သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်သံအမတ်ကို တရားစွဲဆိုမှု တရားရုံးပယ်ချ


ကန်သံအမတ်ကို တရားစွဲဆိုမှု တရားရုံးက ပလပ်လိုက်အပြီး
ကန်သံအမတ်ကို တရားစွဲဆိုမှု တရားရုံးက ပလပ်လိုက်အပြီး

ရန်ကုန် အမေရိကန်သံရုံးက သူ့လူမှုကွန်ယက်မှာ တင်ခဲ့တဲ့ ပုံတပုံနဲ့ပတ်သက်လို့ အမျိုးသားရေးဝါဒီဆရာတော်တဦးက တရားရုံးမှာ တိုက်ရိုက်တရားစွဲဆိုတဲ့အမှုမှာ တရားရုံးက လက်မခံ ပယ်ချလိုက်ပါတယ်။ ဒီအမှု တရားရုံးဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ ဗွီအိုအေ သတင်ေးထာက် ကိုထက်အောင်ခန့် မေးမြန်း သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဗုဒ္ဓရုပ်ပွားတော်ပုံ ပန်းချီကားကို မျက်နှာအုပ် နှာခေါင်းစည်းပုံတင်မိခဲ့လို့ အမျိုးသားရေးဝါဒီဆရာတော် တပါးဖြစ်တဲ့ မကွေးကျောင်းဆရာတော် ဦးပါမောက္ခက သံအမတ်ကြီးအပါအဝင် ပန်းချီရေးဆွဲသူနဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်တဲ့လူတွေကို သာသနာ ညှိုးနွမ်းစေမှု ပုဒ်မနဲ့ တရားစွဲဆိုဖို့ ကမာရွတ်တရားရုံးကို ဦးတိုက်လျှောက်ခဲ့ပါတယ်။

တရားစွဲဆိုဖို့ တရားရုံးကို ဦးတိုက်လျှောက်ပေမယ့် ဦးတိုက်လျှောက်ထားမှုကို တရားသူကြီးက လက်မခံပါဘူး။ တရားရုံးက အခုလို ပယ်ချလိုက်တာနဲ့ပတ်သက်လို့ တရားလွှတ်တော် ရှေ့နေ ဦးကြီးမြင့်က သူ့အမြင်ကို အခုလိုပြောပါတယ်။

"သူကပယ်ချက်မှာပဲလေ။ သံအမတ်ကြီးက သံတမန်ကင်းလွတ်ခွင့်ရထားတာ။ သံအမတ်ကြီးနဲ့ တွဲပြီး စွဲတယ်ဆိုရင် တရားရုံးက လက်ခံလို့ရမဘူးလေ။ ဒါသံတမန်ကင်းလွတ်ခွင့်ရထားတဲ့လူနဲ့ တွဲပြီး စွဲလို့ မရဘူးလေ။ အဲ့ဒါပဲ အဓိက က ဒါပဲ။ သံအမတ်ကြီးနဲ့ တွဲစွဲတဲ့ ကိစ္စကို ဘယ်လိုမှ လက်ခံနိုင်စရာ အကြောင်းမရှိဘူး။ သံတမန်ကင်းလွတ်ခွင့်လေ အဲ့လောက်တော့ စွဲတဲ့လူတွေက ဥပဒေကို လေ့လာရမှာပေါ့။ ငါလုပ်ရပြီးရောဆိုပြီး အဲ့ဒါမျိုးက မရဘူးလေ။ ဥပဒေနဲ့ မညီဘူးပေါ့။ ဒါကြောင့် ပယ်လိုက်တာပါ။"

ဦးတိုက်လျှောက်ထားတာနဲ့ ပတ်သက်လို့ တရားရုံးက ပလပ်လိုက်တဲ့အပေါ် မကွေးကျောင်းတိုက် ဆရာတော်က အခုလို မိန့်ကြားပါတယ်။

"အမှုမှန်မပေါ်ပေါက်ဘူးတဲ့ မပေါ်ပေါက်လို့ ပယ်လိုက်တယ်။ ဟဲ့ဒီလို ထင်ရှားနေတဲ့ပုံကြီးကို အမှုမှန် မပေါ်ပေါက်ဘူးလား။ ဒီ့ထက် ထင်ရှားတာ ဘာရှိသေးလည်းလို့ မေးတဲ့အခါမှာ တရားသူကြီးက အထက်တရားရုံးများသို့ တက်ပါဆိုပြီး ပြောလိုက်ပါတယ်။"

ဒါ့အပြင် ဆရာတော် ဦးပါမောက္ခဘက်ကတော့ အထက်တရားရုံးတွေကို တက်မှာမဟုတ်တော့ဘူးလို့ လည်းဆိုပါသေးတယ်။

အခုလ ၂၆ ရက်နေ့က မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး စာမျက်နှာမှာ မြန်မာလူငယ်တွေရဲ့ အသံကို ဖော်ကျူးထားတဲ့ Insight Out အမည်ရတဲ့ ပန်းချီပြပွဲကြေညာမှာ ဗုဒ္ဓရုပ်ပွားတော်ပုံမှာ နှာခေါင်းစည်းပုံ တင်မိလို့ အခုလို တရားရုံး ဦးတိုက်လျှောက်ထားခံရတာ ဖြစ်ပါတယ်။ တင်ပြီးမကြာခင်မှာပဲ ဝေဖန်ကန့်ကွက်မှုတွေကြောင့် သံရုံးဘက်က ဓာတ်ပုံကို ပြန်ဖြုတ်သွားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး ပြောခွင့်ရကတော့ ဘာသာ သာသနာကို ထိခိုက်စေလိုတဲ့ ရည်ရွယ်ချက် ကြောင့်မဟုတ်ဘဲ သဘာ၀ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် လူငယ်တွေရဲ့ လွတ်လပ်စွာပြောဆိုခွင့်ကို ဖော်ထုတ်ပေးတာဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၁၅ ခုနှစ်တုန်းကလည်း V Gastro ဘားဆိုင်ဟာ ဗုဒ္ဓရုပ်ပွားတော်ပုံမှာ နားကြပ်တပ်တဲ့ ပုံနဲ့ ကြေညာမိလို့ ဆိုင်မန်နေဂျာ ဖြစ်တဲ့ နယူးဇီလန်နိုင်ငံသား တစ်ဦးနဲ့ မြန်မာနိုင်ငံသား ၂ ဦးကို သာသနာညှိုးနွမ်းစေမှု ပုဒ်မ အပြင် ဒေသန္တအမိန့်ကို ဖောက်ဖျက်ကျူးလွန်တယ်ဆိုပြီး တရားစွဲခံရကာ ထောင်ဒဏ် ၂ နှစ်နဲ့ ၆လ အမိန့် ချမှတ်ခံခဲ့ရပါတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG