သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာဒုက္ခသည်တွေ အနာဂတ်မရေရာလို့ ပင်လယ်ပြင် လှေစီးပြေး


၂၀၂၀ ခုနှစ်၊ ဇွန် ၂၄ ရက်နေ့က အင်ဒိုနီးရှား ရေပိုင်နက်အတွင်း တွေ့ရတဲ့ ရိုဟင်ဂျာဒုက္ခသည်လှေတစီး။ (ဇွန် ၂၄၊ ၂၀၂၀)
၂၀၂၀ ခုနှစ်၊ ဇွန် ၂၄ ရက်နေ့က အင်ဒိုနီးရှား ရေပိုင်နက်အတွင်း တွေ့ရတဲ့ ရိုဟင်ဂျာဒုက္ခသည်လှေတစီး။ (ဇွန် ၂၄၊ ၂၀၂၀)

[Zawgyi/Unicode]

နိုင်ငံမှာ စစ်အာဏာသိမ်းမှုပါ ထပ်ဖြစ်လာလို့ မြန်မာနေရပ်ပြန်ရေးက ပိုပြီး မရေရာလာတဲ့အတွက် ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းအသီးသီးကနေ ရိုဟင်ဂျာဒုက္ခသည်တွေဟာ ပင်လယ်ပြင်ကို ထွက်ခွာနေကြတယ်လို့ ဒုက္ခသည်တွေကပြောပါတယ်။ အခုဆိုရင်ပင်လယ်ထဲမှာ အစာရေစာပြတ်လပ်ပြီ းဒုက္ခမျိုးစုံကြုံရတဲ့အပြင် ဆိုက်ကပ်ရာနိုင်ငံတွေမှာ ဖမ်းဆီးထိန်းသိမ်းခံရမှုတွေနဲ့ပါ ရင်ဆိုင်နေကြရတဲ့အခြေအနေ ဗွီအိုအေသတင်းထောက် မဆုမွန် ဆက်သွယ်မေးမြန်းထားပါတယ်။

ရခိုင်မြောက်ပိုင်းကနေ တိမ်းရှောင်လာကြတဲ့ ရိုဟင်ဂျာဒုက္ခသည်သိန်းချီ ခိုလှုံရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားခရိုင်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့်ဇ်ဘဇားခရိုင်ထဲက အကြီးမားဆုံးဒုက္ခသည်စခန်းတွေဖြစ်တဲ့ ကုတုပလောင်နဲ့ ဘာလုခါလီ ဒုက္ခသည်စခန်းတွေကနေ ရိုဟင်ဂျာဒုက္ခသည်တွေ မိသားစုလိုက် သူတို့ ဘဝရှေ့ရေးအတွက် ပင်လယ်ပြင်ခရီးတွေနဲ့ ထွက်ခွာနေကြတာလို့ ဘာလုခါလီဒုက္ခသည်စခန်းက ရိုဟင်ဂျာဒုက္ခသည် ဦးကျော်မြင့်က ပြောပြပါတယ်။

"အခုဆိုရင် Andaman ပင်လယ်ထဲမှာ မျောပါနေတဲ့ စက်လှေတစီးမှာ ရိုဟင်ဂျာဒုက္ခသည်တွေ ပါဝင်နေပါတယ်။ အဲ့ဒီ့လှေစီးပြေးဒုက္ခသည်တွေက ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းအသီးသီးကနေ အဓိကကတော့ ကုတုပလောင်ဒုက္ခသည်စခန်း ရှိတယ်။ နောက် ကျနော်တို့ ဘာလုခါလီ ဒုက္ခသည်စခန်းရှိတယ် ဒီဒုက္ခသည်စခန်းအကြီးတွေကနေ လူတွေက အများဆုံးထွက်ခွာနေကြတာလို့ ကျနော်တို့ကကြားသိရပါတယ်။ အခုဆို ဘာဆန်ချာကျွန်းဆီကိုလည်း လူတွေက အများအပြားသွားနေကြတာပါ။ အဲ့ဒီ့ဒုက္ခသည်တွေက ဘာကြောင့် ဒီလိုသွားနေကြတာလဲဆိုရင် အခုဆို ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းထဲမှာ ကျနော်တို့တွေ ခိုလှုံနေကြရတာ ၄ နှစ်ကျော်ရှိလာနေတာကို မြန်မာဘက်ကနေ မှန်ကန်တဲ့လမ်းကြောင်းနဲ့ လုပ်ဆောင်လာခြင်း မရှိတဲ့အပြင် အခုတဖန် စစ်အာဏာသိမ်းမှုကြောင့် ပိုပြီးတော့ ကျနော်တို့ အိမ်ပြန်မယ့်လမ်းကြောင်းက ပိုပြီးတော့ ဝေးကွာလာတာကို မြင်တွေ့ရသဖြင့် ရွေးချယ်စရာလမ်းမရှိတော့ စိတ်ပျက်အားလျော့စွာနဲ့ အေးချမ်းသာယာတဲ့ လမ်းကြောင်းများရမလားဆိုပြီး အဲ့သလို ရည်ရွယ်ချက်၊ ရည်မှန်းချက်တွေနဲ့ လူတွေက ထွက်ခွာကြတာတွေ့ရပါတယ်။"

အခုလိုပင်လယ်ထဲမှာ အသက်ဘေးအန္တရာယ်ထိခိုက်ရတဲ့အထိ ဒုက္ခမျိုးစုံကြုံနေကြရတဲ့အတွက် ရိုဟင်ဂျာဒုက္ခသည်စခန်းတွေထဲကနေ လူကုန်ကူးတွေရဲ့စကား နားမယောင်ကြဖို့လည်း ရိုဟင်ဂျာခေါင်းဆောင်တွေနဲ့ ဒုက္ခသည်စခန်းတာဝန်ခံတွေဘက်က ပညာပေးလှုံ့ဆော်နေကြတယ်လို့ ဦးကျော်မြင့်က ဆက်ပြောပြပါတယ်။

"ရိုဟင်ဂျာဒုက္ခသည်စခန်းရဲ့သက်ဆိုင်တဲ့ခေါင်းဆောင်တွေ ကော်မတီအဖွဲ့အစည်းအသီးသီးကနေ လူကုန်ကူးပွဲစားတွေ စကားနားမယောင်ကြဖို့ နောက် စခန်းထဲမှာပဲ ကောင်းကောင်းမွန်မွန်နေထိုင်ကြဖို့ အမြဲတမ်း တိုက်တွန်းနေတာရှိတယ်။ နောက် ဘင်္ဂလားဒေ့ရှ်အစိုးရဘက်ကရော NGO အဖွဲ့အစည်းတွေဘက်ကလည်း အမြဲတမ်းပညာပေးတိုက်တွန်းနေတာရှိတယ်။ ဒါပေမဲ့ လူကုန်ကူးပွဲစားတွေရဲ့ သွေးဆောင်မှုကြောင့် လူတွေက ပင်လယ်ဖြတ်ပြီး မလေးရှားဘက်ကို ခဏခဏ ထွက်ပြေးနေကြတာတွေ့ရပါတယ်။ ဒီလိုထွက်ခွာလို့ ပင်လယ်ထဲမှာ သေဆုံးကြရတာရယ်၊ နောက် ဆိုက်တဲ့နေရာအသီးသီးမှာ ဖမ်းဆီးခံနေရတာရယ်ကြောင့် ဒုက္ခမျိုးစုံရောက်နေကြရတာတွေ့တော့ ကျနော်တို့လည်း အင်မတန်မှ စိုးရိမ်နေကြရပါတယ်။ ဒါတွေကို ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ဒီလှေစီးပြေးတွေကို အမြန်ဆုံးကယ်တင်ပေးကြပါရန်နဲ့ ကျနော်တို့ ရိုဟင်ဂျာဒုက္ခသည်တွေများ၏ အကြပ်အတည်းကို ခိုင်မာသော ဆုံးဖြတ်ချက်လုပ်ရပ်တစုံတခုနဲ့ ဖြေရှင်းပေးကြပါလို့ ကျနော်တို့က တောင်းဆိုချင်ပါတယ်။"

မဆုမွန်။ ။ ဟုတ်ကဲ့ အဲ့ဒီ့တော့ အခုက စခန်းထဲမှာ အနာဂတ်မျှော်လင့်ချက်မရှိတော့ ဘာဆန်ချာကျွန်းကိုသွားကြတယ် အခုဆို ပင်လယ်ထဲကို လှေစီးပြီးပြေးကြတယ်။ အဲ့တော့ မြန်မာနိုင်ငံဘက်ကို ပြန်ဖို့အခြေအနေက အခုလက်ရှိမြန်မာနိုင်ငံမှာ စစ်အုပ်ချုပ်ရေးပေါ့နော်... ကောင်စီကနေပြီးတော့ တိုင်းပြည်ရဲ့အာဏာကို ထိန်းချုပ်လိုက်တဲ့ အနေအထားမှာ ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးကို ဒုက္ခသည်တွေဘက်က ဘယ်လိုမျှော်လင့်ချက် စိုးရိမ်ချက်ရှိလဲ။

"မြန်မာပြည်ဘက်ကတော့ ယနေ့အချိန်အထိ ကိုဖီအာနန်ရဲ့အကြံပြုချက်အတိုင်းသော်လည်းကောင်း ကျနော်တို့ ရိုဟင်ဂျာဒုက္ခသည်တွေ တစိုက်မတ်မတ်တောင်းဆိုချက်တွေအတိုင်းသော်လည်းကောင်း နိုင်ငံတကာအသိုင်းအဝိုင်း၏ တိုက်တွန်းချက်တွေကိုသော်လည်းကောင်း သူတို့ဘက်က ဘယ်နည်းနဲ့မှ နည်းတခုခုနဲ့တောင် လက်ခံထားတာမရှိသေးလို့ ဒါကြောင့်အခု အာဏာသိမ်းမှုကြောင့် ပိုပြီးတော့ လူတွေ စိုးရိမ်လာနေကြပါတယ်ခင်ဗျ။"

အခုလိုရိုဟင်ဂျာတွေဘက်က နေရပ်ပြန်နိုင်ရေး စိုးရိမ်မှုတွေ ပိုမြင့်တက်လာချိန်မှာပဲ ရိုဟင်ဂျာဆိုတဲ့အသုံးကို လက်ခံမထားတဲ့မြန်မာနိုင်ငံဘက်မှာ အခုလက်ရှိအုပ်ချုပ်ရေးအာဏာ အပြောင်းအလဲကာလဖြစ်နေတဲ့အတွက် ရိုဟင်ဂျာတွေရဲ့နေရပ်ပြန်ရေးကတော့ မရေမရာဖြစ်နေဆဲဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]










XS
SM
MD
LG