သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယား ဖွဲ့စည်းပုံဥပဒေသစ်ရေးဆွဲရေး ဆွေးနွေးပွဲ တိုးတက်မှုရှိ


ဆီးရီးယား ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာကော်မတီ
ဆီးရီးယား ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာကော်မတီ

(Zawgyi/Unicode)

စစ်ဒဏ်သင့် ဆီးရီးယားနိုင်ငံအတွက် အခြေခံဥပဒေသစ် မူူကြမ်းရေးဆွဲရေး ကုလသမဂ္ဂ ကြားဝင်စေ့စပ်ပေးတဲ့ ဆွေးနွေးပွဲတွေ တိုးတက်မှုရပြီး အဆုံးသတ်သွားတယ်လို့ ဆီးရီးယားမှာ တိုက်ခိုက်နေတဲ့အဖွဲ့တွေက ပြောပါတယ်။

သီတင်း နှစ်ပတ်နားပြီးတဲ့နောက် ဒုတိယအကျော့ ဆွေးနွေးပွဲတွေကို နိုဝင်ဘာလ ၂၅ ရက်နေ့ စတင်မှာဖြစ်ပါတယ်။ ဆွေးနွေးပွဲကျင်းပရာ ဂျီနီဗာကနေ ဗွီအိုအေသတင်းထောက် Lisa Schlein ပေးပို့တဲ့သတင်းလွှာကို ကိုကျော်ကျော်သိန်းက ပြောပြပါမယ်။

ဆွေးနွေးပွဲတွေကို အဆင့်ရှိရှိ ပိုင်နိုင်ကျွမ်းကျင်တဲ့ အနေအထားနဲ့ ဦးဆောင်ခဲ့တဲ့အတွက် အစိုးရနဲ့ အတိုက်အခံ ကိုယ်စားလှယ်အဖွဲ့တွေရဲ့ ပူးတွဲသဘာပတိနှစ်ဦးကို ဆီးရီးယားဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Geir Pedersen က ချီးကျူးပြောဆိုပါတယ်။ အခြေခံဥပဒေဆိုင်ရာ ကော်မတီဟာ ပဋိပက္ခလွန် ဆီးရီးယား ဘယ်လိုနိုင်ငံမျိုး ဖြစ်သင့်တယ်ဆိုတဲ့အပေါ် ခြားနားတဲ့ ဆန့်ကျင်ဘက်အမြင်ရှိကြတဲ့ သိပ်ကို စုံလင်ပြီး မတူကွဲပြားတဲ့ အစုတခုဖြစ်တယ်လို့ Pedersen ကပြောပါတယ်။

ဒါပေမယ့် ကော်မတီဝင်တွေဟာ တဦးပြောတာ တဦးနားထောင်ဖို့ သင်ယူခဲ့ကြသလို လက်တွေ့ကျပြီး အလုပ်ဖြစ်တဲ့ ဆွေးနွေးပွဲ တွေ လုပ်နိုင်ခဲ့ကြတယ်လို့ Pedersen ကပြောပါတယ်။ ဆီးရီးယားပဋိပက္ခနဲ့ ဆက်စပ်တဲ့၊ အခြေခံဥပဒေသစ် ရေးဆွဲရေးနဲ့ သက်ဆိုင်တဲ့ ကိစ္စရပ်တွေအားလုံးကို ဆွေးနွေး ခဲ့ကြတယ်လို့လည်းဆိုပါတယ်။

အဲဒီကိစ္စရပ်တွေထဲမှာ အချုပ်အခြာအာဏာ၊ လွတ်လပ်ရေး၊ နယ်မြေခိုင်မာမှုတို့နဲ့ ဆက်စပ်တာတွေ အပြင် အကြမ်းဖက်ဝါဒ၊ နိုင်ငံ အဖွဲ့အစည်းတွေနဲ့ တရားဥပဒေစိုးမိုးမှု အရေးပါပုံတို့နဲ့ သက်ဆိုင်တဲ့ကိစ္စရပ်တွေလည်းပါတယ်လို့ ကုလအထူးသံတမန်က ပြောပါ တယ်။

“အခြေခံဥပဒေဆိုင်ရာကော်မတီရဲ့ ဆွေးနွေးပွဲတွေဟာ ပိုပြီးကျယ်ပြန့်တဲ့ နိုင်ငံရေးလုပ်ငန်းစဉ်ကို လမ်းဖွင့်ပေးလိုက် တာတခုအဖြစ် ကျနော်မျှော်လင့်ပါတယ်။ အခြေခံဥပဒေဆိုင်ရာကော်မတီထဲမှာ ပိုပြီးကျယ်ပြန့်တဲ့ နိုင်ငံရေးလုပ်ငန်းစဉ်အပေါ် အပြုသဘောဆောင် သက်ရောက်မှုဖြစ်စေနိုင်တဲ့ ယုံကြည်မှုတချိုု့တည်ဆောက်ရေး စတင်နိုင်မယ်လို့လည်း ကျနော်မျှော်လင့်ပါ တယ်။”

ဒါက တကယ့် စိန်ခေါ်မှုကြီးတခု ဖြစ်ဖွယ်ရှိပါတယ်။ အစစပျက်စီးနေတဲ့ ဒီနိုင်ငံက နိုင်ငံသားတွေ အားလုံးအတူတကွ ပေါင်းစည်း ဖို့ ကြီးမားတဲ့ အားထုတ်မှုလုပ်ရမယ်ဆိုတာ လေ့လာသူတွေက သဘောတူပါတယ်။ ရက်စက်ပြင်းထန်တဲ့ ပြည်တွင်းစစ်က ကိုးနှစ် နီးပါးကြာနေပြီဖြစ်ပြီး လူထောင်ပေါင်းများစွာ သေဆုံးထားပြိးတော့ နိုင်ငံတွင်းမှာ အိုးအိမ်စွန့်ထွက်ပြေးနေရသူတွေနဲ့ ဒုက္ခသည် အဖြစ် ပြည်ပထွက်ပြေးနေရသူက စုစုပေါင်း ၁၂ သန်းကျော်ရှိနေတာပါ။

ညီညွတ်ရေး၊ အချုပ်အခြာအာဏာပိုင်မှုနဲ့ ဆီးရီးယားရဲ့ နယ်မြေခိုင်မာမှုတွေကို ထိန်းသိမ်းမယ့် အခြေခံဥပဒေတခုကို မူကြမ်းရေး ဆွဲ အသိအမှတ်ပြုခြင်းအားဖြင့်သာ တည်ငြိမ်တဲ့နိုင်ငံတခုကို ရနိုင်မယ်လို့ အစိုးရဘက်က ကော်မတီပူးတွဲသဘာပတိ Ahmad Kuzbari က စကားပြန်ကတဆင့်ပြောပါတယ်။

“ဒဏ်ခတ်အရေးယူမှုအောက်မှာ၊ တူရကီက ကျူးကျော်ဝင်ရောက်ထားတဲ့အောက်မှာ၊ အမေရိကန် ဝင်ထားတဲ့ အခြေအနေအောက်မှာ အချုပ်အခြာအာဏာကို ကျနော်တို့ ဘယ်လိုထိန်းသိမ်းနိုင်မှာပါလဲ။ အဲဒီလိုကျူးကျော်ဝင်ရောက်နေတာ တွေက ကျနော်တို့တိုင်းပြည်ကို လုယက်နေချိန်မှာ အချုပ်အခြာ အာဏာကို ဘယ်လိုထိန်းသိမ်းနိုင်မှာပါလဲ။ ဒါဟာ စာရွက်ပေါ်က စကားလုံးတွေသက်သက် ဖြစ်လို့မရပါဘူး။ လက်တွေ့ အကောင်အထည်ဖော်နိုင်ရပါမယ်။ အားလုံး သဘောတူရပါမယ်။”

ဆီးရီးယားနိုင်ငံသားအားလုံး ဖြစ်ချင်တဲ့ဆန္ဒတွေကို ပြည့်မီမယ်ဆိုရင် အခြေခံဥပဒေဟာ ညီညွတ်ရေးအတွက် အင်အားတခု ဖြစ်နိုင်တယ်လို့ အတိုက်အခံဘက်က ကော်မတီပူးတွဲသဘာပတိ Hadi Albahra ကပြောပါတယ်။

ဒုက္ခသည်တွေ မိခင်နိုင်ငံ ပြန်လာနိုင်စေမယ့်၊ အိုးအိမ်စွန့် ထွက်ပြေးနေရသူတွေ သူတို့နေအိမ်တွေဆီ ပြန်သွားနိုင်မယ့် အခြေခံ ဥပဒေတရပ်ကို ဆီးရီးယားလူထုက မျှော်လင့်နေတယ်လို့ သူကပြောပါတယ်။ အခြေခံဥပဒေဟာ လူတိုင်းအတွက် အခွင့်အရေးနဲ့ လွတ်လပ်ခွင်တွေကို အာမခံရမယ်လို့ Hadi Albahra ကပြောပါတယ်။

တိုက်ရိုက် လင့်ခ်


.......................


(Zawgyi/Unicode)












XS
SM
MD
LG