သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဲဆောက်မြို့ မေဒေးနေ့အခမ်းအနား ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေ ကျင်းပ


ထိုင်းနိုင်ငံ၊ မဲဆောက်မြို့က အထောက်အထားမဲ့မြန်မာများ ကိုဗစ်ကာကွယ်ဆေးထိုးရန် စောင့်ဆိုင်းနေစဉ်။ (အောက်တိုဘာ ၂၆၊ ၂၀၂၁/ ဓာတ်ပုံ VOA Burmese)
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့က အထောက်အထားမဲ့မြန်မာများ ကိုဗစ်ကာကွယ်ဆေးထိုးရန် စောင့်ဆိုင်းနေစဉ်။ (အောက်တိုဘာ ၂၆၊ ၂၀၂၁/ ဓာတ်ပုံ VOA Burmese)

၁၃၄ ကြိမ်မြောက် ကမ္ဘာ့အလုပ်သမားနေ့ မေဒေးနေ့အခမ်းအနားကို ထိုင်းမြန်မာနယ်စပ်မဲဆောက်မြို့မှာ ရွှေ့ပြောင်းအလုပ်သမားရေးလုပ်ဆောင်နေတဲ့ အလုပ်သမားအဖွဲ့အစည်းတွေ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေက ဦးဆောင်ကျင်းပခဲ့ကြပါတယ်။ တာ့ခရိုင်မဲဆောက်မြို့မှာတော့ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှုတွေ၊ ဥပဒေပါလုပ်အားခတွေရတဲ့စက်ရုံအလုပ်ရုံလုပ်ငန်းခွင်တွေနည်းပါးနေသေးတယ်လို့လည်း ပြောကြပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာကသတင်းပေးပို့ထားပါတယ်။

၁၃၄ ကြိမ်မြောက် ကမ္ဘာ့အလုပ်သမားနေ့- မေဒေးနေ့အခမ်းအနားကို ထိုင်းမြန်မာနယ်စပ်မဲဆောက်မြို့မှာ ရွှေ့ပြောင်းအလုပ်သမားအရေးလုပ်ဆောင်နေတဲ့ အဖွဲ့တွေစုပေါင်းပြီး မဲဆောက်ခရိုင် မယ်တောင်မိုင်ကျေးရွာမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ရွှေ့ပြောင်းအလုပ်သမားအရေးလုပ်ဆောင်နေတဲ့ ရောင်ခြည်ဦးအလုပ်သမားအဖွဲ့က ပြောရေးဆိုခွင့်ရှိသူဦးမိုးကျော်ကတော့ မဲဆောက်မြို့မှာတော့ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုတွေရှိနေဆဲပဲလို့ အခုလိုပြောသွားပါတယ်။

"အလုပ်သမားအခွင့်အရေးတွေလည်း ချိုးဖောက်ခံနေရပါသေးတယ်။ ဥပမာ တာ့ခရိုင် မဲဆောက်မှာဆိုရင် လုပ်အားခဟာ တနေ့ကို ၃၄၅ ဘတ် ရရမယ်လို့သတ်မှတ်ထားပေမယ့် ၃၄၅ ဘတ် အပြည့်အဝရတဲ့လုပ်ငန်းခွင်အမျိုးအစားတွေက အင်မတန်မှ နည်းပါးနေပါသေးတယ်။ ပြီးရင် အလုပ်ချိန်ကလည်း ၈ နာရီထက်ပိုပြီး ခိုင်းစေခံရတယ်။ အဲဒီလိုခိုင်းစေခံရပြီးနောက် overtime (အချိန်ပို)ခိုင်းစေတဲ့အခါမှာလည်း ဥပဒေပါအတိုင်း မရရှိတာတွေလည်းအများကြီးကြုံနေရပါတယ်။ လုပ်ငန်းခွင်ထဲမှာလည်း ပထမ သတိပေးချက်၊ ဒုတိယသတိပေးချက်တွေမလုပ်ဘဲ စက်ရုံကနေ၊ အလုပ်ကနေ ရပ်ဆိုင်းလိုက်တာတွေလည်း ရှိနေပါသေးတယ်။"

အခမ်းအနားလုပ်ခဲ့သလို အလုပ်သမားတွေက ကြွေးကြော်သံတွေနဲ့ သတ်မှတ်ထားတဲ့နေရာတွေမှာ ချီတက်လမ်းလျှောက်ခဲ့ကြတယ်လို့လည်း ဆိုပါတယ်။

"ကြွေးကြော်သံတွေ တိုင်တည်၊ ၈ နာရီလုပ်၊ ၈ နာရီနား၊ ၈ နာရီအိပ် ဆိုတဲ့ကြွေးကြော်သံတွေတိုင်တယ်။ အလုပ်သမားအခွင့်အရေး-တို့အခွင့်အရေး ဆိုတဲ့ ဆောင်ပုဒ်တွေကိုင်ပြီး လမ်းလျှောက်ချီတက်ပွဲကို နာရီဝက်လောက်လုပ်ခဲ့ပါတယ်။"

မဲဆောက်မြို့ အုပ်ချုပ်ရေးမှူးရုံးက မြို့ပိုင်ကိုယ်စား အရာရှိတဦးက တက်ရောက်ပြီး အားပေးစကားပြောကြားရမှာတော့ ထိုင်းနိုင်ငံမှာတော့ အလုပ်သမားတွေဟာ တိုင်းပြည်တခုမှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ အဓိက မောင်းနှင်ပေးတဲ့သူတွေဖြစ်တယ်ဆိုတာကိုလည်း ပြောသွားခဲ့ပါတယ်။

ထိုင်းနိုင်ငံထဲမှာ ၂၀၂၄ ခုနှစ် ဇန်နဝါရီလကုန်ထိ တရားဝင်အထောက်အထားလုပ်ကြတဲ့ ရွှေ့ပြောင်းအလုပ်သမား စုစုပေါင်း ၃,၄၁၅,၇၇၄ ( သုံးသန်း လေးသိန်းကျော်ရှိပြီး) တရားဝင်မှတ်ပုံတင်ထားတဲ့ မြန်မာအလုပ်သမား စုစုပေါင်း - ၂, ၃၇၉, ၇၆၄ (၂ သန်း ၃ သိန်းကျော်ရှိနေပါတယ်)။ ဒီထဲမှာ မြန်မာက အများဆုံးဖြစ်ပြီး တရားမဝင် အထောက်အထားမရှိတဲ့မြန်မာတွေလည်း ၂ သန်းကျော်လောက်ရှိမယ်လို့ အလုပ်သမားရေးလှုပ်ရှားဆောင်ရွက်သူတွေကခန့်မှန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG