သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်ပလုပ်သားခေါ်မယ့် ထိုင်းလုပ်ငန်းရှင်တွေ စာရင်းပေးဖို့ နှိုးဆော်


ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားအချို့။
ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားအချို့။

(Zawgyi / Unicode)

ထိုင်းလုပ်ငန်းရှင်တွေ အနေနဲ့ မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယား သုံးနိုင်ငံက အလုပ်သမားတွေကို ခေါ်မယ်ဆိုရင် နိုဝင်ဘာလ ၃၀ ရက်နေ့ကစပြီး ထိုင်း အလုပ်သမားဝန်ကြီးဌာနမှာ စာရင်းပေးသွင်းရမှာ ဖြစ်ပါတယ်။ နှစ်နိုင်ငံ သဘောတူညီချက် MOU နဲ့လာမယ့် အလုပ်သမားတွေ အတွက်ကတော့ ထိုင်းဘတ်ငွေ ၂၀,၀၀၀ ကျော်အထိ ကုန်ကျဖွယ်ရှိပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းအစိုးရအနေနဲ့ နှစ်နိုင်ငံသဘောတူစာချုပ် MOU နဲ့ အလုပ်သမား ခေါ်ယူဖို့ကိစ္စနဲ့ ပတ်သက်လို့ ထိုင်းဘက်က လုပ်ငန်းရှင်တွေက နိုဝင်ဘာလ ၃၀ ရက်နေ့ကစပြီး စာရင်းပေးသွင်းနိုင်ပြီဖြစ်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးက ပြောဆိုလိုက်ပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်လို့ ရောင်ခြည်ဦး အလုပ်သမားအဖွဲ့ရဲ့ မဲဆောက်ရုံးတာဝန်ခံ ဦးမိုးကျော်က အခုလိုပြောပြပါတယ်။

“တင်ဒါအောင်ထားတဲ့သူတွေ၊ အလုပ်သမားခေါ်ယူခွင့် ရထားတဲ့ လုပ်ငန်းရှင်တွေက လူဦးရေစာရင်းပေးရမယ်။ သူတို့လုပ်ငန်းက ဘယ်လိုလုပ်ငန်းအမျိုးအစား ဖြစ်တယ်၊ လူဦးရေ ဘယ်လောက်လိုသလဲ ဆိုတာကို နိုဝင်ဘာလ ၃၀ ရက်နေ့မှာ စာရင်းတင်လို့ ရပြီလို့ ကျနော်တို့ သိရပါတယ်။”

အလုပ်သမားတွေကတော့ နေရာ ၅ ခုကနေ လာရမှာဖြစ်ပြီး မြန်မာအလုပ်သမားတွေ အတွက်ကတော့ နယ်စပ် ၂ ခုကနေ လာရမှာဖြစ်တယ်လို့ ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့က အလုပ်သမားရေးတာဝန်ခံ ဦးမင်းဦးက အခုလိုပြောပါတယ်။

“၃ နိုင်ငံက လုပ်သားတွေ ဝင်လာမယ့် ၃ နိုင်ငံက အလုပ်သမားတွေအတွက် နေရာက ၅ ခုပေါ့၊ ရနောင်းရယ်၊ တာ့ခ် (Mae Sot) ရယ်၊ Sa Kaeo ရယ်၊ Sa Kaeo က ကမ္ဘောဒီးယား နယ်စပ်ပေါ့၊ ပြီးတော့ Nong Khain နဲ့ Mukdahan ပေါ့။ ဆိုလိုတာက မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အတွက်က ရနောင်းနဲ့ တာ့ခ် (Mae Sot) ကနေ သွင်းမှာပါ။”

MOU နှစ်နိုင်ငံသဘောတူစာချုပ်နဲ့ လာကြမယ့် ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ကုန်ကျစရိတ်ဟာ ဘတ်ငွေ ၂၂,၀၀၀ ကျော်ထိ ကုန်ကျနိုင်တာကြောင့် မြန်မာငွေနဲ့ဆိုရင် ကျပ်ငွေ ၁၂ သိန်းကျော်လောက် ကုန်ကျမှာဖြစ်ပါတယ်။ ကုန်ကျစရိတ်နဲ့ ပတ်သက်လို့ ဦးမိုးကျော်က ဆက်ပြောပြပါတယ်။

“ကုန်ကျစရိတ်က လုပ်သားတဦးကို ၁၁,၄၉၀ ကနေ ၂၂,၀၄၀ လောက်ထိ ကုန်မယ်။ ၂၂,၀၀၀ ကျော်ထိကုန်မယ်။ ကုန်ကျစရိတ်က ဘာလို့ရှိလာလဲဆိုရင် (၁) ကတော့ ကိုဗစ် ၂ ကြိမ်စစ်ဆေးခ ၂,၆၀၀ ဘတ်၊ (၂) ကတော့ ဗီဇာ ၂ နှစ်အတွက် ၂,၀၀၀ ဘတ်၊ (၃) ကတော့ Work Permit (အလုပ်လုပ်ခွင့်ကတ်) အတွက် ၂ နှစ်စာက ၁,၉၀၀ ဘတ်၊ (၄) ကကျတော့ ရောဂါ ၆ မျိုး စစ်ဆေးခ ၅၀၀ ဘတ်၊ (၅) ကတော့ ကျန်းမာရေး ၄ လစာ အာမခံခ ၉၉၀ ဘတ် ထိုင်းဘတ်ငွေ ကုန်ကျမယ်။ နံပါတ် (၆) က ကိုဗစ် ကာကွယ်ဆေးထိုးခ ၅၀ ဘတ်ရှိမယ်။ နံပါတ် (၇) ကတော့ ကွာရန်တင်း (စောင့်ကြည့်စင်တာ) ဝင်ရမယ့်စရိတ် ၇ ရက်စာဖိုး။ ကာကွယ်ဆေး လုံးဝမထိုးရသေးဘူးဆိုရင် ၁၄ ရက်ဝင်ရမှာဖြစ်တယ်။”

ဒီကုန်ကျစရိတ်တွေဟာ အလုပ်သမားတွေနဲ့ လုပ်ငန်းရှင်က တာဝန်ယူရမှာဖြစ်ပြီး ကိုဗစ်ကပ်ဘေးနဲ့ ပတ်သက်လို့ စောင့်ကြည့်စင်တာ ဝင်ရမှာတွေ၊ ဆေးစစ်တာတွေ၊ ကူးစက်မှုတွေရှိရင် ကုသစရိတ်တွေကို လုပ်ငန်းရှင်က တာဝန်ယူရမယ်လို့ ဆိုထားပါတယ်။

ဒါပေမယ့် ဒီကုန်ကျစရိတ်တွေဟာ နောက်ပိုင်းမှာ အလုပ်ရှင်က အလုပ်သမားတွေဆီက ဖြတ်တောက်တာမျိုးတွေ ရှိတဲ့အပြင် လတ်တလော စိုက်ထားရမယ့် စရိတ်တွေအတွက် လုပ်ငန်းရှင်တွေဘက်က မတတ်နိုင်တာတွေကြောင့် ကိုဗစ်ကပ်ဘေးကာလမှာ MOU နဲ့ ခေါ်ယူမယ်လို့ ဆုံးဖြတ်တိုင်း မအောင်မြင်ခဲ့တာလည်း ရှိခဲ့ပါတယ်။ ထိုင်းအစိုးရ အနေနဲ့ကတော့ လုပ်သားလိုအပ်ချက်အပြင် ထိုင်းနိုင်ငံအတွက် အကျိုးအမြတ်တွေ ရရှိမှာဖြစ်တယ်လို့လည်း ဦးမင်းဦးကတော့ ထောက်ပြပါတယ်။

“အလုပ်သမား လိုအပ်ချက်ကို သူတို့ ဖြေရှင်းတယ်ဆိုတာက သူတို့က အကုန်လုံးကို အချိန်ယူတယ်။ သူတို့အစိုးရက လုပ်လိုက်တိုင်းမှာ အားလုံး သပိတ်ဝင်အိတ်ဝင်ဖြစ်အောင် လုပ်တယ်။ သူတို့အတွက် အလုပ်သမားတွေလည်း ရရမယ်၊ လုပ်ငန်းစဉ် Process အားလုံးမှာ သူတို့ရဲ့ ဌာနဆိုင်ရာက အလုပ်သမားတွေ၊ အေဂျင်စီတွေ၊ ဈေးရောင်းဈေးဝယ်သမားတွေ၊ ခရီးဝန်ဆောင်မှုုပေးတဲ့ အဆင့်ဆင့် အဲဒါတွေအကုန်လုံးက အကျိုးအမြတ်တွေ အကုန်ရသွားတာပဲ။”

ထိုင်းအစိုးရကတော့ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား ၃ နိုင်ငံက တရားဝင်လုပ်သားတွေ ခေါ်ယူဖို့အတွက် စီစဉ်ဆောင်ရွက်နေတာဖြစ်ပြီး ပထမဦးဆုံး လူဦးရေ ၈၀,၀၀၀ ကို စတင်ခေါ်ယူမှာ ဖြစ်သလို လုပ်သား ၄၀၀,၀၀၀ လောက်ထိ ခေါ်ယူသွားမှာ ဖြစ်တယ်လို့ အလုပ်သမား ဝန်ကြီးဌာနက ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

----------------------

(Unicode)













XS
SM
MD
LG