သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းဒုံးကျည် Sevastopol သင်္ဘောကျင်းကို ထိမှန်ကြောင်း ရုရှားပြော


ရုရှားသိမ်းပိုက်ထားတဲ့ ခရိုင်းမီးယားက Sevastopol သင်္ဘောကျင်းကို ယူကရိန်းက ဒုံးကျည်နဲ့ တိုက်ခိုက်ထားတဲ့မြင်ကွင်း။
ရုရှားသိမ်းပိုက်ထားတဲ့ ခရိုင်းမီးယားက Sevastopol သင်္ဘောကျင်းကို ယူကရိန်းက ဒုံးကျည်နဲ့ တိုက်ခိုက်ထားတဲ့မြင်ကွင်း။

ရုရှားသိမ်းပိုက်ထားတဲ့ ခရိုင်းမီးယားက ဗျူဟာမြောက် Sevastopol မြို့က သင်္ဘောကျင်းကို ဗုဒ္ဓဟူးနေ့မှာ ယူကရိန်းဘက်က ဒုံးကျည်နဲ့တိုက်ခိုက်မှုကြောင့် လူ ၂၄ ဦး ဒဏ်ရာရခဲ့ပြီး အဲဒီမှာ ဒေါက်တင်ပြင်ဆင်နေတဲ့ သင်္ဘောနှစ်စင်းလည်း ပျက်စီးခဲ့တဲ့အပြင် သင်္ဘောကျင်းရဲ့အစိတ်အပိုင်းတချို့ မီးလောင်ခဲ့ကြောင်း ရုရှားအာဏာပိုင်တွေက သတင်းထုတ်ပြန်ပါတယ်။

ယူကရိန်းဘက်က ခရုဇ်ဒုံးကျည် ၁၀ စင်းနဲ့ မောင်းသူမဲ့ လှေသုံးစင်းကိုသုံးပြီး သင်္ဘောကျင်းကိုတိုက်ခိုက်ခဲ့ရာမှာ ရုရှားလေကြောင်းရန်ကာကွယ်ရေးက ဒုံးကျည် ၇ စင်းနဲ့ လှေအားလုံးကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ ဒီသင်္ဘောကျင်းဟာ ရုရှားရဲ့ ပင်လယ်နက်ရေယာဉ်အုပ်စုအတွက် အရေးပါတဲ့ အဓိကအခြေစိုက်စခန်းတခုဖြစ်ပါတယ်။

တချိန်တည်းမှာပဲ ရုရှားရဲ့တိုက်ခိုက်မှုအတွင်း အရပ်သား ၃ ဦးထက်မနည်း သေဆုံးပြီး ၁၄ ဦး ဒဏ်ရာရခဲ့တယ်လို့ ယူကရိန်းသမ္မတရုံးက ပြောပါတယ်။ ယူကရိန်းနိုင်ငံတောင်ပိုင်း အိုဒက်ဆာ (Odesa) ဒေသမှာ အရုဏ်မတက်မီ ရုရှားဘက်ကတိုက်ခိုက်မှုကြောင့် ဒန်းညု Danube မြစ်ပေါ်က ယူကရိန်း ကောက်နှံ တင်ပို့မှုရဲ့အချက်အချာဒေသ အစ်ဇ်မေး (Izmail) ခရိုင်ရှိဆိပ်ကမ်းနဲ့ အရပ်ဘက် အခြေခံအဆောက်အအုံတွေ ပျက်စီးသွားခဲ့ပါတယ်။ ဗုဒ္ဓဟူးနေ့မှာပဲ အဲဒီလို အရပ်ဘက်အခြေခံအဆောက်အအုံတွေအပေါ် တိုက်ခိုက်မှုတွေရပ်ဖို့ ကုလသမဂ္ဂက တောင်းဆိုထားတာပါ။

“ရုရှားဘက်က ပင်လယ်နက်ကောက်နှံတင်ပို့မှုသဘောတူညီချက်ကနေ နုတ်ထွက်ပြီး လွန်ခဲ့တဲ့ နှစ်လနီးပါးအတွင်း ယူကရိန်းဆိပ်ကမ်းတွေ တိုက်ခိုက်ခံရတာ ၂၁ ကြိမ်ရှိပြီ” လို့ ယူကရိန်းဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ညှိနှိုင်းရေးမှူး ဒင်းနစ်ဘရောင်းက ကြေညာချက်ထုတ်ပြန်ပါတယ်။ “ရုရှားရဲ့ ရက်စက် ကြမ်းကြုတ်တဲ့ ဒီလို တိုက်ခိုက်မှုတွေရဲ့အကျိုးဆက်တွေက ယူကရိန်းပြည်သူတွေနဲ့ ကမ္ဘာတဝန်းက ငတ်မွတ်ခေါင်းပါးမှုဒဏ်ရင်ဆိုင်နေရတဲ့ လူပေါင်း ၃၄၅ သန်းအတွက် ကပ်ဆိုးကြီးပဲ” လို့ ကုလသမဂ္ဂက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG