သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

AstraZeneca ကိုဗစ်ကာကွယ်ဆေး ဘေးထွက်ဆိုးကျိုးရှိမရှိ အိန္ဒိယပြန်ဆန်းစစ်မည်


ကိုဗစ်ကာကွယ်ဆေး AstraZeneca
ကိုဗစ်ကာကွယ်ဆေး AstraZeneca

[ Zawgyi / Unicode ]

COVID-19 ကာကွယ်ဆေး AstraZeneca ထိုးပြီးနောက်ပိုင်း ဘေးထွက်ဆိုးကျိုးတွေကို ဒီသီတင်းပတ်ထဲမှာ ပြန်လည် သုံးသပ်မယ့် အကြောင်း အိန္ဒိယ တာဝန်ရှိသူ တဦးက AFP သတင်း အေဂျင်စီကို စနေနေ့မှာ ပြောပါတယ်။ အခုအချိန်ထိတော့ AstraZeneca ကာကွယ်ဆေးထိုးတာကြောင့် သွေးခဲ တယ်ဆိုတဲ့ တင်ပြချက်တွေ မရှိသေးပါဘူး။

AstraZeneca ရဲ့ Covid-19 ကာကွယ်ဆေး အသုံးပြုတာ ရပ်ဖို့ မလိုဘူးလို့ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ WHO က ပြောဆိုထားပေမယ့်လည်း သွေးခဲမှု ဖြစ်မယ့် အရေး စိုးရိမ်ချက်နဲ့ AstraZeneca ကာကွယ်ဆေးကို နိုင်ငံ အတော်များများက ဆိုင်းငံ့လိုက်ပြီးနောက်မှာ အိန္ဒိယဘက်ကလည်း ဆေးကို ပြန်လည် သုံးသပ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ AstraZeneca ရဲ့ Covid-19 ကာကွယ်ဆေး ထိုးခဲ့သူတွေမှာ ခန္ဒာကိုယ်ထဲ သွေးခဲမှု ဖြစ်လာတာကို တွေ့ရတယ်ဆိုတဲ့ ပြောဆိုချက်တွေ ထွက်လာပြီးနောက်မှာ ကြိုတင် သတိထားဆောင်ရွက်မှု အဖြစ်နဲ့ ဒိန်းမတ်၊ နော်ဝေနဲ့ အိုက်စလန်တို့မှာ AstraZeneca ကာကွယ်ဆေး ထိုးမှုကို ရပ်တန့်လိုက်တာ ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံတွင်း ကာကွယ်ဆေးထိုး အစီအစဉ်နဲ့ အနည်းဆုံး လူပေါင်း ၂၈ သန်းကို Covid-19 ကာကွယ်ဆေး ထိုးနှံပေးခဲ့ပြီး ဖြစ်ပြီး အများစုကတော့ Serum Institute က ထုတ်လုပ်တဲ့ AstraZeneca ရဲ့ ကာကွယ်ဆေး ဖြစ်ပါတယ်။ အိန္ဒိယ အစိုးရရဲ့ သံတမန် ဆက်ဆံရေး အဖြစ်နဲ့ ကာကွယ်ဆေး သိန်းနဲ့ချီပြီး တင်ပို့ ရောင်းချထားတဲ့ အခမဲ့ ပေးထားတဲ့ ကမ္ဘာတလွှား နိုင်ငံပေါင်း ၇၀ နီးပါး ရှိပါတယ်။ ဒါ့အပြင် ၂၀၂၂ ခုနှစ် အကုန်မှာ အမေရိကန်ရဲ့ Covid-19 ကာကွယ်ဆေး အလုံးရေ သန်း ၁ ထောင်ကျော် အိန္ဒိယမှာ ထုတ်လုပ်ဖို့ ရည်ရွယ်ထားကြောင်း အိန္ဒိယ နိုင်ငံခြားရေး ဌာန အတွင်းဝန် Harsh Vardhan Shringla က သောကြာနေ့မှာ ပြောဆိုထားပါတယ်။

အင်ဒို- ပစိဖိတ် ဒေသတွင်း Covid-19 ကာကွယ်ဆေး ထုတ်လုပ် ဖြန့်ချိမှု အရှိန်မြှင့် ဆောင်ရွက်နိုင်ရေး အတွက် ငွေကြေး၊ ထုတ်လုပ်မှု ပိုင်းနဲ့ သယ်ယူပို့ဆောင်ရေး ပူးပေါင်းဆောင်ရွက်ဖို့ Quad မဟာမိတ် လေးနိုင်ငံ သဘောတူခဲ့ကြောင်း ပြောဆိုခဲ့တာပါ။ Quad မဟာမိတ် လေးနိုင်ငံဖြစ်တဲ့ အမေရိကန်၊ အိန္ဒိယ၊ သြစတေးလျနဲ့ ဂျပန်တို့ ပါဝင်ပြီး ပြီးခဲ့တဲ့ သောကြာနေ့က နိုင်ငံ ခေါင်းဆောင်တွေရဲ့ ပထမဆုံးသော ပူးတွဲ ထိပ်သီး ဆွေးနွေးပွဲမှာ အခုလို သဘောတူခဲ့ကြတာ ဖြစ်ပါတယ်။

[ Unicode ]






XS
SM
MD
LG