သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်း-မြန်မာနယ်စပ် မူးယစ်မှောင်ခို ၂ ဦး ထိုင်းပစ်ခတ်ဖမ်းဆီး


မူးယစ်ဆေးဝါးနဲ့အတူ ဖမ်းဆီးရမိတဲ့ လူငယ်နဲ့ ဖမ်းဆီးခဲ့တဲ့ ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့ဝင်များ။ (စက်တင်ဘာ ၅၊ ၂၀၂၀။ ဓာတ်ပုံ - ထိုင်းနယ်ခြားစောင့်တပ်)
မူးယစ်ဆေးဝါးနဲ့အတူ ဖမ်းဆီးရမိတဲ့ လူငယ်နဲ့ ဖမ်းဆီးခဲ့တဲ့ ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့ဝင်များ။ (စက်တင်ဘာ ၅၊ ၂၀၂၀။ ဓာတ်ပုံ - ထိုင်းနယ်ခြားစောင့်တပ်)

(Zawgyi / Unicode)

ထိုင်း-မြန်မာနယ်စပ် ထိုင်းမြောက်ပိုင်းမှာ စိတ်ကြွဆေးတွေ သယ်ဆောင်လာတဲ့ တောင်ပေါ်တိုင်းရင်းသား လူငယ်နှစ်ဦးကို ထိုင်းနယ်ခြားစောင့်တပ်က မနေ့က ပစ်ခတ်ဖမ်းဆီးခဲ့ပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မအေးအေးမာ တင်ပြပေးထားပါတယ်။

COVID-19 ရောဂါပိုးဆိုင်ရာ ကာကွယ်ထိန်းချုပ်နိုင်ဖို့အတွက် ထိုင်းနိုင်ငံက မြန်မာနိုင်ငံနဲ့ကပ်လျက် နယ်စပ်တွေမှာ ရဲအင်အား၊ စစ်တပ်အင်အားတွေနဲ့ လုံခြုံရေး တိုးမြှင့်ချထားပြီး ကင်းလှည့်စစ်ဆေးမှုတွေ လုပ်ဆောင်နေတဲ့ အချိန်မှာပဲ စက်တင်ဘာ ၅ ရက်နေ့မှာ မြန်မာနယ်စပ်နဲ့ ခြောက်ကီလိုသာကွာဝေးတဲ့ ချင်းမိုင်ခရိုင် မယ်အိုင့်မြို့နယ် ကျေးရွာအမှတ် ၁၂ အုပ်စုအနီး ကင်းလှည့်နေကြတဲ့ အမှတ် ၃၃ နဲ့ ၃၃၅ နယ်ခြားစောင့်တပ်တွေနဲ့ မူးယစ်ဆေး သယ်ဆောင်မောင်းနှင်လာတဲ့ ဆိုင်ကယ်နှစ်စီး ထိပ်တိုက်တွေ့သွားခဲ့တာပါ။

ထိုင်းနယ်ခြားစောင့်တပ်က ရှေ့ကမောင်းလာတဲ့ ဆိုင်ကယ်ကို ဖမ်းဆီးလိုက်တာနဲ့ နောက်ကလိုက်လာတဲ့ တစီးဟာ တပ်ဖွဲ့ဝင်တွေကို သေနတ်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး နောက်ကြောင်းပြန်လှည့် ပြေးခဲ့တာပါ။

နယ်ခြားစောင့်တပ်ဖွဲ့ လက်ဖြောင့်တပ်ဖွဲ့ဝင်တွေက မောင်းပြေးတဲ့ ဆိုင်ကယ်ပေါ်က မူးယစ်မှောင်ခိုမှုနဲ့ သံသယရှိသူကို ပစ်ခတ်ခဲ့တာကြောင့် ဆိုင်ကယ်ဟာ တောင်အောက်ကို ထိုးစိုက်ကျသွားခဲ့ပါတယ်။

စက်တင်ဘာ ၅ ရက်နေ့ မနက်ပိုင်း အခင်းဖြစ်ပွားခဲ့တဲ့ နေရာကို ရဲတပ်ဖွဲ့က ရှင်းလင်းရာမှာတော့ ဆိုင်ကယ်ပေါ်မှာတင်လာတဲ့ ရာဘ စိတ်ကြွဆေး ၁၀၀,၀၀၀ နဲ့ ဘိန်းစိမ်းအထုပ်ငယ် ၃၂ ထုပ်နဲ့အတူ သေနတ်ဒဏ်ရာနဲ့ သေဆုံးတဲ့ အသက် ၃၀ အရွယ် အမျိုးသားအလောင်းကို တွေ့ခဲ့ပြီး အရှင်ဖမ်းမိတဲ့ အသက် ၁၅ နှစ်အရွယ် တောင်ပေါ်တိုင်းရင်းသားလူငယ်ကို ဆက်လက်စစ်ဆေးနေတယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ သတင်းတွေမှာ ဖော်ပြနေပါတယ်။

ချင်းရိုင်ခရိုင် ရဲမှူးကတော့ ထိုင်းဘာသာနဲ့ အခုလိုပြောသွားပါတယ်။

“စက်တင်ဘာလဆန်းကနေ တပတ်မပြည့်ခင်မှာပဲ စိတ်ကြွဆေးက သန်း ၃၀၊ အိုက်စ်မူးယစ်ဆေး ကီလို ၇၀၀ မိတယ်။ မြောက်ပိုင်းတခုတည်းမှာပဲ မိတာဖြစ်တယ်။ ကိုဗစ်ကာလမှာ မြောက်ပိုင်းတခုတည်းမှာပဲ မူးယစ်ဆေးဝါးတွေ အလုံးအရင်းနဲ့ ဖမ်းမိနေတာကတော့ သတင်းပေးတဲ့ သူတွေကြောင့်ဖြစ်တယ်၊ လူထုရဲ့ ပူးပေါင်းပါဝင်မှုတွေကြောင့် မူးယစ်ဆေးဝါးတွေ များများစားစား မိနေတာဖြစ်တယ်” ဆိုပြီး ပြောသွားတာပါ။

အခု အခင်းဖြစ်ပွားခဲ့တဲ့ နေရာဖြစ်တဲ့ မယ်အိုင့်ဒေသမှာ မူးယစ်မှောင်ခိုသမားတွေနဲ့ ထိုင်းစစ်တပ် ပစ်ခတ်မှုတွေ အကြိမ်ကြိမ်ဖြစ်ပွားနေတဲ့ နယ်စပ်ဒေသဖြစ်ပြီး စိတ်ကြွဆေး အမြောက်အမြားကို ဖမ်းမိနေတဲ့နေရာ ဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ်အတွင်းမှာ အခုလိုပစ်ခတ်မှု ငါးကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

-------------------

(Unicode)










XS
SM
MD
LG