သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လောက်ကိုင်ဒေသပိတ်မိနေတဲ့ ထိုင်းနိုင်ငံသား ၄၁ ဦးကို ကယ်တင်နိုင်ခဲ့


ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့မှာ ပိတ်မိနေတဲ့ ထိုင်းနိုင်ငံသား ၄၀ ကျော်ကို ပထမအသုတ်အဖြစ် တာချီလိတ်ကနေ ထိုင်းနိုင်ငံကို ပြန်ပို့ပေးဖို့ စီစဥ်နေစဥ်။ (ဓာတ်ပုံ-ထိုင်းအတထူးတပ်ဖွဲ့၊ နိုဝင်ဘာ ၁၅၊ ၂၀၂၃)
ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့မှာ ပိတ်မိနေတဲ့ ထိုင်းနိုင်ငံသား ၄၀ ကျော်ကို ပထမအသုတ်အဖြစ် တာချီလိတ်ကနေ ထိုင်းနိုင်ငံကို ပြန်ပို့ပေးဖို့ စီစဥ်နေစဥ်။ (ဓာတ်ပုံ-ထိုင်းအတထူးတပ်ဖွဲ့၊ နိုဝင်ဘာ ၁၅၊ ၂၀၂၃)

မြန်မာနိုင်ငံ ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်ဒေသမှာ ပိတ်မိနေတဲ့ ထိုင်းနိုင်ငံသားတွေထဲက ပထမဆုံးအသုတ်အဖြစ် ၄၁ ဦးကို ကယ်တင်ခဲ့ပြီး ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ကို ရောက်ရှိလာပါပြီ။ နိုဝင်ဘာ ၁၆ နဲ့ ၁၇ ရက်နေ့တွေမှာ ထိုင်းဘက်ကို လွဲပြောင်းပေးမယ့်အကြောင်း နိုဝင်ဘာလ ၁၅ ရက်မှာ ထိုင်းဝန်ကြီးချုပ်က တရားဝင် သတင်းထုတ်ပြန် သွားပါတယ်။ ဒီသတင်းကိုဗွီအိုအေသတင်းထောက်မအေးအေးမာကသတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံ ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်ဒေသဘက်မှာ စစ်ကောင်စီနဲ့တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ကြားကစစ်ပွဲတွေအတွင်း ပိတ်မိနေတဲ့ ထိုင်းနိုင်ငံသားတွေထဲက ၄၁ ဦးကို ပထမအသုတ်အနေနဲ့ ကယ်ဆယ်နိုင်ခဲ့တဲ့သူတွေဟာ အခု မဲဆိုင်မြို့တဘက်ကမ်း တာချီလိတ်မြို့ကိုရောက်နေပြီလို့ထိုင်းဝန်ကြီးချုပ် Srettha Thavisin ကအခုလိုသတင်းထုတ်ပြန်ခဲ့ပါတယ်။

ထိုင်းဝန်ကြီးချုပ် Srettha Thavisin သတင်းထောက်တွေကိုပြောသွားတာကတော့ -

“သူတို့တွေကို နိုဝင်ဘာလ ၁၆ နဲ့ ၁၇ ရက်နေ့မှာ မြန်မာနိုင်ငံဘက်ကနေ လွှဲပြောင်းယူမှာပါ။ နောက်ကျန်နေသေးတဲ့သူတွေကို ပြန်ခေါ်လာနိုင်ဖို့အတွက်လည်း ထိုင်းအမျိုးသားလုံခြုံရေးကောင်စီက ဆက်လက်လုပ်နေပါတယ်။ ထိုင်းနိုင်ငံသားတွေကို အဖြစ်နိုင်ဆုံးနည်းလမ်းတွေနဲ့ ကယ်တင်သွားမှာပါ။” လို့ထိုင်းဘာသာနဲ့ပြောသွားပါတယ်။

ထိုင်းနိုင်ငံသား ၄၁ ဦးကို မြန်မာစစ်တပ်အာဏာပိုင်တွေအကူအညီနဲ့ ရှမ်းပြည်နယ် လောက်ကိုင်ကနေ ၀ တိုင်းရင်းသားနယ်မြေကို ဖြတ်ပြီး တာချီလိတ်အထိ အထူးဘတ်စ်ကားကြီးနဲ့ သယ်ဆောင်လာခဲ့တာဖြစ်ပြီး တာချီလိတ်မြို့ကို နိုဝင်ဘာလ ၁၅ ရက်နေ့မှာ ရောက်ရရှိလာကြပါတယ်။ လက်ရှိအခြေအနေမှာ ထိုင်းဘက်ကတာဝန်ရှိသူတွေနဲ့ ဆေးကုသရေးအဖွဲ့တွေကို တာချီလိတ်ကိုစေလွှတ်ပြီး ကျန်းမာရေး စစ်ဆေးပေးနေေကြာင်း သိရပါတယ်။

ရှမ်းပြည်နယ် လောက်ကိုင်ဘက်မှာ ပိတ်မိနေတဲ့ ထိုင်းနိုင်ငံသားပေါင်း ၂၀၀ ကျော်ရှိနေတဲ့အကြောင်းနဲ့ အများစုဟာ တရုတ်နိုင်ငံသားတွေပိုင်တဲ့ ဒုစရိုက် လောင်းကစားလုပ်ငန်း၊ ပြည့်တန်ဆာလုပ်ငန်း၊ အွန်လိုင်းလိမ်လည်ဂိုဏ်းက Call center တွေမှာ အတင်းအကြပ် ခိုင်းစေခံနေရတာဖြစ်ပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG