သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှားကိုခိုးဝင်ဖို့ ကြိုးစားတဲ့ မြန်မာ ၆၀ နီးပါး ထိုင်းရဲဖမ်းဆီး


ထိုင်းတောင်ပိုင်း ဆုံခလာခရိုင်ထဲမှာ မလေးရှားကို ခိုးဝင်ဖို့ကြိုးစားတဲ့ မြန်မာနိုင်ငံသား ၆၀နီးပါးကို ဇူလိုင်လ ၁၄ရက်နေ့က ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။ လူကုန်ကူးခံရသူ မြန်မာနိုင်ငံသားတွေ အပြင်သူတို့ကို လက်ခံပေးထားတဲ့ ထိုင်းနိုင်ငံသားတွေကိုပါ ကြံရာပါအဖြစ်နဲ့ ဖမ်းဆီးနေကြောင်း ထိုင်းအခြေစိုက် VOA သတင်းထောက် မအေးအေးမာက သတင်းပေပို့ ထားပါတယ်။

ထိုင်းတောင်ပိုင်း ဆုံခလာခရိုင်ထဲမှာ မလေးရှားကိုခိုးဝင်ဖို့ ကြိုးစားကြတဲ့ မြန်မာနိုင်ငံသားတွေကို တောတောင်တွေထဲမှာ ဖမ်းမိတာ အလုံပိတ်အခန်းတွေထဲ ဖမ်းမိတာတွေက ဆက်တိုက်ဖြစ်လာနေပြီး ဇူလိုင်လ ၁၄ရက်နေ့ကလည်း လူ၆၀နီးပါး ကို ဆုံခလာခရိုင်၊ ခွမ်မိဆိုတဲ့နေရာမှာ ထပ်မံဖမ်းမိကြောင်း ဆုံခလာခရိုင်၊ ဟတ်ရိုင်မြို့နယ် ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ယက် တာဝန်ခံ ဦးဘရီက ပြောပါတယ်။

“ ခွမ်မိဆိုတော့ ကျနော့်မြိုနယ်နဲ့ ရပ်ကွက်ချင်းကပ်နေတယ်။ အဲဒီမှာ လူ ၅၀ကျော် - ၆၀နီးပါးဖမ်းမိတယ် လို့ ရဲတွေကဖုန်းဆက်လာတယ်။ စကားပြန်လုပ်ပေးဖို့ ပြောတာပေါ့နော်”

မြန်မာပွဲစား အချိတ်အဆက်တွေကတော့ အဖမ်းအဆီးတွေများတဲ့အတွက် ထိုင်းတောင်ပိုင်းကို မလာရဲတော့တာကြောင့် ထိုင်းပွဲစားတွေကို ဆက်တိုက်ဖမ်းဆီးပြီး သူတို့နဲ့ ဆက်စပ်တဲ့သူတွေ ကိုပါ ထိုင်းတောင်ပိုင်းမှာ ဖမ်းဆီးခဲ့တယ်လို့လည်းဆိုပါတယ်။

“အခုက ကျနော်တို့မြန်မာပွဲစားတွေမဟုတ်ဘူး ထိုင်းလူမျိုးတွေအတော်ပါတယ်။ ဖူးခက် တို့၊ ချုံဖွန် ၊ ရနောင်းတို့ ကျနော်တို့ ဆုံခလာခရိုင်တွေမှာအကုန်လုံး ဖမ်းလာတယ်။ လက်ခံပေးတဲ့ အိမ်တွေအကုန်ဖမ်းတယ်။ ထိုင်းမ အဖွားကြီးတွေက အစပါတယ်။ သူတို့နေရာထိုင်းခင်း ပေးထားတာပေါ့။ အခန်းတွေ ထမင်းတွေချက်ကျွေးတဲ့ ထိုင်းမ တွေက အစပါတယ်။ သူတို့ကို လူကုန်ကူးမူမှာ ပူးပေါင်းပါဝင်မူ တခုပေါ့။ ထမင်းကျွေးတယ်၊ အခန်းပေးထားတယ်ဆိုတော့ အမူမကြီးပေမဲ့လည်း သူတို့လည်း အဲဒီထဲမှာပါတယ်။”

ထိုင်းတောင်ပိုင်းက တဆင့် မလေးရှားနိုင်ငံထဲကို ခိုးဝင်ဖို့ ကြိုးစားနေကြတာကြောင့် ထိုင်း-မလေးနယ်စပ် ၊ မလေးရှားဘက်မှာလည်း အော်ပရာစီ စစ်ဆင်ရေးတွေ လုပ်ပြီး တရားမဝင် နိုင်ငံခြားသားတွေကိုလည်း ဖမ်းဆီးနေပါတယ်။၂၀၁၉ခုနှစ် ထဲမှာတော့ ထိုင်းတောင်ပိုင်းမှာ ဖမ်းမိတဲ့ မြန်မာနိုင်ငံသား ၇၀၀၀ ကျော်သွားပြီလို့လည်း ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။ ဒီနှစ်ထဲမှာပဲ ထိုင်းနဲ့ မြန်မာတွေပါဝင်တဲ့ လူမှောင်ခိုသမား ၁၅၀ကျော်ကိုလည်း ဒီလပိုင်းတွေအတွင်းမှာ အရေးယူနိုင်ခဲ့တယ်လို့လည်း ထိုင်းအာဏာပိုင်တွေပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG