သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘာသာရေးလွတ်လပ်ခွင့် ဆိုးဝါးတဲ့ မြန်မာ့အခြေအနေ ကန်တင်ပြ


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ၂၀၂၃ ခုနှစ်အတွက် ဘာသာရေးဆိုင်ရာလွတ်လပ်ခွင့်အစီရင်ခံစာအကြောင်း ပြောဆိုဆွေးနွေးစဥ်။ (ဇွန် ၂၆၊ ၂၀၂၄)
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ၂၀၂၃ ခုနှစ်အတွက် ဘာသာရေးဆိုင်ရာလွတ်လပ်ခွင့်အစီရင်ခံစာအကြောင်း ပြောဆိုဆွေးနွေးစဥ်။ (ဇွန် ၂၆၊ ၂၀၂၄)

အမေရိကန် နိုင်ငံခြားဝန်ကြီးဌာနရဲ့ ၂၀၂၃ ခုနှစ်အတွက် အပြည်ပြည်ဆိုင်ရာ ဘာသာရေးလွတ်လပ်ခွင့် အစီရင်ခံစာကို ဗုဒ္ဓဟူးနေ့ကထုတ်ပြန်ခဲ့ရာမှာ မြန်မာနိုင်ငံမှာ ဆက်လက်ဖြစ်ပွားနေတဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေနဲ့ ရိုဟင်ဂျာတွေ အပါအဝင် လူနည်းစု လူမျိုးစုနဲ့ ဘာသာဝင်တွေအပေါ် ဖိနှိပ်မှုတွေအကြောင်း မီးမောင်းထိုး ဖော်ပြထားပါတယ်။ အစီရင်ခံစာထုတ်ပြန်ပွဲမှာ ဝန်ကြီး အန်ထိုနီဘလင်ကန်က Pew သုတေသနစင်တာရဲ့ တွေ့ရှိချက်တွေကို ကိုးကားပြီး နိုင်ငံတကာမှာ ဘာသာရေးဆိုင်ရာကန့်သတ်ချက်တွေဟာ ၂၀၀၇ ခုနှစ် နောက်ပိုင်း အမြင့်ဆုံးအဆင့်ကို ရောက်ရှိသွားပြီလို့ ဆိုပါတယ်။

ဒီပွဲမှာ နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ အမေရိကန်သံအမတ်ကြီး Rashad Hussain က ဖိနှိပ်ချုပ်ချယ်တဲ့ အစိုးရတွေအကြောင်းပြောရာမှာ မြန်မာနိုင်ငံက ဆိုးရွားနေတဲ့ဘာသာရေးလွတ်လပ်ခွင့်အခြေအနေကို ထည့်သွင်း ထောက်ပြခဲ့ပါတယ်။ စစ်ကောင်စီက ဖမ်းဆီးထားတဲ့ သိက္ခာတော်ရ ကချင်နှစ်ခြင်းခရစ်ယာန် သိက္ခာတော်ရ သင်းအုပ်ဆရာ ဒေါက်တာ ခလမ်ဆမ်ဆွမ် (Hkalam Samson) ဖြစ်စဥ်ကို ဥပမာပေးထားပြီး သူဟာ မြန်မာပြည်က လူတိုင်းအတွက် ဘာသာရေးလွတ်လပ်ခွင့်အကြောင်း လှုံ့ဆော်ရင်း မတရားဖမ်းဆီးခံထားရတယ်လို့ ပြောပါတယ်။ ဒါဟာ မြန်မာပြည်က ခရစ်ယာန်ဘာသာဝင်တွေ၊ ဗုဒ္ဓဘာသာဝင်တွေနဲ့ မွတ်ဆလင်တွေ အပါအဝင် တက်ကြွလှုပ်ရှားသူတွေနဲ့ ဘာသာရေးခေါင်းဆောင်အများအပြားကို စစ်ကောင်စီက ရက်ရက်စက်စက် ဖိနှိပ်ချုပ်ချယ် ပစ်မှတ်ထားနေတဲ့ သာဓကတခုလို့ ဆိုပါတယ်။ မြန်မာစစ်တပ်ဟာ ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်ရာမှာ အသုံးပြုခဲ့တဲ့ အလားတူနည်းဗျူဟာတွေကို အခုအခါမှာ ဖိနှိပ်အုပ်ချုပ်မှုကို ဆန့်ကျင်သူတိုင်းကို ပစ်မှတ်ထား လုပ်ဆောင်နေတယ်လို့လည်း အမေရိကန် သံအမတ်ကြီး Hussain က အစီရင်ခံစာ ထုတ်ပြန်ပွဲမှာ ပြောပါတယ်။

ဝန်ကြီး ဘလင်ကန်ကလည်း “ဘာသာရေးလွတ်လပ်ခွင့်ကို လေးစားတာက လွတ်လပ်စွာ ပြောဆိုခွင့်၊ ငြိမ်းချမ်းစွာ စုဝေးခွင့်၊ နိုင်ငံရေးမှာ ပါဝင် ဆောင်ရွက်နိုင်ခွင့်တွေလို တခြားအခွင့်အရေးတွေကို အားကောင်းစေ” တယ်လို့ အစီရင်ခံစာ ထုတ်ပြန်ပွဲမှာ ပြောဆိုခဲ့ပြီး အမေရိကန်ပြည်ထောင်စုအနေနဲ့ ကမ္ဘာတဝန်းက ဘာသာရေးလွတ်လပ်ခွင့် အခြေအနေကို မြှင့်တင်ဖို့ ဆက်လက် လုပ်ဆောင်သွားမယ်လို့ ထပ်မံ ကတိပြုခဲ့ပါတယ်။

“ကမ္ဘာတဝန်း ဘာသာရေးလွတ်လပ်ခွင့်ကို လှုံ့ဆော် မြှင့်တင်တာကြောင့် အကျဉ်းချခံနေရသူတွေကို ပြန်လည် လွတ်မြောက်လာဖို့ မဆုတ်မနစ် လုပ်ဆောင်နေပါတယ်” လို့ ဘလင်ကန်က ပြောပြီး ပြီးခဲ့တဲ့ နှစ်အတွင်းမှာ အမေရိကန်ပြည်ထောင်စုရဲ့ ကြိုးပမ်းမှုကြောင်း အကျဉ်းသား ၄၇ ဦး လွတ်မြောက်လာခဲ့ကြောင်းပြောပါတယ်။ ကမ္ဘာတဝန်းမှာ အပြုသဘောဆောင်တဲ့ တိုးတက်မှု တချို့ ရှိလာနေပေမယ့် ဘာသာရေးလွတ်လပ်ခွင့်မှာ စိန်ခေါ်မှု များစွာ ရှိနေသေးကြောင်းလည်း ပြောပါတယ်။ အမေရိကန်ဟာ ၂၀၂၁ ခုနှစ် က စပြီး ဘာသာရေးအခြေခံ အကြမ်းဖက်မှုတွေကို တားဆီးနိုင်ရေး၊ နှိပ်စက်ညှဉ်းပန်းခံရသူတွေကို တရားဥပဒေဆိုင်ရာ အကူအညီတွေ ပေးအပ်နိုင်ရေးနဲ့ လူ့အခွင့်အရေး ကာကွယ်သူတွေကို စွမ်းဆောင်ရည်မြှင့်တင် သင်တန်းပေးတဲ့ စီမံချက်တွေအတွက် အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကျော် သုံးစွဲခဲ့ပြီး ဖြစ်ကြောင်းလည်း ဝန်ကြီး ဘလင်ကန်က အစီရင်ခံစာ မိတ်ဆက်ပွဲမှာ ပြောသွားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG