သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်းဒင်ဖြစ်ရပ်သေဆုံးမှု နစ်နာသူ ရိုဟင်ဂျာအမျိုးသမီး တရားစွဲဆို


အင်းဒင်ကျေးရွာမှာ အသတ်ခံခဲ့ရတဲ့ ရိုဟင်ဂျာ ၁၀ ဦး။ (စက်တင်ဘာ ၂၊ ၂၀၁၇)
အင်းဒင်ကျေးရွာမှာ အသတ်ခံခဲ့ရတဲ့ ရိုဟင်ဂျာ ၁၀ ဦး။ (စက်တင်ဘာ ၂၊ ၂၀၁၇)

(Zawgyi / Unicode)

သေဆုံးသွားတဲ့ ခင်ပွန်းဖြစ်သူအတွက် နစ်နာကြေး ‘အမေရိကန်ဒေါ်လာ ၂ သန်း’ ပေးဖို့ မြန်မာအစိုးရကို ရိုဟင်ဂျာအမျိုးသမီးတဦးက တောင်းဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်တုန်းက မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ မြန်မာစစ်တပ်ရဲ့ အကြမ်းဖက် ဖြိုခွဲမှုတွေအတွင်း စစ်သားတွေသတ်လို့ သေဆုံးသွားရတဲ့ သူမခင်ပွန်းအတွက် နစ်နာကြေး တောင်းဆိုလိုက်တာလို့ ရှေ့နေတွေက ပြောပါတယ်။

Legal Action Worldwide (LAW) and International law firm ကမ္ဘာလုံးဆိုင်ရာ တရားမျှတမှုရရှိရေး ဆောင်ရွက်ပေးနေတဲ့ ရှေ့နေအဖွဲ့ကြီးကနေ ဒီသီတင်းပတ် ကြာသပတေးနေ့ကပဲ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ထံကို အင်းဒင်ကျေးရွာမှာ အသတ်ခံလိုက်ရတဲ့ ရိုဟင်ဂျာ Shoket Ullah ရဲ့ ဇနီးဖြစ်သူ ရိုဟင်ဂျာမုဆိုးမ Setara Begum ရဲ့ကိုယ်စား အမှုတွဲ စတင်သွင်းလိုက်တာ ဖြစ်ပါတယ်။

ဒီလိုမျိုး မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ဆီကို ဦးတိုက်လျှောက်ထားတဲ့ နစ်နာကြေး တောင်းဆိုမှုကတော့ ရိုဟင်ဂျာတွေကြားမှာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ ဂျီနီဗာအခြေစိုက် ဥပဒေရေးရာ အခမဲ့ အကျိုးဆောင်ပေးနေတဲ့ ရှေ့နေအဖွဲ့ Law က ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ လူ့အခွင့်အရေးကော်မရှင်ရဲ့ မှတ်ချက်ရနိုင်ဖို့ Reuters သတင်းဌာနက ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့သလို မြန်မာအစိုးရဖြစ်စေ အမျိုးသား လူ့အခွင့်အရေးကော်မရှင်ဘက်ကဖြစ်စေ တစုံတရာ မှတ်ချက်ပေး ပြောဆိုတာ မရှိသေးပါဘူး။

Begum ရဲ့ ခင်ပွန်းဖြစ်သူ အသက် ၃၅ နှစ်အရွယ် Shoket Ullah ဟာ ၂၀၁၇ ခုနှစ် စက်တင်ဘာတုန်းက အင်းဒင်ကျေးရွာမှာ ရွာသားတွေနဲ့ စစ်သားတွေရဲ့ သတ်ဖြတ်မှုခံရပြီး လူအစုလိုက်အပြုံလိုက် မြေမြှုပ်ခံလိုက်ရတဲ့ အမျိုးသား ၁၀ ဦးထဲက တဦးဖြစ်ပါတယ်။

အင်းဒင်ကျေးရွာ လူသတ်မှုနဲ့ ပတ်သက်လို့ တာဝန်ရှိတဲ့ စစ်သားတွေကို တပ်မတော်ဘက်က စစ်ခုံရုံးနဲ့ စုံစမ်းစစ်ဆေးပြီး အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ပေမယ့် တနှစ်တောင်မကြာဘဲ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာကြတာပါ။

ဒီနစ်နာကြေး တောင်းဆိုချက်ဟာ သူမခင်ပွန်းအတွက်အပြင် သူ့ရဲ့ခင်ပွန်းလိုမျိုး အသက်ဆုံးရှုံးခဲ့ရတဲ့ အဖြစ်ဆိုးမျိုး ကြုံခဲ့ရသူတိုင်းအတွက် တရားမျှတမှုရရေးအတွက် ဖြစ်တယ်လို့ အသက် ၂၃ နှစ်အရွယ် ရိုဟင်ဂျာမုဆိုးမ Begum က ပြောပါတယ်။

ဒီ အင်းဒင်ကျေးရွာလူသတ်မှုကို စုံစမ်းဖော်ထုတ်ခဲ့တဲ့ Reuters သတင်းသမားနှစ်ဦးဖြစ်တဲ့ ဝလုံးနဲ့ ကျော်စိုးဦးတို့ဟာလည်း နိုင်ငံတော်လျှို့ဝှက်ချက် ဖောက်ဖျက်မှုနဲ့ အကျဉ်းထောင်ထဲ တနှစ်ခွဲလောက် နေခဲ့ရပါတယ်။

၂၀၁၇ ခုနှစ် ရိုဟင်ဂျာအရေးအခင်းမှာ မြန်မာအစိုးရတပ်ဘက်က နယ်မြေရှင်းလင်းရေးတွေကြောင့် သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

ဒီဖြစ်ရပ်တွေနဲ့ပတ်သက်လို့ မြန်မာအစိုးရအနေနဲ့လည်း လူမျိုးတုံးသတ်ဖြတ်မှုစွဲချက်နဲ့ နိုင်ငံတကာ တရားခုံရုံးမှာ အမှုရင်ဆိုင်နေရပါတယ်။

မြန်မာအစိုးရဘက်ကတော့ လူမျိုးတုံးသတ်ဖြတ်မှု ဖြစ်ခဲ့တယ်ဆိုတာကို ငြင်းဆန်သလို ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကိုလည်း လက်မခံပါဘူး။

တိုက်ရိုက် လင့်ခ်

----------------------

(Unicode)














XS
SM
MD
LG