သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းဘက်က မြန်မာ ၁၅၀ ကျော်ကို ဌာနေပြန်ပို့


ရနောင်းဘက်ကနေ ကော့သောင်းဘက်ကို ပြန်လွှဲပေးလိုက်တဲ့ မြန်မာနိုင်ငံသားများ။ (ဧပြီ ၉၊ ၂၀၂၂။ ဓာတ်ပုံ - FED- MRC ကော့သောင်း)
ရနောင်းဘက်ကနေ ကော့သောင်းဘက်ကို ပြန်လွှဲပေးလိုက်တဲ့ မြန်မာနိုင်ငံသားများ။ (ဧပြီ ၉၊ ၂၀၂၂။ ဓာတ်ပုံ - FED- MRC ကော့သောင်း)

(Zawgyi / Unicode)

ထိုင်းနိုင်ငံတောင်ပိုင်းက ပြည်နယ် ၁၄ ခုမှာ အ‌ကြောင်းအမျိုးမျိုးကြောင့် အကျဉ်းကျခံရပြီးတဲ့နောက် လွတ်ရက်စေ့တဲ့ မြန်မာ ၁၅၀ ကျော်ကို ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းခရိုင် လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းကတဆင့် မြန်မာနိုင်ငံ ကော့သောင်းမြို့ အာဏာပိုင်တွေထံကို ထိုင်းအာဏာပိုင်တွေက ဧပြီလ ၉ ရက်နေ့မှာ လွှဲပြောင်းပေးခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံတောင်ပိုင်းက ပြည်နယ် ၁၄ ခုမှာ အ‌ကြောင်းအမျိုးမျိုးကြောင့် အကျဉ်းကျခံရတဲ့ မြန်မာနိုင်ငံသားတွေကို လွတ်ရက်စေ့တဲ့အခါ မြန်မာနိုင်ငံဘက်ကို ပြန်လွှဲပြောင်းပေးဖို့အတွက် ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်း လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းမှာ ထိန်းသိမ်းထားတာပါ။

ဧပြီလ ၉ ရက်နေ့မှာတော့ လွတ်ရက်စေ့ မြန်မာနိုင်ငံသား ၁၅၃ ယောက်ကို ရနောင်းလဝက ထိန်းသိမ်းရေးစခန်းကနေ မြန်မာနိုင်ငံ ကော့သောင်းမြို့ အာဏာပိုင်တွေထံကို ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းက အလုပ်သမားရေးရာ တာဝန်ခံ ဦးမင်းဦးက အခုလိုပြောပါတယ်။

“ထိုင်းတောင်ပိုင်းမှာရှိတဲ့ အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျ ထောင်ကျပြီးသူတွေကို လဝကကို ပြန်ပို့တယ်။ ရနောင်းလဝကကိုတော့ ဖန်းငတို့ ချုံဖော်တို့ အဲဒီဘက်ကနေ ပို့တာပေါ့၊ ရနောင်းလဝကကို ပို့ရတယ်။ ပို့တဲ့အခါ အလှည့်ကျနဲ့ ပို့ရတယ်။ လူကများတော့ အမြဲတမ်း မပို့နိုင်ဘူး။ အခုဆိုရင် တလမှ တခါပေါ့၊ အခုတခေါက်ကတော့ ၁၅၃ ဦးပေါ့။”

အရင်တုန်းကတော့ လွတ်ရက်စေ့သူတွေကို ရနောင်းကနေ ကော့သောင်းဘက်ကို မကြာခန လွှဲပြောင်းပေးတာတွေ ရှိပေမယ့် အခု ကိုဗစ်ကပ်ဘေးကာလကစပြီး မြန်မာဘက်ကို အကန့်အသတ်နဲ့ပဲ ပြန်လွှဲပြောင်းပေးနေရတာပါ။ အဓိကတော့ မြန်မာနိုင်ငံဘက်မှာ ကွာရမ်တင်းလုပ်ဖို့ နေရာမလုံလောက်တာတွေနဲ့ စောင့်ကြည့်ရေးစင်တာမှာ ထားတဲ့အချိန် စားသောက်ရေးအတွက် အခက်အခဲ ရှိတာတွေကြောင့် တလကို အကန့်အသတ်နဲ့သာ လက်ခံတယ်လို့လည်း ဦးမင်းဦးက ပြောပါတယ်။

“ပို့တယ်ဆိုတဲ့နေရာမှာ မြန်မာဘက်မှာက လက်ခံပြီး ကွာရမ်တင်းထားဖို့တို့၊ ထောက်ပံ့ဖို့တို့ ဒါတွေက အဆင်မပြေဘူးလေ။ အဲဒီတော့ တနင်္သာရီတိုင်းက လူတွေကိုပဲ ဦးစားပေး ပို့ပေးတယ်။ အာဏာပိုင်တွေမှာက လက်ခံထားဖို့နဲ့ ပံ့ပိုးပေးဖို့အတွက် စားရေးသောက်ရေး နေစရာမရှိဘူး။ အဲဒီလိုလူတွေ အတွက်ကတော့ အခက်အခဲရှိတယ်။”

ဧပြီလ ၉ ရက်နေ့က ရနောင်းဘက်က ထိုင်းအာဏာပိုင်တွေက မြန်မာဘက်က ကော့သောင်း အာဏာပိုင်တွေထံကို ပြန်လွှဲပြောင်းပေးလိုက်တဲ့ အထဲမှာ မြန်မာရွှေ့ပြောင်းအလုပ်သမား အမျိုးသား ၈၅ ဦး၊ အမျိုးသမီး ၆၀ ဦးနဲ့ ကလေး ၈ ဦး အားလုံးပေါင်း ၁၅၃ ဦးကို လွှဲပြောင်းပေးခဲ့တာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ အကြောင်းအမျိုးမျိုးနဲ့ ပြစ်ဒဏ်ကျခံရပြီး လွတ်ရက်စေ့နေတဲ့ မြန်မာနိုင်ငံသားတွေ ထောင်နဲ့ချီ ရှိနေပေမယ့် မြန်မာနိုင်ငံဘက်မှာ ကိုဗစ်ကပ်ဘေးကာလ စောင့်ကြည့်ရေးစင်တာ မလုံလောက်တဲ့အတွက် ထိုင်းဘက်က ပြန်လွှဲပြောင်းတာကို အကန့်အသတ်နဲ့ပဲ လက်ခံနိုင်ပါတယ်။ ထိုင်းအကျဉ်းထောင်တွေ၊ အချုပ်တွေက လွတ်ရက်စေ့တဲ့ မြန်မာတွေကို မဲဆောက်-မြဝတီ၊ မဲဆိုင်-တာချီလိတ်၊ ရနောင်း-ကော့သောင်းလမ်းတွေကနေ ပြန်လည် လွှဲပြောင်းပေးလေ့ ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

-----------------------------

(Unicode)










XS
SM
MD
LG