စစ်ကိုင်းတိုင်းထဲက စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေမှာ စက်တပ်လေထီး Paramotor အသုံးပြုတာ များလာတယ်လို့ တော်လှန်ရေးမှာ ပါဝင်သူတွေနဲ့ စစ်ရှောင်ကူညီနေသူတွေက ပြောပါတယ်။ စက်တပ်လေထီးနဲ့ ကင်းထောက်ပျံဝဲတာအပြင် လေကြောင်းကနေ ဗုံးကြဲချတာမျိုးလည်း ရှိနေပြီး အရပ်သား ထိခိုက်သေဆုံးတဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့တယ်လို့ ပြောပါတယ်။ ရန်ကုန်က သတင်းပေးပို့ထားပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ တိုက်ပွဲတွေအတွင်းမှာ စစ်ကောင်စီဘက်က လေကြောင်းအသုံးပြု တိုက်ခိုက်တာတွေ ရှိနေတာမှာ အခုနှစ် ၂၀၂၅ နှစ် အစပိုင်းမှာတော့ Paramotor လို့ခေါ်တဲ့ လေထီးမှာ စက်တပ်ထားပြီး လူကိုယ်တိုင်လိုက်ပါပြီး ကိုယ်လိုရာပျံသန်းကာ ကင်းထောက်နိုင်တဲ့ စက်တပ်လေထီးတွေကိုပါ အသုံးပြုလာတာ တွေ့ရတယ်လို့ တော်လှန်ရေးအဖွဲ့တွေက ပြောပါတယ်။
စက်တပ်လေထီးကို စစ်ကိုင်း၊ မကွေး၊ မန္တလေးနဲ့ ရခိုင်ပြည်နယ်အပါအဝင် ပဲခူးတိုင်းနဲ့ ဧရာဝတီ တိုင်းမှာလည်း အသုံးပြုလာတာ တွေ့ရပါတယ်။ အထူးသဖြင့် အညာဒေသမှာ ဖေဖော်ဝါရီလကစပြီး အသုံးပြုတာ များလာတယ်လို့ စစ်ကိုင်းတိုင်းထဲက စစ်ရှောင်တွေကို ဆေးကုသပေးနေသူ တဦးက ပြောပါတယ်။
"စစ်ကိုင်းတိုင်းထဲမှာ မုံရွာမြို့နယ်ဆို ချောင်းဦးနယ်ဘက်ကို လေကြောင်းတိုက်ခိုက်တာ ပိုများတယ်။ စစ်ရှောင်စခန်းတွေ ရှိတဲ့နေရာတို့၊ ဘုန်းကြီးကျောင်းတွေမှာ တော်တော်များများချတယ်။ အခုနောက်ပိုင်းဆို ဂျက်ဖိုက်တာနည်းတယ်။ စက်တပ်လေထီးတွေ သုံးတာကများလာတာ။ ၂ စင်း၊ ၃ စင်း အဲလိုမျိုးတွေပေါ့နော်။ ၁ စင်းကို တချို့ဆိုရင် ဗုံး ၄ လုံး၊ ၅ လုံးနိုင်တယ်။ သူတို့ရဲ့ ပေါက်ကွဲမှုပြင်းအားပေါ် မူတည်ပြီးတော့ နေမှာပေါ့။ အဲဒီလေထီးလာလို့ တခါတခါ ချလို့ရှိရင် ၂ လုံး၊ ၄ လုံးက ဆက်တိုက်ချတာပဲ။"
စစ်ကိုင်းတိုင်းထဲက တိုက်ပွဲတွေမှာ လေကြောင်းတိုက်ခိုက်တဲ့အထဲ ဂျက်ဖိုက်တာအပြင် စက်တပ်လေထီးနဲ့ ဗုံးကြဲတာမျိုးလည်း များလာတယ်လို့ မုံရွာမြို့နယ်၊ ပလဖတာဝန်ခံ ကိုအာကူးက ပြောပါတယ်။
"အခုနောက်ပိုင်းမှာ Paramotor တွေကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာတာပေါ့။ သူတို့က စစ်ရေးပစ်မှတ်အနေနဲ့ တိုက်ခိုက်တာပေါ့။ ဒါပေမဲ့ သူတို့ အခု တိုက်ခိုက်တာတွေက အများဆုံးထိခိုက်တာက ပြည်သူတွေပဲ ဖြစ်နေတယ်။ ပြည်သူတွေရှိတဲ့ ရွာတွေပေါ် ကြဲချတာမျိုး၊ စစ်မြေပြင်နဲ့ မဆိုင်တဲ့နေရာတွေ ကြဲချတာမျိုးတော့ ဒီဘက်မှာ ပြုလုပ်နေတယ်ဗျ။ တာဝါကုန်း တိုက်ပွဲတုန်းကဆိုရင်လည်း တိုက်ပွဲဖြစ်ပွားပြီးချိန်မှာ Paramotor စက်တပ်လေထီး ၂ စီး တက်လာတယ်။ ရဟတ်ယာဉ်နဲ့လည်း ပစ်တယ်။ Paramotor နဲ့လည်း ကြဲချတယ်။ အခု ချောင်းဦးဘက်မှာ တိုက်ပွဲတွေဖြစ်တယ် ဆိုတာလည်း ဒီ Paramotor ကို ကျယ်ကျယ်ပြန့်ပြန့်ကြီး အသုံးပြုလာတာပေါ့။"
အခုနှစ်ဆန်းပိုင်းမှာ အသုံးများလာတဲ့ Paramotor ကို မုံရွာ-ရေဦး အဝေးပြေးလမ်းမအနီးမှာရှိတဲ့ အနောက်မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကနေ အထိုင်ချပြီး ပျံသန်းနေတာ တွေ့ရတယ်လို့ ပြောပါတယ်။ လေကြောင်းရန်ကြောင့် အရပ်သားပြည်သူတွေအနေနဲ့ ဗုံးခိုကျင်း မဖြစ်မနေ တူးထားကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။
"နမခကနေတက်ပြီး ဘယ်လားလဲ။ အရှေ့လား၊ အနောက်လား၊ အနောက်တောင်လား။ အဲလို သူတို့လားရာသွားပြီးတော့ ချတယ်။ ချပြီးရင် အဲဒီကနေ ပြန်ပတ်ပြီးတော့ နမခထဲကိုပဲ ပြန်ဆင်းပါတယ်။ ပြည်သူတွေအနေနဲ့ကတော့ ဗုံးခိုကျင်းတွေ တူးထားကြဖို့ပေါ့နော်။ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ခပ်စိပ်စိပ် ပြုလုပ်လာတဲ့အပေါ်မှာ ဗုံးခိုကျင်းကသာ အန္တရာယ်ကို အများဆုံး ကာကွယ်ပေးနိုင်မှာပေါ့။ ဗုံးခိုကျင်းတွေ တူးကြဖို့ပဲ အကြံပေးလိုပါတယ်ဗျ။"
စစ်ကောင်စီရဲ့ စက်တပ်လေထီး Paramotor နဲ့ ဗုံးကြဲတိုက်ခိုက်လို့ စစ်ရှောင်တွေနဲ့ အရပ်သားပြည်သူတွေ ရှိတဲ့နေရာတွေမှာ ထိခိုက်ပျက်စီးတာတွေလည်း ရှိနေတယ်လို့ ဒေသတွင်းအဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။
လေထီးအမျိုးအစားပေါ် မူတည်ပြီး တနာရီမှာ ၆၃ မိုင်နှုန်း ပျံသန်းနိုင်တဲ့ Paramotor ဟာ အမြင့်ပေ ၁၀,၀၀၀ အထိလည်း ပျံသန်းနိုင်ပါတယ်။ အခုနောက်ပိုင်းမှာ အသုံးများလာတဲ့ စက်တပ်လေထီးနဲ့ တိုက်ခိုက်မှုကြောင့် ဗုံးခိုကျင်းတူးပြီး ပုန်းခိုနိုင်ဖို့ကိုလည်း ဒေသခံ တော်လှန်ရေးအဖွဲ့တွေက သတိပေးလာကြပါတယ်။
Forum