သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းမှာ အရပ်သားတွေသတ်ဖြတ်ခံရမှု ကုလလုံခြုံရေးကောင်စီမှာ ဆွေးနွေးမည်


ယူကရိန်းနိုင်ငံ၊  Kyiv မြို့နားက Bucha မြို့မှာ သေဆုံးသူတွေကို အစုလိုက်မြှုပ်နှံနေတဲ့မြင်ကွင်း။ (ဧပြီ ၄၊ ၂၀၂၂)  
ယူကရိန်းနိုင်ငံ၊  Kyiv မြို့နားက Bucha မြို့မှာ သေဆုံးသူတွေကို အစုလိုက်မြှုပ်နှံနေတဲ့မြင်ကွင်း။ (ဧပြီ ၄၊ ၂၀၂၂)  

[[Zawgyi/Unicode]]

ရုရှားသမ္မတ Vladimir Putin ကို စစ်ရာဇဝတ်မှုမြောက်တဲ့တရားစီရင်မှုနဲ့ ရင်ဆိုင်ရမယ်လို့ အမေရိကန်သမ္မတ Joe Biden ပြောလိုက်ပြီး တရက်အကြာမှာပဲ ယူကရိန်းမှာ အရပ်သားတွေသတ်ဖြတ်ခံရတာနဲ့ပတ်သတ်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဒီနေ့ အင်္ဂါနေ့ အစည်းအဝေးမှာ ဆွေးနွေးကြဖို့ရှိပါတယ်။

ဒီ အစည်းအဝေးမှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres နဲ့ ကုလသမဂ္ဂ လူသားချင်းစာနာထောက် ထားမှုဆိုင်ရာအကြီးအကဲ Martin Griffiths တို့ရဲ့ တင်ပြချက်တွေအပြင် ယူကရိန်းသမ္မတ Volodymyr Zelenskyy ကလည်း မိန့်ခွန်းပြောမှာပါ။ မကြာသေးမီ ရက်တွေအတွင်း ယူကရိန်း မြို့တော် Kyiv နားက Bucha မြို့ကလေးမှာ ရုရှားတပ်ဖွဲ့တွေ ကျူးလွန်ခဲ့တာတွေကို ဆွေးနွေးခဲ့တဲ့အကြောင်း ယူကရိန်း နိုင်ငံခြားရေးဝန်ကြီး Dmytro Kuleba က ပြောပါတယ်။

ရုရှားဘက်ကတော့ Bucha မြို့အတွင်း အရပ်သားတွေကို သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ငြင်းဆိုထားပြီး ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov က "ရုရှားဆန့်ကျင်ရေးကို လှုံ့ဆော်မှု"အဖြစ် တမင် ဇာတ်လမ်းဆင်ထားတယ်လို့ ဆိုပါတယ်။ ကုလသမဂ္ဂဆိုင်ရာ ရုရှားသံအမတ်ကြီးကလည်း အင်္ဂါနေ့ လုံခြုံရေးကောင်စီအစည်းအဝေးမှာ " ဖြစ်ရပ်မှန် အထောက်အထားတွေ" တင်ပြမယ်လို့ ပြောပါတယ်။

မြို့တော် Kyiv နဲ့ မြို့တော်တော်များများကနေ ယူကရိန်းအရပ်သား ၄၁၀ ဦးရဲ့ ရုပ်အလောင်းတွေကို ရုရှားတပ်ဖွဲ့တွေဆီကနေ ပြန်လည်သိမ်းယူခဲ့ရတယ်လို့ ယူကရိန်းအစိုးရ ရှေ့နေချုပ် Iryna Venediktova က ဆိုပါတယ်။

ယူကရိန်းရဲ့ တောင်းဆိုချက်အရ ရုရှားရဲ့ကျူးလွန်မှုတွေကိုထုတ်ဖော်ဖို့ အထောက်အထားတွေ စုဆောင်းပေးတဲ့ နိုင်ငံစုံ အစိုးရရှေ့နေအဖွဲ့တွေကို ထောက်ပံ့ပေးသွားမယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက ပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

=============


[[Unicode]]







=============

XS
SM
MD
LG