သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အာဏာသိမ်း ၃ နှစ်တာအတွင်း မြန်မာသတင်းမီဒီယာတွေရဲ့ ဖြတ်သန်းမှု


ယခင်မှတ်တမ်းရုပ်ပုံ | "သတင်းအချက်အလက်ရရှိခွင့်ဟာ ဒီမိုကရေစီရဲ့ အသက်ဖြစ်တယ်" ဆိုတဲ့ အဓိပ္ပါယ်ပါတဲ့ စာတန်းကို ရန်ကုန်မြို့တွင်း ကိုင်ဆောင်ဆန္ဒပြနေသူတဦး (ဇန်နဝါရီ ၇၊ ၂၀၁၄)
ယခင်မှတ်တမ်းရုပ်ပုံ | "သတင်းအချက်အလက်ရရှိခွင့်ဟာ ဒီမိုကရေစီရဲ့ အသက်ဖြစ်တယ်" ဆိုတဲ့ အဓိပ္ပါယ်ပါတဲ့ စာတန်းကို ရန်ကုန်မြို့တွင်း ကိုင်ဆောင်ဆန္ဒပြနေသူတဦး (ဇန်နဝါရီ ၇၊ ၂၀၁၄)

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ၃ နှစ်တာကာလအတွင်း သတင်းမီဒီယာတွေကို စစ်ကောင်စီက ပြင်းပြင်းထန်ထန်ဖိနှိပ်နေတာကြောင့် သတင်းသမားတွေရဲ့ အသက် ရှင်သန်ရပ်တည်ရေးနဲ့ သတင်းရေးသားမှုပိုင်းတွေမှာ အခက်အခဲတွေ တိုးလာနေတယ်လို့ သတင်းသမားတွေက ပြောပါတယ်။ အထူးသဖြင့် ပြည်တွင်းမှာနေပြီး သတင်းရေးသားတင်ဆက်နေတဲ့ သတင်းသမားတွေက ပိုပြီးတော့ ဒီစိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေကြရတာပါ။ အာဏာသိမ်းပြီး ၃နှစ်တာ ကာလအတွင်း လွတ်လပ်တဲ့ သတင်းမီဒီယာတွေနဲ့ သတင်းသမားတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲအကြောင်း ရန်ကုန်ကလာတဲ့ သတင်းကို ကိုစံကျော်က တင်ပြပေးပါမယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ်က အာဏာသိမ်းပြီးနောက် ရာနဲ့ချီတဲ့ သတင်းမားတွေကို ဖမ်းဆီးတာတရားစွဲဆိုတာတွေနဲ့ သတင်းဌာနတွေကို ပိတ်ပင်တာတွေ၊ သတင်းသမားတွေကို သတ်ဖြတ်တာအပါအဝင် သတင်းမီဒီယာလွတ်လပ်ခွင့်တွေကို နည်းလမ်းမျိုးစုံနဲ့ ပိတ်ပင်လာခဲ့တယ်လို့ သတင်းသမားတွေက ပြောဆိုကြပါတယ်။

လက်ရှိမှာလည်း စစ်ကောင်စီက သတင်းသမားတွေကို ဖမ်းဆီးတာတွေ သတင်းဌာန တွေကိုဝင်ရောက်ဖမ်းဆီးတာတွေ ရှိနေပြီး မြန်မာနို်င်ငံရဲ့ သတင်းမီဒီယာ လွတ်လပ်ခွင့်တွေ ပိုဆိုးလာနေတယ်လို့ လွတ်လပ်တဲ့ သတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌနန်းဖောဂေ ကပြောပါတယ်။

“ တလျောက်လုံးကတော့ သတင်းမီဒီယာတွေကတော့ လွတ်လပ်စွာရေးသား ဖော်ပြခွင့်မရသလို သက်ဆိုင်ရာဒေသတွေမှာလည်း သတင်းလုပ်ငန်းကို လွတ်လွတ်လပ်လပ်၊ ရေးသား ဖော်ပြ ထုတ်လွင့်မယ်ဆိုတဲ့ဟာတွေက အခုအချိန်ထိကတော့ ဆုံးရှုံးနေတယ်ပေါ့နော်၊ သတင်းလွတ် လပ်ခွင့်ဆုံးရှုံးနေတယ်။ နောက်တခုက ပိုဆိုးတာက ၃နှစ်သာ ရောက်လာတယ် သတင်းမီဒီယာတွေ သတင်းသမားလုပ်ခဲ့သူတွေကို ဖမ်းဆီး နိုပ်စက်တာမျိုးတွေကလည်း ရှိနေဆဲပေါ့နော် အခုအချိန်ထိလည်း အကျဉ်းထောင်ထဲမှာ ရှိနေဆဲဖြစ်သလို တရားစွဲ ခံရတာ ဝရမ်းထုတ်ခံရတဲ့ အခြေအနေတွေကလည်း သတင်းမီဒီယာသမားတွေပေါ်မှာ ရှိနေဆဲပဲဆိုတော့လေ အခြေအနေတွေက အကောင်းဘက်ကို မတွေ့ရသေးဘူးပေါ့နော်။”

အခုလို သတင်းလုပ်ငန်းလုပ်ကိုင်သူတွေကို အာဏာသိမ်းပြီးနောက်ပိုင်းကစလို့ နည်းမျိုးစုံနဲ့ ဖမ်းဆီး နှိပ်စက်သတ်ဖြတ်တာတွေကြောင့် သတင်းသမားတော်တော်များများ ပြည်ပနိုင်ငံတွေကို ထွက်ပြေးတိမ်ရှောင်ပြီးတော့ သတင်းလုပ်ငန်းတွေကို ဆက်လက်လုပ်ကိုင်နေကြ ရတာပါ။ ပြည်တွင်းမှာ တိမ်းရှောင်ကျန်ရှိနေတဲ့ သတင်းသမားတွေအနေနဲ့လည်း စစ်ကောင်စီရဲ့ ဖမ်းဆီးတရားစွဲဆိုမှုတွေအောက်က သတင်းလုပ်ငန်းတွေကို လုပ်ကိုင်နေကြရသလို အကြောင်းအမျိုးအမျိုးကြောင့် သတင်းသမားအလုပ်ကို စွန့်လွှတ်သွားသူတွေလည်း ရှိတယ်လို့ ပြည်တွင်းမှာရှိနေတဲ့ သတင်းသမားတဦးကပြောပါတယ်။

“ အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်တပ်ရဲ့ ဖမ်းဆီးတရားစွဲတာတွေကြောင့် အမျိုးသမီး သတင်းထောက်တွေ ရှားသွားတယ်၊ သတင်းထောက်အလုပ်ကို စွန့်ပြီးတော့ မှ တခြားစီးပွား ရေးတွေ ဘာတွေလုပ်သွားတဲ့ သတင်းထောက်တွေ အများကြီးရှိတယ်ပေါ့နော်၊ ယောကျာ်း တွေလည်း အဲလိုပဲ နိုင်ငံခြားကို ထွက်သွားသူတွေနဲ့ သတင်းထောက်အလုပ်ကို စွန့်သွားကြ တယ်၊ အများကြီးတွေ့ရတယ် ရခိုင်တခုတည်းမဟုတ်ဘူး တနိုင်ငံမှာရှိတယ်။ ညီမအသိတွေလည်း အများကြီးပဲ တချို့ဆိုရင် လက်နက်ကိုင်သွားတာတွေတောင်ရှိတယ်။”

လက်ရှိပြည်တွင်းမှာ ရှိနေတဲ့ သတင်းသမားတွေဟာ မလုံခြုံမှုတွေ စိန်ခေါ်မှုတွေကြားထဲကနေ ဒေသတွင်း ဖြစ်ပျက်နေတဲ့ သတင်းတွေကို ရေးသားတင်ဆက်နေကြရပြီး အထူးသဖြင့် တိုက်ပွဲပြင်းထန်နေတဲ့ ဒေသတွေမှာ ရှိနေတဲ့ သတင်းသမားတွေ၊ သတင်းဌာနတွေနဲ့ လုံခြုံရေးအပြင် သတင်းရယူမှုပိုင်းတွေမှာလည်း ခက်ခဲနေကြတယ်လို့ လက်ရှိတိုက်ပွဲပြင်းထန်နေတဲ့ ရခိုင်ဒေသမှာ ရှိနေတဲ့ သတင်းသမားတဦးကပြောပါတယ်။

“ ညီမတို့ အခုရောက်နေတာက အင်တာနက်လုံးဝမရတဲ့ နေရာပေါ့နော်၊ ညီမတို့က သတင်းနဲ့ ပတ်သက်ပြီးတော့ ဘာမှဆက်လုပ်လို့မရတဲ့ အခြေအနေကို ရောက်သွားတယ်၊ ပြည်ပကို မရောက်ပဲ ပြည်တွင်းထဲမှာပဲ ပြေးနေတဲ့ သတင်းဌာနာတွေဆိုရင်လည်း အင်တာနက်မရတာ ကြောင့် သတင်းမတင်ဆက်နို််င်တော့ဘူး။ ဒီမှာက ဖုန်းလိုင်းလည်းမရဘူး ရခိုင်မြောက်ပိုင်းက ပိုဆိုးတယ်ပေါ့၊ သတင်းထောက်တွေရော ဒေသခံတွေအတွက်ပါ အကုန်လုံးအခက်အခဲ တွေဖြစ် သွားတာပေါ့။ ညီမတို့အခုဆိုရင် အလုပ်လက်မဲ့ပုံစံဖြစ်နေတယ်။ ”

အာဏာသိမ်းပြီးနောက် စစ်ကောင်စီက သတင်းမီဒီယာ ၁၅ခုလောက်ကို တရားဝင် ပိတ်သိမ်းခဲ့သလို သတင်းသမား ၆ဝဝလောက်ကို ဖမ်းဆီးခဲ့ပြီး ပြန်လွှတ်ပေးခဲ့တာတွေလည်းရှိပါတယ်။ ဒါပေမယ့်လည်း လက်ရှိအချိန်ထိ သတင်းသမား ၅ဝလောက် အကျဉ်းချခံထားသလို လွတ်ငြိမ်းချမ်းသာခွင့်တွေမှာ သတင်းသမားတွေကို ပါဝင်တာ မရှိသလောက်နည်းလာတယ်လို့လည်း သတင်းစာ ဆရာတဦးကပြောပါတယ်။

“ သူတို့က သတင်းသမားအရေအတွက် အခြေခံ ၄၀၊ ၅ဝလောက်ကို ထိန်းထားတဲ့ သဘောမျိုး ပေါ့၊ လွတ်ပေးတဲ့ဟာတွေက ၂၁၂၁ အစပိုင်းမှာပဲ အယောက် ၂ဝတို့ လွတ်တာတွေရှိတယ်၊ ဒါပေမယ့် ဒီဘက် ၂၀၂၂တို့ ၂၀၂၃ တို့မှာ လွတ်ပေးတဲ့ ဆိုတဲ့ ဟာမျိုးတွေမှာ သတင်းသမားက ပါရင် အများဆုံး ၅ယောက်၊ အခုနောက်ပို်င်းဆိုရင် ၂ယောက် ၃ယောက်တောင် မပါတော့ဘူး၊ အမြဲတမ်းသူတို့က သတင်းသမားအရေအတွက်က ၅ဝလောက်က အကျဉ်းထောင်ထဲမှာ ရှိနေတယ်၊ ပြစ်ဒဏ်အများကြီးချထားတဲ့ဟာကြောင့်ရော၊ စောစောကပြောသလို လွတ်ငြိမ်းခွင့်တွေမှာ မထည့်ဘူး သတင်းသမားတွေကို ထိန်းထားတဲ့ သဘောမျိုးလို့မြင်တယ်။”

အာဏာသိမ်းစစ်ကောင်စီအနေနဲ့ အာဏာသိမ်းပြီးနောက်ပိုင်းကစပြီး သတင်းမီဒီယာတွေကို တောက်လောျာက်ဖိနိိုပ်လာတဲ့အပြင် လက်ရှိမှာတော့ နို်င်ငံအတွင်းက စစ်ရေးပဋိပက္ခာရှိနေတဲ့ ဒေသတွေမှာ ဖုန်းနဲ့ အင်တာနက်လိုင်းတွေကို ဖြတ်တောက်ထားတာတွေကြောင့် သတင်းသမားတွေအတွက်လည်း အတော်အခက်ကြုံ နေကြရတာပါ။

အာဏာသိမ်းပြီးနောက် မြန်မာနို်င်ငံရဲ့ သတင်းမီဒီယာလုပ်ငန်းတွေဟာ ဆယ်စုနှစ် တခုစာ လောက် နောက်ပြန်ဆုတ်သွားခဲ့ပြီး ကမ္ဘာပေါ်မှာ မြန်မာနိုင်ငံဟာ သတင်းလွတ်လပ်ခွင့် အဆိုးရွားဆုံး ၁ဝနိုင်ငံထဲမှာပါဝင်တယ်လို့ နိုင်ငံတကာသတင်းလွတ်လပ်ခွင့်တွေကို စောင့်ကြည့်နေတဲ့ နည်းစည်းမထား သတင်းသမားများအဖွဲ့ RSFရဲ့ ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းတုန်းက ထုတ်ပြန်ချက်မှာလည်း ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG