သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ Joe Biden နိုင်ငံတော် အခြေပြမိန့်ခွန်း ကောက်နုတ်ချက်


သမ္မတဂျိုးဘိုင်ဒန် အမေရိကန်လွှတ်တော်မှာ နိုင်ငံတော်အခြေပြမိန့်ခွန်းပြောကြားစဥ်။ (မတ်လ ၇၊ ၂၀၂၄)
သမ္မတဂျိုးဘိုင်ဒန် အမေရိကန်လွှတ်တော်မှာ နိုင်ငံတော်အခြေပြမိန့်ခွန်းပြောကြားစဥ်။ (မတ်လ ၇၊ ၂၀၂၄)

ကြသပတေးနေ့ည အမေရိကန် လွှတ်တော်နှစ်ရပ်ရှေ့ပြောကြားတဲ့ သမ္မတ Joe Bidne ရဲ့ နိုင်ငံတော် အခြေပြမိန့်ခွန်းဟာ သူ သမ္မတအဖြစ်တာဝန်ယူပြီး တတိယအကြိမ်ပြောကြားတဲ့ နိုင်ငံတော် အခြေပြမိန့်ခွန်းဖြစ်ပါတယ်။ သမ္မတရွေးကောက်ပွဲကျင်းပမယ့်နှစ်၊ လာမယ့် ၂၀၂၄ ခုနှစ် နိုဝင်ဘာရွေးကောက်ပွဲမှာ သမ္မတဟောင်း Donald Trump နဲ့ ပြန်ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေရတဲ့အချိန် ပြောကြားတဲ့ နိုင်ငံတော်အခြေပြမိန့်ခွန်းလည်း ဖြစ်ပါတယ်။

ဒါကြောင့်လည်း လွှတ်တော်ခန်းမထဲကို သမ္မတ Bidne ဝင်လာချိန်မှာ 'Four More Years' - 'နောက်ထပ် လေးနှစ်' ဆိုပြီး ဒီမိုကရက်တစ်ပါတီဝင်တွေက အော်ဟစ်ကြိုဆိုကြပါတယ်။ အရင်သမ္မတဟောင်း Donald Trump ရဲ့နာမည်ကို ထည့်သွင်းမပြောပေမဲ့လည်း ရည်ညွှန်းဝေဖန်ထိုးနှက်ပြောဆိုတာတချို့ကိုလည်း တွေ့ရပါတယ်။ မိန့်ခွန်းစတင်တယ်ဆိုရင်ပဲ ယူကရိန်းကိုပေးနေတဲ့ စစ်ရေးအကူအညီတွေ ဆက်ပေးရေးကိစ္စကို ပထမဉီးဆုံးပြောဆိုသွားပါတယ်။
ယူကရိန်းကို စစ်ရေးအကူအညီတွေ ဆက်ပေးရေးကိစ္စ လွှတ်တော်မှာ ရှေ့မတိုးနိုင်ဖြစ်နေတာကို ဝေဖန်ပြောဆိုရင်း "အမေရိကန်ပြည်ထောင်စုဟာ ဒီစစ်ပွဲကို ဘယ်တော့မှာ နောက်ဆုတ်ရှောင်သွားမှာမဟုတ်ဘူးဆိုတာ ရုရှားသမ္မတပူတင်ကို အသိပေးချင်ပါတယ်" လို့ အမေရိကန် သမ္မတ Joe Biden ပြောဆိုသွားပါတယ်။

၂၀၁၂ ခုနှစ် ဇန်နဝါရီလကက သမ္မဟောင်း Donald Trump ကို ထောက်ခံသူတွေ လွှတ်တော်ဝင်ရောက်စီးနင်းခဲ့တဲ့ကိစ္စကို ပြန်ပြောရင်း အမေရိကန်ပြည်ထောင်စုဟာ ဒီမိုကရေစီကို ခြိမ်းခြောက်တဲ့လုပ်ရပ်တွေပေါ်ပေါက်ခဲ့ပေမဲ့ ဒီလုပ်ရပ်တွေ မအောင်မြင်ခဲ့ဘူးဆိုတာ ပြောပါတယ်။ "ကိုယ် အနိုင်ရမှ တိုင်းပြည်ကို ချစ်လို့ မရဘူး" လို့လည်း တခုတ်တရ ထည့်သွင်းပြောဆိုသွားပါတယ်။ သမိုင်းကစောင့်ကြည့်နေပြီး အမေရိကန်ပြည်ထောင်စုမှာ နိုင်ငံရေးအကြမ်းဖက်မှုတွေအတွက် နေရာမရှိဘူးလို့လည်း သမ္မတဘိုင်ဒန် ပြောဆိုသွားပါတယ်။

သန္ဓေသားဖျက်ချခွင့်နဲ့ပတ်သက်လို့ အမေရိကန်ပြည်ထောင်စုမှာ ပြီးခဲ့တဲ့နှစ် တရားရုံးချုပ်က သန္ဓေသားဖျက်ချခွင့်အပေါ် တားမြစ်ပိတ်ပင်ဖို့ ဆုံးဖြတ်ခဲ့တဲ့ကိစ္စကို သမ္မတဘိုင်ဒန် ဝေဖန်ပြောဆိုပါတယ်။ ဒီလို တားမြစ်ဖို့ကြိုးစားနေတဲ့လုပ်ရပ်ကို သူ ပြန်လည် ပြင်ဆင်သွားမယ်လို့လည်း အခိုင်အမာ ပြောဆိုသွားပါတယ်။ သန္ဓေသားဖျက်ချခွင့်တားမြစ်ခံရလို့ အခက်အခဲ ကြုံခဲ့ရတဲ့ အမျိုးသမီးတချို့ကိုလည်း နိုင်ငံတော်အခြေပြမိန့်ခွန်းပြောကြားတဲ့ခန်းမမှာ ဧည့်သည်အဖြစ် ဖိတ်ကြားထားပါတယ်။

တိုင်းပြည်ရဲ့တိုးတက်မှု နောက်ဆုံးအခြေအနေတွေနဲ့ ရှေ့ဆက်သွားမယ့်အစီအစဉ်တွေကို ချပြသွားမယ့်အကြောင်း သမ္မတ Biden က လူမှုကွန်ယက်မှာ ဗွီဒီယိုကတဆင့် ကြိုတင်ပြောဆိုထားတဲ့အတိုင်းပဲ သူ တာဝန်ယူခဲ့တဲ့နှစ်တွေအတွင်း စီးပွားရေး ပြန်လည်အားကောင်းလာတာကို အဓိက အချက်တခုအနေနဲ့ ထည့်သွင်းပြောဆိုသွားပါတယ်။ ကပ်ရောဂါကူးစက်မှုတွေ၊ စီးပွားရေးကျဆင်းမှုတွေကြုံခဲ့ရပေမဲ့ သူ့လက်ထက်မှာ သုံးနှစ်အတွင်း အလုပ်အကိုင် ၁၅ သန်းလောက် ဖန်တီးနိုင်ခဲ့တဲ့အကြောင်းနဲ့ ငွေကြေးဖေါင်းပွမှု လျော့ကျရေး လုပ်ဆောင်နိုင်ခဲ့တဲ့အကြောင်းတွေ၊ လူနည်းစုတွေရဲ့ စီးပွားရေးလုပ်ငန်းသေးတွေ အောင်မြင်အောင် အားပေးကူညီခဲ့တဲ့အကြောင်းတွေကို ပြောဆိုသွားပါတယ်။

သန့်ရှင်းတဲ့ စွမ်းအင်ထုတ်လုပ်ဖို့၊ ရင်းနှီးမြုပ်နှံမှုတွေနဲ့ အလုပ်အကိုင်တွေ ဖန်တီးဖို့ကိစ္စတွေကို သမ္မတဘိုင်ဒန် အဓိကပြောဆိုသွားပါတယ်။

တချိန်တည်းမှာ သန်းနဲ့ချီတဲ့ အမေရိကန်တွေအတွက် ဆရာဝန် အတည်ပြုထောက်ခံချက်နဲ့ သုံးစွဲနေတဲ့ ဆေးဝါးတွေ ဈေးကြီးနေတာကို သက်သာအောင်လုပ်ဖို့ကိစ္စကိုလည်း သမ္မတဘိုင်ဒန် ပြောပါတယ်။ သမ္မတဟောင်း အိုဘားမားလက်ထက်က တပိုင်တနိုင် ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေကို ပယ်ဖျက်လိုက်တာကြောင့် သန်းနဲ့ချီတဲ့ အမေရိကန်ပြည်သူတွေ အခက်အခဲတွေကြုံခဲ့ရသလို ရှိပြီးသား ရောဂါအခြေအနေကြောင့် ကျန်းမာရေးစောင့်ရှာက်မှု အာမခံ ငြင်းပယ်ခံရတဲ့
အနေခြအနေကို သမ္မတက ထည့်သွင်းပြောဆိုပါတယ်။

အမျိုးသမီးတွေရဲ့ ကျန်းမာရေးအတွက် သုတေသနလုပ်ငန်းတွေမှာ အဓိက ပိုပြီး ရင်းနှီးသွားမယ်လို့ ဆိုပါတယ်။ တချိန်တည်းမှာ အိုးအိမ်စတည်ထောင်သူ၊ အိမ်တွေ စဝယ်တဲ့ သူတွေကို ကူညီထောက်ပံ့နိုင်ဖို့၊ ကလေးငယ်တွေ မူကြိုပညာရေး မဖြစ်မနေ သင်ကြားခွင့်ရဖို့နဲ့ ပညာရေးအခွင့်အလန်းတွေ ဖန်တီးပေးဖို့ ပြောဆိုပြီး ကျောင်းဆရာ ဆရာမတွေရဲ့ လခထပ်တိုးပေးချင်တဲ့အကြောင်းလည်း ပြောဆိုသွားပါတယ်။

တြီလျံနဲ့ချီနေတဲ့ အစိုးရအသုံးစရိတ်လိုငွေပြမှုကို လျှော့ချသွားဖို့ ပြောဆိုတဲ့တချိန်တည်းမှာ ကုမ္ပဏီကြီးတွေ၊ စီးပွားရေးလုပ်ငန်းကြီးတွေရဲ့ အခွန်တွေ မျှမျှတတပေးမယ်ဆိုရင် အမေရိကန်ပြည်သူတွေအတွက် အကျိုးရှိမယ့်လုပ်ငန်းတွေ လုပ်ဆောင်နိုင်မှာကို သမ္မတက ပြောဆိုပါတယ်။ ဒီနေ့ည နိုင်ငံတော်အခြေပြမိန့်ခွန်းမှာ ချမ်းသာကြွယ်ဝသူတွေ လုပ်ငန်းရှင်ကြီးတွေဆီက အခွန် တွေ တိုးကောက်ရေးကိစ္စကို သမ္မတက အလေးအနက် တိုက်တွန်းသွားပါတယ်။ သန်းကြွယ်သူဌေးတွေဆီကကောက်တဲ့ အခွန်ငွေဟာ ကျောင်းဆရာတဦး၊ သန့်ရှင်းရေးအလုပ်သမားတဦး၊ သူနာပြုတဦး ပေးရတဲ့အခွန်ထက်နည်းနေတာ မဖြစ်သင့်ဘူးလို့လည်း ပြောပါတယ်။

သူ့အရင်တာဝန်ယူတဲ့ အမေရိကန်အစိုးရကလုပ်ဆောင်ခဲ့တဲ့ ဒေါ်လာနှစ်တြီလျံ အခွန်လျှော့ချရေး အစီအစဉ်ဟာ အမေရိကန်ပြည်ထောင်စုမှာ တစ်ရာခိုင်နှုန်းပဲရှိတဲ့ ချမ်းသာကြွယ်ဝသူတွေနဲ့ စီးပွားရေး ကော်ပိုရေးရှင်းကြီးတွေပဲ အကျိုးအမြတ်ရခဲ့တယ်လို့ ဝေဖန်သွားပါတယ်။

ကလေးငယ်တွေအတွက် သုံးစွဲတဲ့စရိတ်ကနေ အခွန်လျှော့ချပေးတဲ့အစီအစဉ်တွေကို ဟန့်တားတာမျိုး မဖြစ်ဖို့လိုသလို အမေရိကန်ပြည်ထောင်စုမှာ ဘယ်ကလေးမှ ငတ်မွတ်တာမျိုး အဖြစ်မခံဘူးလို့လည်း ပြောပါတယ်။

သန်းကြွယ်သူဌေးတွေကို အခွန် ၂၅ ရာခိုင်နှုန်း အနိမ့်ဆုံးကောက်ယူဖို့အဆိုပြုပြီး ဒီလိုကောက်ယူမယ်ဆိုရင် ဆယ်နှစ်အတွင်း ဘီလျံဒေါ်လာ ၅၀၀ တိုင်းပြည်အတွက် သုံးစွဲနိုင်မယ်လို့လည်း ပြောပါတယ်။ ငွေချေးငှားတဲ့ Credit Company တွေရဲ့ နောက်ကျလို့ ဒဏ်ခတ်တဲ့ ပမာဏကို ဒေါ်လာ သုံးဆယ်ကျော်ကနေ ရှစ်ဒေါ်လာအထိ လျှော့ချဖို့ အဆိုပြုသွားသလို အတိုးနှုန်းတွေလျှော့ပေးရေးကိစ္စတွေကိုလည်း ပြောဆိုသွားပါတယ်။

တချိန်တည်းမှာ နိုင်ငံအတွင်း သေနတ်ထိန်းချုပ်ရေးနဲ့ သေနတ်ကိုင်ဆောင်သူတွေအပေါ် စိစစ်တာတွေ တိုးလုပ်ဖို့လည်း သမ္မတက တိုက်တွန်းပါတယ်။ နယ်စပ်လုံခြုံရေးနဲ့ပတ်သက်လို့ သူအဆိုပြုထားတဲ့ ဥပဒေကြမ်းဟာ ပါတီကြီးနှစ်ရပ်စလုံးက သဘောတူထားတဲ့ဥပဒေကြမ်းဖြစ်ပြီး အတည်ပြုပေးဖို့ လွှတ်တော်ကို တောင်းဆိုသွားပါတယ်။ ရွှေ့ပြောင်းဝင်ရောက်လာသူတွေကို
ရာဇဝတ်သားတွေလို ဆက်ဆံတာမျိုးမလုပ်ဘဲ မိသားစုတွေ ပြန်လည်ဆုံစည်းဖို့ လုပ်ဆောင်ဖို့လိုသလို တရားဝင်နည်းလမ်းတွေနဲ့ နိုင်ငံသားဖြစ်ခွင့် လမ်းဖွင့်ပေးဖို့လည်း သမ္မတ Biden အဆိုပြုသွားပါတယ်။

ဂါဇာ ပဋိပက္ခ၊ ဟာမတ်စစ်သွေးကြွတွေကိုချေမှုန်းတဲ့ အစ္စရေးရဲ့စစ်ဆင်ရေးအတွင်း အရပ်သားတွေ ထိခိုက်သေဆုံးတာနဲ့ပတ်သက်ပြီး အစ္စရေးအပေါ် အမေရိကန်ပြည်ထောင်စုရဲ့ထောက်ခံမှုကို ဝေဖန်ခံနေရတဲ့အချိန်ဖြစ်တာကြောင့် ဒီကိစ္စကိုလည်း မိန့်ခွန်းထဲမှာ အလေးအနက် ထည့်သွင်းပြောဆိုပါတယ်။ ဂါဇာဒေသမှာ အနည်းဆုံး သီတင်းခြောက်ပတ်အထိ ယာယီ အပစ်အခတ်ရပ်စဲရေးရဖို့ သူ့အနေနဲ့ အဆက်မပြတ်ကြိုးပမ်းနေတဲ့အကြောင်း၊ အစ္စရေးရဲ့ခုခံပိုင်ခွင့်ကို ထောက်ခံတဲ့တချိန်တည်းမှာ လူသားချင်းစာနာမှုအကူအညီကို အပေးအယူလုပ်ရာမှာ အသုံးမချဖို့ သမ္မတဘိုင်ဒန်က ပြောဆိုသွားပါတယ်။ ဂါဇာစစ်ပွဲဟာ အရင် ဂါဇာမှာဖြစ်ခဲ့တဲ့စစ်ပွဲတွေအားလုံးထက် အပြစ်မဲ့အရပ်သားတွေ အများဆုံးသေဆုံးတဲ့အကြောင်းနဲ့ ပါလက်စတိုင်း သုံးသောင်းကျော်သေဆုံးခဲ့ရတာကို သမ္မတဘိုင်ဒန်က ထည့်သွင်းပြောဆိုသွားပါတယ်။
အစ္စရေးဘက်က ဂါဇာဒေသကို လူသားချင်းစာနမှုအကူအညီတွေ ဖြတ်သန်းတင်ပို့ခွင့် ပိုပြီးပေးဖို့နဲ့ မြေထဲပင်လယ်နဲ့ ဂါဇာအကြားကနေ အကူအညီဆေးဝါးနဲ့ ရိက္ခာတွေ ပေးပို့နိုင်အောင် အမေရိကန် စစ်တပ်ကို သူညွှန်ကြားထားတဲ့အကြောင်း ပြောဆိုသွားပါတယ်။

တရုတ်နိုင်ငံနဲ့ကုန်သွယ်ရေးလိုငွေပြမှုဟာ ဆယ်စုနှစ်အတွင်း အနိမ့်ဆုံးအဆင့်ရောက်ခဲ့ပြီး တရုတ်နိုင်ငံရဲ့ မမျှတတဲ့စီးပွားရေးလုပ်ဆောင်မှုတွေကို ဆန့်ကျင်သွားမယ်လို့ သမ္မတက ပြောဆိုသွားပြီး ယှဉ်ပြိုင်တယ်ဆိုပေမဲ့လည်း ပဋိပက္ခဖြစ်တာကို မလိုလားတဲ့အကြောင်းကိုလည်း သမ္မတဘိုင်ဒန်ပြောဆိုသွားပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ လွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီကို တန်ဖိုးထားကာကွယ်ပြီး လူတိုင်းအတွက် အခွင့်အရေးရှိတဲ့နိုင်ငံဖြစ်တဲ့အကြောင်းနဲ့ အမုန်းတရား၊ ဒေါသ၊ လက်စားချေမှုဆိုတာတွေကို လက်ကိုင်ထားတဲ့ အိုဟောင်းတဲ့အယူအဆတွေဖြစ်ပြီး ဒီ လို ရှေးဟောင်းအယူဆတွေနဲ့ အမေရိကန်ကို ဦးဆောင်လို့မရဘူးဆိုတာကို နိုင်ငံတော်အခြေပြမိန့်ခွန်းမှာ သမ္မတ Joe Biden ပြောဆိုသွားပါတယ်။

Forum

XS
SM
MD
LG