သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းတောင်ပိုင်း မြန်မာအလုပ်သမားတဦး ကိုယ့်ကိုယ်ကိုအဆုံးစီရင်


ဇူလိုင် ၂၉ ရက်နေ့က ထိုင်းနိုင်ငံတောင်ပိုင်းမှာ မိမိကိုယ်ကိုအဆုံးစီရင်သွားတဲ့ မြန်မာအလုပ်သမားတဦး။ (ဇူလိုင် ၂၉၊ ၂၀၂၀)
ဇူလိုင် ၂၉ ရက်နေ့က ထိုင်းနိုင်ငံတောင်ပိုင်းမှာ မိမိကိုယ်ကိုအဆုံးစီရင်သွားတဲ့ မြန်မာအလုပ်သမားတဦး။ (ဇူလိုင် ၂၉၊ ၂၀၂၀)

[Zawgyi/Unicode]

COVID 19 ကပ်ရောဂါကာလ ထိုင်းနိုင်ငံတောင်ပိုင်းမှာ မြန်မာနိုင်ငံသားတစ်ဦး ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားတဲ့အတွက် အခုဆိုရင် စုစုပေါင်း ငါး ယောက်ထက်မနည်း ရှိနေပြီဖြစ်တဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက ပြောပြပါမယ်။

ကပ်ရောဂါကာလ ကန့်သတ်ချက်တွေကြောင့် ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားတွေ အခက်ကြုံနေရချိန်မှာပဲ ကိုယ့်ကိုယ်ကို အဆုံးစီရင်တဲ့ သတင်းတွေ ထွက်ပေါ်လာနေတာပါ။ ထိုင်းနိုင်ငံတောင်ပိုင်း Narathiwat ခရိုင် ခုတ်ခရင် မြို့နယ်မှာ တရားဝင်နိုင်ငံကူးစာအုပ် ကိုင်ဆောင်ထားတဲ့ အသက် ၄၀ အရွယ် မြန်မာအလုပ်သမားအမျိုးသား တဦး အဆုံးစီရင်သွားခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့က ဒီကနေ့ပဲ သတင်းထုတ်ပြန်ခဲ့ပါတယ်။

သေဆုံးမှုသတင်းရတဲ့အတွက် သွားရောက်စစ်ဆေးရာမှာ တခြားဒဏ်ရာဒဏ်ချက် မတွေ့ရဘဲ ကြိုးဆွဲချ သေဆုံးနေတာ တွေ့ခဲ့ရကြောင်းလည်း ဒေသခံရဲအရာရှိ Kritphob Buamiam ကို ကိုးကားပြီး ထိုင်းနိုင်ငံက သတင်းတွေမှာ ဖော်ပြခဲ့ကြတာပါ။ အခုနောက်ဆုံး သေဆုံးသူနဲ့ပါဆိုရင် ဒီလထဲမှာ ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့ကြတဲ့ မြန်မာအလုပ်သမား သုံး ဦး ရှိသွားပြီလို့ ထိုင်းနိုင်ငံအခြေစိုက် အလုပ်သမားရေး ဆောင်ရွက်နေတဲ့ AAC အဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ကိုရဲမင်းက ပြောပါတယ်။

"တရားဝင်နိုင်ငံကူးလက်မှတ်နဲ့ အလုပ်လုပ်နေတဲ့ အလုပ်သမားတယောက်ပဲ ကိုဗစ်ကာလမှာ အလုပ်အကိုင်အဆင်မပြေ ဖြစ်နေတာ မြန်မာပြည်ထဲက မိသားစုတွေကိုလည်း ငွေမပြန်ပို့နိုင်တာကြာပြီ သူအမျိုးသမီးနဲ့လည်း စကားတွေများ ရန်တွေဖြစ်နေတာပေါ့နော်။ ခဏခဏ စကားများနေတယ်ဆိုပြီး အခန်းကပ်ရပ်က မြန်မာနိုင်ငံသားတွေက ပြောပြကြတယ်။ နေတဲ့နေရာ အလုပ်သမားတန်းလျားမှာပဲ ကြိုးဆွဲချ သေဆုံးနေတာ ပြောမယ်ဆိုရင် တရားဝင် အလုပ်သမား ကြိုးဆွဲချသေဆုံးတာပေါ့နော်။ ဒီလ ထဲမှာ သုံး ဦးမြောက်ပေါ့။ ဒီလ၂၅ ရက်နေ့ကလည်း ထိုင်းမြောက်ပိုင်း မယ်ဟောင်ဆောင်က လယ်စောင့်တဲမှာပဲ အသက် ၄၂ အရွယ် မြန်မာနိုင်ငံသား ရှမ်းလူမျိုး တဦးသေဆုံးနေတယ်။ ဒီလပထမဆုံးပတ်မှာပဲ မဟာချိုင်ဒေသ မြန်မာပြည်သားတဦး စက်ရုံနောက်က သစ်ပင်တွေကြား၊ ချုံကြားမှာ ကြိုးဆွဲချသေဆုံးတာ ပုတ်ပွနေမှ သိရတယ်။ ကိုဗစ်ကာလ ဒီ ၂ လ၊ ၃ လမှာဆိုရင် မိမိကိုယ်ကို အဆုံးစီရင်တဲ့ မြန်မာအလုပ်သမား ၅ ဦးလောက် ရှိသွားပြီ AAC အနေနဲ့ သိရတာပေါ့နော်။"

ကပ်ရောဂါကာလ ထိုင်းနိုင်ငံမှာ လုပ်ငန်းတွေ ရပ်ဆိုင်းထားရတဲ့အတွက် မြန်မာနိုင်ငံသားတွေ အပါအဝင် သန်းနဲ့ချီတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ အလုပ်လက်မဲ့ ဖြစ်ကြရပြီး နေရပ်ပြန်သူတွေရှိသလို၊ မပြန်နိုင်သေးတဲ့ သူတွေဟာလည်း ရပ်တည်ရေးအတွက် အခက်တွေ့နေကြတာပါ။ ကပ်ရောဂါမဖြစ်ခင်က ထိုင်းနိုင်ငံမှာ ခန့်မှန်းခြေ ရွှေ့ပြောင်းအလုပ်သမား ၂,၇၀၀,၀၀၀ လောက် ရှိခဲ့ပြီး ဒီအထဲက မြန်မာနိုင်ငံသား ၅၀,၀၀၀ လောက်ကတော့ နေရပ်ပြန်သွားခဲ့ကြကြောင်းလည်း နိုင်ငံတကာ အလုပ်သမားရေး လှုပ်ရှားနေတဲ့ အဖွဲ့တွေက ခန့်မှန်းထားပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

[Unicode Version]







XS
SM
MD
LG