည်ပြီး အပြုသဘောဆောင်တဲ့ အကူအညီတွေကို ဆက်ပြီးပေးရမှာဖြစ်ပါတယ်။"

အလားတူ ရုရှားအစိုးရကိုယ်စားလှယ်ကလည်း ဆွေးနွေးပွဲမှာ ရုရှားအစိုးရရဲ့ သဘောထားကို အခုလိုပြောသွားပါတယ်။

"ကျနော်တို့ နိုင်ငံအနေနဲ့ သာတူညီမျှမှုနဲ့ ထိပ်တိုက် ရင်ဆိုင်တာမျိုးမဟုတ်တဲ့ ချဉ်းကပ်တဲ့နည်းလမ်းကို အမြဲပဲ ထောက်ခံအားပေးခဲ့ပါတယ်။ မြန်မာနိုင်ငံက အခြေအနေနဲ့ ပတ်သက်လို့ ဆွေးနွေးရာမှာ ဒုက္ခသည်အရေး ကိုင်တွယ်ဖို့ ရခိုင်ပြည်နယ်မှာ လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေတွေ ပုံမှန်ဖြစ်အောင်လုပ်ဖို့ဆိုတဲ့ အချက်ကို မျှော်လင့်ထားပါတယ်။ ရခိုင်အကျပ်အတည်းအတွက် ပြည့်စုံကျယ်ပြန်တဲ့ အဖြေရှာနိုင်ဖို့ မြန်မာ အာဏာပိုင်တွေ ကြိုးပမ်းရာမှာ ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်အကြံပေးကော်မရှင်ရဲ့ အကြံပြုချက်တွေကို အပြည့်အဝအကောင်အထည်ဖေါ်ဖို့ တဆင့်ပြီးတဆင့်ကြိုးပမ်းနေတယ်ဆိုတာ ကျနော်တို့ သိပါတယ်။ ဒီကနေ့အချိန်ထိ ဆိုရင် အကြံပြုချက် ၈၈ ချက်ထဲက ၈၁ ချက်ကို မြန်မာအစိုးရဘက်က အကောင်အထည်ဖေါ်ပြီးပါပြီ။ နေရပ်အတင်းအကြပ်ရွှေ့ပြောင်းခံရသူတွေအပါအဝင် ဘင်္ဂလားဒေ့ရှ်မှာရှိနေတဲ့ ဒုက္ခသည်တွေအားလုံး နေရပ်ပြန်ရေး တဆင့်ပြီးတဆင့် ဆောင်ရွက်ဖို့ နေပြည်တော်မှာရှိတဲ့ အစိုးရတာဝန်ရှိသူတွေဘက်က အဆင်သင့်ဖြစ်နေကြောင်း အကြိမ်ကြိမ် ထုတ်ဖေါ်ပြသပြောဆိုတဲ့အပေါ်မှာ ရုရှားအနေနဲ့ ကြိုဆိုပါတယ်။"

ရိုဟင်ဂျာဒုက္ခသည် စုစုပေါင်း ၁ သန်းနီးပါးကို လက်ခံထားတဲ့ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကတော့ သူတို့ အစိုးရရဲ့ ရပ်တည်ချက်ကို အခုလို ပြောသွားပါတယ်။

" အရေးကြီးဆုံးက တာဝန်ယူမှု တာဝန်ခံမှုကိစ္စကို လေးလေးနက်နက် ကိုင်တွယ်သွားဖို့ လိုအပ်ပါတယ်။ ရိုဟင်ဂျာတွေအပေါ် ပြစ်မှု ကျူးလွန်ခဲ့ကြသူတွေကို အရေးယူမှုမရှိတာကို အဆုံးသတ်ရမှာဖြစ်ပါတယ်။ ဒါမှလည်း သူတို့တွေ ခံစားနေရတဲ့ ဒုက္ခဝေဒနာတွေ ပြေပျောက်နိုင်မှာဖြစ်ပြီး တရားဥပဒေအရ မျှမျှတတ ဖြစ်နိုင်မှာပါ။ မြန်မာအစိုးရက မကြာသေးမှီက ဖွဲ့စည်းခဲ့တဲ့ စုံစမ်းရေးကော်မရှင်အနေနဲ့ လွတ်လပ်စွာ လုပ်ဆောင်ခွင့်ရသင့်ပြီး ကုလသမဂ္ဂ စုံစမ်းရေးအဖွဲ့ရဲ့အကြံပေးချက်နဲ့အညီ ဆောင်ရွက်သင့်ပါတယ်။ နိုင်ငံတကာ လူ့အဖွဲ့အစည်းအပြင် ဒီလုံခြုံရေး ကောင်စီအနေနဲ့လည်း ကုလသမဂ္ဂကော်မရှင်ရဲ့ အကြံပေးချက်တွေကို အလေးထားသင့်ကြပါတယ်။ နိုင်ငံတကာ တရားဥပဒေ စိုးမိုးရေးအပြင် Rome statue နဲ့ အခြားစာချုပ်တွေကို လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့ ပစ်မှုကျူးလွန်သူတွေ အရေးယူနိုင်ရေးအတွက် နိုင်ငံတကာဖေါ်ဆောင်မှုတွေနဲ့ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။ တချိန်တည်းမှာပဲ ဘင်္ဂလားဒေ့ရှ်ဟာ မြန်မာအစိုးရနဲ့ လုံခြုံရေးကိစ္စရပ်အပြင် အခြားမဟာဗျုဟာကျတဲ့ ကိစ္စရပ်တွေမှာ အိမ်နီးချင်းကောင်စိတ်ဓါတ်နဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။"

မနေ့က လုံခြုံရေးကောင်စီမှာ ကျင်းပတဲ့ မြန်မာ့အရေး ဆွေးနွေးပွဲမှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres ကိုယ်တိုင် တက်ရောက် ဆွေးနွေးပြောကြားခဲ့သလို၊ UNDP ကုလသမဂ္ဂဖွံဖြိုးရေး အေဂျင်စီရဲ့ မြန်မာနဲ့ ရိုဟင်ဂျာဒုက္ခသည် အကျပ်အတည်းဆိုင်ရာ အကြီးအကဲ Tegegnework Gettu ကလည်း မြန်မာအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်မှုအခြေအနေတွေကို တင်ပြခဲ့ပါတယ်။ ဒါအပြင် UNHCR ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ ချစ်ကြည်ရေး သံတမန် နာမည်ကျော် ဟော်လီးဝုဒ်ရုပ်ရှင်မင်းသမီး Cate Blanchett ကလည်း ရိုဟင်ဂျာဒုက္ခသည်တွေ ရင်ဆိုင်နေရတဲ့ အခြေအနေတွေကို တင်ပြခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်
မြန်မာ့အရေး လုံခြုံရေးကောင်စီ ဆွေးနွေး
please wait

No media source currently available

0:00 0:06:55 0:00
တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG