သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကိုင်းတိုင်း ကနီမြို့ထဲ စစ်တပ် မဝင်နိုင်အောင် အရပ်သားတွေ လက်နက်သုံး တားဆီး


မှတ်တမ်းဓါတ်ပုံ မတ်လ ၂၈ ရက်နေ့က စစ်ကိုင်းတိုင်း ကလေးမြို့ဝင်ဝရှိ သပိတ်ခံတပ်များ
မှတ်တမ်းဓါတ်ပုံ မတ်လ ၂၈ ရက်နေ့က စစ်ကိုင်းတိုင်း ကလေးမြို့ဝင်ဝရှိ သပိတ်ခံတပ်များ

(Zawgyi/Unicode)

စစ်ကိုင်းတိုင်းထဲမှာရှိတဲ့ ကနီမြို့ ထဲဝင်ဖို့ ကြိုးစားနေတဲ့ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံတွေ မြို့ပြင်မှာ အင်္ဂါနေ့ညနေကအပြန်အလှန် ပစ်ခတ် တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ ယင်းမာပင်မြို့နဲ့ ကနီမြို့ကြားမှာ လုံခြုံရေးယူထားတဲ့ စစ်သားတွေကို တနင်္လာနေ့ညပိုင်းက ဒေသခံတွေပစ်ခတ်လို့ စစ်သား ၂ ယောက်သေဆုံးခဲ့ပြီးနောက် ခုလို အပြန်အလှန် တိုက်ခိုက်နေကြတာဖြစ်ပါတယ်။ ရန်ကုန်ကလာတဲ့သတင်းကို ကိုရဲမွန်က တင်ပြပါမယ်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နဲ့ ကနီမြို့ကြားက ဆက်သွယ်ရေး တာဝါတိုင်မှာ လုံခြုံရေး ယူထားတဲ့ စစ်သား ၅ ဦးကို ဧပြီ ၁၉ ရက် ညပိုင်းက ဒေသခံ တွေ လက်လုပ်လက်နက်တွေနဲ့ ပစ်ခတ်ခဲ့လို့ ၂ ဦးသေဆုံးခဲ့ပြီးနောက်၊ ဧပြီ ၂၀ ရက်နေ့မှာတော့ အဲဒီနားက ကျေးရွာတွေကို တပ်တွေဘက်က ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။ ကနီမြို့မှာ တပ်တွေတိုးချဖို့ ကြိုးစားနေတဲ့ စစ်ကောင်စီတပ်တွေ မြို့ထဲ ဝင်လာလို့ မရအောင် ဒေသခံတွေက မြို့ပြင်ကနေ ဆက်လက် တားဆီး ကာကွယ်နေတာလည်းဖြစ်ပါတယ်။

ဒေသခံတွေကလည်း ပြန်လည်ပစ်ခတ်တဲ့အတွက် ညနေ ၆ နာရီကျော်တဲ့အထိ တိုက်ပွဲပြင်းထန်နေတယ်လို့ ကနီမြို့ခံတဦးက ပြောပြပါတယ်။

“သူတို့က အစက ကနီးသွားချင်တာ ဒီဟာတွေက ပစ်ခတ်တဲ့အတွက် လတ်တလော အနေအထားအရ ရွာတွေကိုပဲ ထိပ်တိုက်တွေ့နေတယ်။ ပြီးမှ အေးဆေးမှ ကနီကို တက်ရမှာ။ မနေ့က ပစ်ခတ်မှုတွေက ယာကြီးနဲ့ လဘို့ ကနီနယ်ပေါ့။ ယာကြီးနဲ့လဘို့နဲ့ကြားမှာ တာဝါတိုင်မှာရှိတဲ့ အစောင့် စစ်သား ၅ ဦးကို သွားပြီးတော့ ပစ်လိုက်တဲ့အခါမှာ ၂ ဦးကတော့ အဲ့နေရာမှာ ပွဲချင်းပြီးသေသွားတယ်။ ၃ ဦးကတော့ ထွက်ပြေးလွတ်မြောက်သွားတယ်။ လောလောဆယ် ယင်းမာပင်မြို့နယ် ဝင်းကုန်း ၊ ပလောက် ၊ သစ်ယာပင် အဲ့ဒေသတွေမှာ တိုက်ပွဲတွေ ဖြစ်နေပါတယ်။ အခုလတ်တလော ၂ ဖက် ဟိုဘက်ဒီဘက် ပစ်ခတ်မှုတွေ ဖြစ်နေတော့ အတိအကျတော့ မသိရသေးဘူး။”

အဲဒီဖက်ကလာတဲ့ တချို့သတင်းတွေမှာ ရွာသား ၆ ဦးထက်မနည်း သေဆုံးတယ်လို့ ပြောပေမဲ့ ဗွီအိုအေက အတည်မပြုနိုင်သေးပါဘူး။ စစ်ကိုင်းတိုင်းထဲက ဒေသတချိုု့မှာ အမဲလိုက်တဲ့ တူမီးသေနတ်တွေကို ဒေသခံတွေ ကိုင်ဆောင်ကြလေ့ရှိတာမို့ အခုလို အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်နေတာပါ။

အရင်နေ့တွေ့က အရပ်သား ၁၁ ယောက် သေဆုံးခဲ့တဲ့ ကလေးမြို့မှာတော့ အပစ်အခတ်တွေ အင်္ဂါနေ့က မရှိပေမဲ့ မြို့ထဲမှာ လုံခြုံရေး တင်းကြပ်စစ်ဆေးတာတွေ လုပ်နေပါတယ်။

အလားတူ အိန္ဒိယနိုင်ငံနဲ့ နယ်စပ် တမူးမြို့မှာလည်း တနင်္ဂနွေနေ့မှာ ပစ်ခတ်မှုတွေ မရှိပေမဲ့ တပ်တွေက မြို့ထဲမှာ လုံခြုံရေးယူထားပြီး ဖမ်းဆီးရှာဖွေမယ်ဆိုတဲ့ သတင်းတွေကြောင့် အိန္ဒိယနယ်စပ်ဘက်တွေကို တော်တော်များများ ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။

မြင်းခြံဖက်မှာတော့ မြင်းခြံမြို့ထဲမှာ ငြိမ်ငြိမ်ဆိမ်ဆိမ်ရှိခဲ့ပေမဲ့ မြင်းခြံမြို့ပြင်မှာရှိတဲ့ တလုပ်ရွာကို တပ်တွေ အင်္ဂါနေ့က ဝင်ရောက်ပစ်ခတ်တယ်လို့ မြင်းခြံဒေသခံတယောက်က ပြောပါတယ်။

“မြင်းခြံက ဒီနေ့တနေကုန်ကတော့ ငြိမ်တယ်။ သူတို့ဘက်က ကင်းပတ်တာ ဘာညာတော့ ရှိတယ်။ ဒါပေမယ့် ခုညနေ ၅ နာရီ ပတ်ဝန်းကျင်လောက်က မြင်းခြံမြောက်ဘက်မှာရှိတဲ့ တလုပ်မြို့ဆိုတဲ့ရွာကို သူတို့က စစ်ကားတွေနဲ့ သွားတယ်ပေါ့။ သွားပြီး ရွားတံခါးကိုဖျက်ပြီး ဝင်ပစ်နေတယ်ဆိုတဲ့ သတင်း ရတယ်ပေါ့နော်။ မြို့က ရဲတဲ့သူတွေပေါ့နော် လုပ်ရဲကိုင်ရဲရှိတဲ့သူတွေထွက်တယ်ဆိုပြီး နာမည်ကြီးတဲ့ အဲ့ဒီကို ဝင်ပြီး ဖြိုခွဲတာပေါ့။ မြို့နဲ့တော နည်းနည်းလှမ်းတယ်ဗျ။ လုပ်ရဲတဲ့ သတ္တိရှိတဲ့သူတွေပေါတဲ့အတွက် ကျွန်တော်တို့ လှိုင်သာယာတို့ ၊ မန္တလေး အောင်ပင်လယ်တို့လို သူတို့က ဦးချိုးတဲ့ သဘောများလားလို့ ကျွန်တော်က အဲ့လိုသုံးသပ်တယ်။”

မြန်မာနိုင်ငံမှာ စစ်အာဏာရှင်ဆန့်ကျင်တဲ့ ဆန္ဒပြသူတွေအပေါ် တပ်တွေက ကြမ်းကြမ်းတမ်းတမ်း ပစ်ခတ် တုံ့ပြန်တာကြောင့် လမ်းပေါ်ထွက် ချီတက် ဆန္ဒပြမှုတွေ နည်းသွားပေမဲ့ ရတဲ့နည်းနဲ့ ပျောက်ကြားသပိတ်ပုံစံမျိုးတွေ ဆက်ပြီး လုပ်နေကြပါတယ်။ ဆန္ဒပြသူတွေ ပစ်ခတ် ဖမ်းဆီးခံနေရတဲ့အတွက် တချို့နေရာတွေမှာ တပ်တွေကို ပြန်လည် ခံခုမှုတွေလည်း ရှိနေတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


.............


(Unicode)











XS
SM
MD
LG