သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘန်ကောက် Lockdown ဆောက်လုပ်ရေးလုပ်သားတွေအတွက် အစိုးရက လစာတဝက် ထောက်ပံ့မည်


ဘန်ကောက်မြို့က ဆောက်လုပ်ရေးလုပ်ငန်းခွင်တခု။ (နိုဝင်ဘာ ၂၈၊ ၂၀၁၇)
ဘန်ကောက်မြို့က ဆောက်လုပ်ရေးလုပ်ငန်းခွင်တခု။ (နိုဝင်ဘာ ၂၈၊ ၂၀၁၇)

(Zawgyi / Unicode)

နေ့စဉ် ထောင်ချီပြီး ကိုဗစ်ကူးစက်နေတဲ့ ထိုင်းနိုင်ငံမှာ ဘန်ကောက်နဲ့ ပြည်နယ် ၁၀ ခုက ဆောက်လုပ်ရေးဆိုက်တွေကို အစိုးရက တရားဝင် ပိတ်ခိုင်းထားပါတယ်။ ဒီအတွက် ဘန်ကောက်နဲ့ အနီးတဝိုက်က ဆောက်လုပ်ရေးဆိုက် ၆၀၀ အပါအဝင် ဆောက်လုပ်ရေး အလုပ်သမားတွေအတွက် လုပ်အားခ ၅၀ ရာခိုင်နှုန်းကို တနင်္လာနေ့ကစပြီး ထောက်ပံ့ပေးသွားမှာ ဖြစ်တယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးက ပြောပါတယ်။ အပြည့်အစုံကို မအေးအေးမာ တင်ပြပေးထားပါတယ်။

ထိုင်းနိုင်ငံမှာ ကိုဗစ်တတိယလှိုင်း ရောဂါပိုး ကူးစက်ပြန့်ပွားမှု မြင့်တက်နေတာကြောင့် ဆောက်လုပ်ရေးဆိုက်တွေ ပိတ်ထားရပါတယ်။ ဒီအတွက် အလုပ်သမားတွေအတွက် လုပ်ခရဲ့ ၅၀ ရာခိုင်နှုန်းကို အစိုးရက ကူညီထောက်ပံ့ပေးသွားမယ့်အကြောင်း ထိုင်းအလုပ်သမားဝန်ကြီး Mr. Suchart Chomklin က ထိုင်းဘာသာနဲ့ အခုလို ပြောသွားပါတယ်။

“အလုပ်သမားဦးရေကို စာရင်းပြုစုပြီးဖြစ်လို့ တနင်္လာနေ့ကစပြီး ထောက်ပံ့ကြေးတွေ ထုတ်ပေးမှာပါ။ ငါးရက်တကြိမ် ငွေရှင်းပေးမှာဖြစ်ပြီး ကန့်သတ်ပိတ်ဆို့ထားတဲ့ အလုပ်သမား စခန်းတွေဆီ တိုက်ရိုက် လာရောက်ရှင်းပေးမှာပါ။” ဆိုပြီး အလုပ်သမားဝန်ကြီး ပြောသွားတာ ဖြစ်ပါတယ်။

ဆောက်လုပ်ရေး အလုပ်သမားတွေမှာ ကူးစက်မှု များတာကြောင့်ဆိုပြီး ဘန်ကောက်နဲ့နီးတဲ့ ဆောက်လုပ်ရေးဆိုက် ၆၀၀ ကို ဇွန်လ ၂၈ ရက်နေ့ကစပြီး အဝင်အထွက် ကန့်သတ်ပိတ်ဆို့ထားပါတယ်။

အလုပ်သမားတွေအနေနဲ့ ကန့်သတ်ထားတဲ့ မိမိတို့ရဲ့ စခန်းတွင်းမှာသာ နေထိုင်ကြဖို့ အစာရေစာ မလုံလောက်ဖြစ်နေတဲ့ နေရာတွေကိုလည်း အစားအစာအခြောက်တွေ လိုက်လံပို့ဆောင်ပေးနေပြီလို့လည်း ပြောသွားပါတယ်။

ပညာရေးနဲ့ ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းက အလုပ်သမားရေးရာ တာဝန်ခံ ဦးမင်းဦးကတော့ အစိုးရဘက်ကတော့ ကြေညာထားတဲ့အတိုင်း လုပ်အားခရဲ့ ၅၀ ရာခိုင်နှုန်းကို ထောက်ပံ့ပေးတယ်ဆိုပေမယ့် အလုပ်ရှင်တွေဘက်ကတော့ နောက်ထပ် ၅၀ ရာခိုင်နှုန်းကို ပေးတာမျိုးကတော့ နည်းပါတယ်လို့ ဆိုပါတယ်။

“အလုပ်ရှင်တွေကတော့ များသောအားဖြင့် ပေးဖို့မမြင်ဘူး။ သူတို့က စားနပ်ရိက္ခာတွေ၊ တခြား ကျန်တဲ့ လိုအပ်တဲ့ဟာတွေ၊ သယ်ယူပို့ဆောင်ရေးတွေ၊ နေရာထိုင်ခင်းတွေ အဲဒါတွေပဲ ပံ့ပိုးမယ့်သဘော ရှိပါတယ်။ ဘန်ကောက် တခြားဆောက်လုပ်ရေးဆိုက်တွေထဲက အီတာလျံထိုင်းတို့ တခြား ဆောက်လုပ်ရေးဆိုက်ကြီးတွေ ဘာတို့ဆိုရင်တော့ အဲဒီလိုဟာမျိုးတွေ ဆိုရင်တော့ သူတို့က အာမခံတွေ ဘာတွေထားတော့ သူတို့ကတော့ ပေးနိုင်လိမ့်မယ်။ တခြားဟာတွေကတော့ တော်ရုံတန်ရုံ ပေးနိုင်မယ့်ပုံမပေါ်ဘူး။ အစိုးရရဲ့ လူမှုဖူလုံရေး အာမခံကပဲ ရမယ့်သဘော ရှိပါတယ်။ ပြဿနာတက်နေတာက တချို့စက်ရုံတွေဆိုရင် ရောဂါဖြစ်တယ်၊ အဲဒါကို ဆက်ပြီးဖွင့်ထားတယ်။ အလုပ်သမားတွေက ဆန္ဒပြနေတာမျိုးတွေ ဖြစ်နေတယ်လေ။”

ကိုဗစ်ကူးစက်မှုတွေ ဖြစ်နေတဲ့ စက်ရုံတွေမှာတော့ စက်ရုံမပိတ်ဘဲ အလုပ်ဆင်းခိုင်းနေတာကြောင့် ဒီရက်ပိုင်းမှာပဲ စက်ရုံ ၃ ခုလောက်က မြန်မာတွေ အပါအဝင် အလုပ်သမားတွေ ဆန္ဒပြတာတွေ ဖြစ်ခဲ့ပါတယ်။ ဒီအတွက် ၁၄ ရက် ယာယီပိတ်ပေးထားတဲ့ စက်ရုံတွေလည်း ရှိပါတယ်။

ဆုံခလာပြည်နယ်၊ နွံထဘူရီပြည်နယ်၊ စမုတ်ပရာကန်ပြည်နယ်၊ တာ့ခ်ပြည်နယ်တွေမှာတော့ ရာဂဏန်းလောက်ရှိတဲ့ အလုပ်သမားတွေ ကိုဗစ်ကူးစက်တာတွေ ဖြစ်နေတာပါ။

ကူးစက်သူ အတည်ပြုလူနာ ၂၈၃,၀၀၀ ကျော်ရှိနေတဲ့ ထိုင်းနိုင်ငံမှာ သောင်းနဲ့ချီရှိတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေလည်း ကူးစက်ခံနေရတာပါ။ ဇူလိုင်လ ၄ ရက်နေ့မှာလည်း ကူးစက်သူ လူနာအသစ် ၆,၀၀၀ နီးပါး ရှိနေပါတယ်။ သေဆုံးသူကတော့ ၂,၂၂၆ ဦးထိ ရှိလာပြီလို့ ထိုင်းကျန်းမာရေးဝန်ကြီးဌာနက အတည်ပြု ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

---------------------------

(Unicode)












XS
SM
MD
LG