သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန်၊ နေပြည်တော်၊ မန္တလေးက သင်္ကြန်အကြိုနေ့


သင်္ကြန်အကျနေ့ ရန်ကုန်မြို့ပြည်သူ့ဥယျာဉ် လမ်းလျှောက်သင်္ကြန်မြင်ကွင်း (ဧပြီ ၁၃ ၊၂၀၂၃)
သင်္ကြန်အကျနေ့ ရန်ကုန်မြို့ပြည်သူ့ဥယျာဉ် လမ်းလျှောက်သင်္ကြန်မြင်ကွင်း (ဧပြီ ၁၃ ၊၂၀၂၃)

သင်္ကြန်အကြိုနေ့ဖြစ်တဲ့ ဒီနေ့မှာ ပုံမှန်အချိန်သင်္ကြန်စည်ကားလေ့ရှိတဲ့ ရန်ကုန်၊ နေပြည်တော်နဲ့ မန္တလေးမြို့တွေမှာ ရေကစားသူတွေ မရှိသလောက်ခြောက်ကပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ သင်္ကြန်ကာလ စတုဒီယာကျွေးတာမျိုးလောက်ရှိပေမဲ့ အများစုက အိမ်ထဲမှာပဲ နေကြတယ်လို့ ပြောကြပါတယ်။ စစ်ကောင်စီကတော့ ဌာနဆိုင်ရာ သင်္ကြန်မဏ္ဍပ်တွေကိုတော့ ဖွင့်လှစ်ခဲ့ကြပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို အခြေခံပြီး အလိမ္မာက ပြောပြမှာပါ။

ရန်ကုန်မြို့ဆူးလေမှာရှိတဲ့ မြို့တော်ခန်းမရှေ့ မြို့တော်မဟာသင်္ကြန်မဏ္ဍပ်နဲ့ ပြည်လမ်း ပြည်သူ့ရင်ပြင်ထဲက ရန်ကုန်တိုင်းရေသဘင် ပွဲတော်တွေကို ဒီနေ့ အကြိုနေ့ မနက်ပိုင်းက ဖွင့်လှစ်ခဲ့ပါတယ်။ စစ်ကောင်စီရဲ့ ဌာနဆိုင်ရာတာဝန်ရှိသူတွေ တက်ရောက်ခဲ့တဲ့ ဖွင့်ပွဲအခမ်းအနားတွေမှာ လုံခြုံရေးတိုးမြှင့်ထားတာကိုလည်း တွေ့ရပါတယ်။ ဆူးလေမြို့တော်ခန်းမက ရေကစားမဏ္ဍပ်အနီးတဝိုက်မှာ ရေကစားတဲ့ကားတွေကလွဲလို့ ပုံမှန်သွားလာတဲ့ကားတွေကို မနက်ပိုင်းကနေ ညနေပိုင်းအထိ သွားလာခွင့်မပေးဘဲ ပိတ်ထားပါတယ်။

ရန်ကုန်မြို့မှာ အခုနှစ် ၂၀၂၃ အတာသင်္ကြန်ပွဲတော် ကျင်းပဖို့အတွက် စစ်ကောင်စီဘက်က မတ်လ အလယ်လောက်ကတည်းက စပြီးပြင်ဆင်ခဲ့တာပါ။ မြို့တော်ခန်းမမဏ္ဍပ်၊ လမ်းလျှောက်သင်္ကြန်အပြင် ပြည်သူ့ရင်ပြင်မှာလည်း သင်္ကြန်မဏ္ဍပ်စီစဉ်ထားပါတယ်။ ဒါပေမဲ့လည်း သင်္ကြန်ကားတွေ၊ လျှောက်လည်သူတွေ သိပ်မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။ ရပ်ကွက်လမ်းတွေထဲ နှစ်သစ်ကူးအလှူ စတုဒီသာကျွေးမွေးတာနဲ့ ကလေးငယ်တွေ ရေကစားတာလောက်ပဲ ရှိတယ်လို့ ရန်ကုန်မြို့ခံတဦးက ပြောပါတယ်။

"သင်္ကြန်အကြို ဒီဘက်မှာတော့ ရေပက်ထွက်တာမျိုး ဘာညာမရှိဘူး။ ဟိုလမ်းထဲမိသားစု စတုဒီသာကျွေးတာ၊ အဲဒါမျိုးပဲ ရှိကြတယ်။ ကိုယ့်အိမ်ကိုယ် နေကြတာချည်းပဲ။ အစ်ကိုတောင် ဆိုင်ပိတ်အိမ်ထဲနေတာ။ ဒီနှစ်သင်္ကြန်ကတော့ ခါတိုင်းထက်ကို တိတ်တိတ်ဆိတ်ဆိတ်နဲ့ ခြောက်ခြောက်သွေ့သွေ့နဲ့ ဖြတ်သွားဖြတ်လာခြောက်ခြောက်သွေ့သွေ့ တိတ်တိတ်ဆိတ်ဆိတ်ပဲ ဖြစ်နေတာပဲ။ တချို့အလှုစတုဒီသာကျွေးတဲ့ အိမ်လောက်ပဲ ဆောင်းဘောက်နဲ့ အသံပေးဖွင့်တာပဲ ရှိတယ်။ ကျန်တာ တိတ်တိတ်ဆိတ်ဆိတ်ပဲ။ သိပ်သွားသွားလာလာ မရှိကြတော့ဘူး။"

ရန်ကုန်မှာ ကိုဗစ်ကပ်ရောဂါ မတိုင်ခင် ၂၀၁၉ ခုနှစ်က သင်္ကြန်ပွဲတော်ကို စည်စည်ကားကား ကျင်းပခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ ကပ်ရောဂါနဲ့ စစ်တပ်အာဏာသိမ်းလိုက်တဲ့ အခြေအနေတွေကြောင့် သင်္ကြန်ပွဲတော်ကို မကျင်းပနိုင်တော့ဘဲ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်မှာတော့ စစ်ကောင်စီဘက်က သင်္ကြန်ပွဲတော် ပြန်ပြီး ကျင်းပခဲ့ပါတယ်။ ဒါပေမဲ့လည်း အဲဒီနှစ်ကလည်း ရန်ကုန်သင်္ကြန်ဟာ မစည်ကားခဲ့ပါဘူး။

စစ်ကောင်စီရဲ့ ဝန်ကြီးဌာနတွေ အခြေစိုက်မြို့ဖြစ်တဲ့ နေပြည်တော်မှာလည်း အခုနှစ် သင်္ကြန်ပွဲတော်ဖွင့်ပွဲကို ဒီကနေ့ အကြိုနေ့ နေ့လည်ပိုင်းမှာ ပြုလုပ်ခဲ့ပါတယ်။ ဝန်ကြီးဌာနတွေက ဌာနဆိုင်ရာဝန်ထမ်းတွေကို သင်္ကြန်တွင်း နေအိမ်ပြန်ခွင့် မပေးဘဲ မဖြစ်မနေ ရေကစားဖို့ တွန်းအားပေးထားတယ်လို့ တချို့ဝန်ထမ်းတွေက VOA မြန်မာပိုင်းကိုပြောပါတယ်။ နေပြည်တော်မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ်နဲ့ လမ်းလျှောက်သင်္ကြန်တို့ကို ပြင်ဆင်ပေးထားပါတယ်။ လျှောက်လည်သူကတော့ သိပ်မရှိဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။ ပြီးခဲ့တဲ့နှစ် ၂၀၂၂ ခုနှစ်တုန်းကလည်း နေပြည်တော်မြို့တော်ခန်းမမှာ ရေကစားမဏ္ဍပ် ဆောက်လုပ်ခဲ့ပေမယ့် သင်္ကြန်ရက်တွေမှာ ရေကစားသူ သိပ်မရှိဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။

သင်္ကြန်ပွဲတော် အစဉ်အလာကြီးမားခဲ့တဲ့ မန္တလေးမြို့ရဲ့ အခုနှစ် သင်္ကြန်အကြိုနေ့မှာတော့ မဏ္ဍပ်မှာ ဖျော်ဖြေနေချိန် မီးပျက်ခဲ့လို့ သီချင်းသံနဲ့ အကအဖွဲ့တွေ ရပ်တန့်သွားတဲ့ဖြစ်ရပ်ဟာ လူမှုကွန်ရက်ပေါ်မှာ ပြောစရာတခုဖြစ်နေပါတယ်။ လျှပ်စစ်မီး ပုံမှန်မရလို့ အခက်တွေ့နေတဲ့ မြန်မာနိုင်ငံမှာ မန္တလေးမြို့ရဲ့ သင်္ကြန်မဏ္ဍပ်လည်း ပါဝင်ခဲ့ပါတယ်။ မန္တလေးမြို့ပေါ်နဲ့ ကျုံးပတ်လည်မှာလည်း ရေကစားဖို့ လည်ပတ်သူမရှိသလောက် ခြောက်ကပ်နေတယ်လို့ သင်္ကြန်အကြိုနေ့ မြင်ကွင်းကို ဒေသခံတွေက ပြောပါတယ်။ သင်္ကြန်ရက်မှာ နေအိမ်အပြင်မထွက်ကြဘဲ လမ်းမတွေပေါ်မှာ တိတ်ဆိတ်နေတယ်လို့ မန္တလေးဒေသခံတဦးက ပြောပါတယ်။

"မန္တလေးသင်္ကြန် အခြေအနေကတော့ တိတ်ဆိတ်ငြိမ်သက်နေတာပဲ။ အစ်မတို့လည်း အပြင်မထွက်ရဲလို့ ဘယ်မှမသွားဘူးလေ။"

အစဉ်အလာအားဖြင့် သင်္ကြန်ပွဲတွေကို စည်စည်ကားကားကျင်းပကြတဲ့ မြို့ကြီးတွေမှာ ဒီနေ့အကြိုနေ့မှာ သင်္ကြန်ရေကစားသူ သိပ်မရှိဘဲ ခြောက်ကပ်နေတဲ့ အခြေအနေဖြစ်ပါတယ်။ စစ်ကောင်စီက သူ့လက်ထက်မှာ တိုင်းပြည် တည်ငြိမ်မှုရှိတယ်ဆိုတာကို ပြလိုတဲ့ဆန္ဒနဲ့ ဒီနှစ်သင်္ကြန်ပွဲကို စည်ကားစွာ ကျင်းပနိုင်ဖို့ စီစဉ်နေပေမယ့် တဘက်မှာလည်း လတ်တလော တိုင်းပြည်မှာ ကြုံတွေ့ ရင်ဆိုင်နေရတဲ့ အခြေအနေတွေကြောင့် စစ်ကောင်စီကျင်းပတဲ့ အတာသင်္ကြန်ပွဲ သပိတ်မှောက်ကြဖို့ လှုံ့ဆော်မှုတွေလည်း ရှိနေတာပါ။ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကစလို့ နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ နောက်ဆက်တွဲ အကြမ်းဖက် တိုက်ခိုက်မှုတွေ၊ မကြာခန ပေါက်ကွဲမှုတွေ ဖြစ်ပေါ်နေပါတယ်။ ဒီကနေ့ သင်္ကြန်အကြိုနေ့မှာလည်း လားရှိုးမြို့က ဗဟိုမဏ္ဍပ်အနီးမှာ ပေါက်ကွဲမှုတခုဖြစ်ခဲ့လို့ သေဆုံးသူတွေနဲ့ ဒဏ်ရာရသူတွေ ရှိခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

{Unicode}











XS
SM
MD
LG