သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းပြည် နမ့်ဆန်နဲ့ကွတ်ခိုင်တဝိုက် တနေကုန် တိုက်ပွဲဖြစ်


တအောန်းလက်နက်ကိုင်အဖွဲ့ TNLA တပ်ဖွဲ့ဝင်များ
တအောန်းလက်နက်ကိုင်အဖွဲ့ TNLA တပ်ဖွဲ့ဝင်များ

(Zawgyi/Unicode)

ရှမ်းပြည်နယ် ၊ နမ့်ဆန်မြို့နယ်နဲ့ ကျောက်မဲအနားတဝိုက်မှာ တပ်မတော်နဲ့ တအောန်းလက်နက်ကိုင်အဖွဲ့ TNLA တပ်တွေ ဒီနေ့တနေ့လုံးနီးပါး နှစ်ဘက်အပြန်အလှန် ပစ်ခတ်မှုတွေကြောင့် နေအိမ်တချို့ ပျက်စီးခဲ့ပါတယ်။ ဒီတိုက်ခိုက်မှု အတွင်း တပ်မတော်ဘက်က လက်နက်ကြီးတွေ အသုံးပြုခဲ့တယ်လို့ TNLA က ပြောပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုဇော်ထက်က မေးမြန်းပေးပို့ထားပါတယ်။

တပ်မတော်နဲ့ တအောန်းလက်နက်ကိုင်အဖွဲ့ TNLA တို့ နမ့်ဆန်မြို့နယ်နဲ့ ကွတ်ခိုင်အနီးတဝိုက်မှာ ဒီနေ့တနေ့လုံးနီးပါး အပြန်အလှန် ပစ်ခတ်မှုတွေရှိခဲ့ပြီး တပ်မတော်ဘက်က လက်နက်ကြီးတွေ အသုံးပြုခဲ့တယ်လို့ TNLA ဘက်ကအတည်ပြု ပြောပါတယ်။

နမ့်ဆန်မြို့နယ်၊ မြို့သစ်ကျေးရွာအုပ်စု၊ လွယ်ပိန်းကျေးရွာထဲကို လက်နက်ကြီး တချို့ကျခဲ့ပြီး နေအိမ်တချို့ ပျက်စီးခဲ့ပါတယ်။ လက်နက်ကြီး ကျရောက်ခဲ့တယ် ဆိုတဲ့ လွယ်ပိန်းကျေးရွာဟာ ဆက်သွယ်ရေးမကောင်းတာကြောင့် ဒီကိစ္စကိုအတည်ပြုဖို့ စုံစမ်းနေဆဲဖြစ်ပြီး တပ်မတော်နဲ့ နှစ်ဘက်ပစ်ခတ်မှုတွေကတော့ မနက်ပိုင်းကနေ ညနေပိုင်းအထိ ရှိနေနေကြောင်း တအောန်းလက်နက်ကိုင်အဖွဲ့ TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးတာ့အိုက်ကျော်က ဗွီအိုအေကိုပြောပါတယ်။

“ ဖြစ်တာကတော့ နမ့်ဆန်နဲ့ ကျောက်မဲအစပ်၊ ကျောက်မဲ မြို့နယ်ထဲမှာ ပါတယ်ပေါ့နော်။ ဖြစ်တာကတော့ မနက်ကတည်းက ဖြစ်တယ်ပေါ့နော်။ တိုက်ပွဲကတော့ ဖြစ်လိုက် နားလိုက်နဲ့ တနေကုန်လောက်။ တပ်ရင်း ၇၆၅ ပေါ့နော်၊ အဲဒီမှာ ရှိတဲ့နေရာကို တပ်မ (၈၈) ခလရ (၇၇) က မနက်ကတည်းက လာရောက် တိုက်ခိုက်တာ။ သူကထိုးတက်လာတယ်၊ သူကထိုးလိုက်၊ ပြန်နားလိုက်၊ သူကထိုးတက်လာရင် တိုက်ပွဲပြန်ဖြစ်တယ်။ အဲလိုမျိုး အခုထိရင်ဆိုင်နေတုန်း ရှိသေးတယ်။ လက်နက်ကြီးကတော့ တောက်လျှောက်ပစ်တယ်၊ ပတ်ဝန်းကျင်မှာ။ ဘယ်မှကျလဲ၊ ဘယ်မှာထိလဲ မသိရသေးဘူး။”

လွယ်ပိန်းရွာထဲကို လက်နက်ကြီးကျတာဟာ တပ်မတော်ဘက်က TNLA တပ်တွေရွာထဲမှာ ရှိတယ်ဆိုတဲ့ သတင်းကြောင့် ပစ်ခတ်တာ ဖြစ်နိုင်ကြောင်း အမည်မဖော်လိုတဲ့ ဒေသခံတဦးကပြောပါတယ်။

“ ဒီကနေ့ နေ့လည် ၂နာရီကျော် မိုင်းငေါ့ကနေ ပစ်တာတော့ဟုတ်တယ်၊ ပြီးရင် အဲဒီဘက်မှာနေတဲ့ စစ်တပ်ကတော့ တပ်မ ၇၇ပဲရှိတယ်လို့ ပြောတာပဲ၊ အဲဒီတော့ သူတို့ပဲဖြစ်မှာ။ တော်သေးလို့ မနက်က သူတို့ဘုန်းကြီးကျောင်းတွေဘာတွေ သွားနေတဲ့အချိန်မှာတိုးလို့ ရွာထဲမှာတော့ လူအဲဒီလောက်မရှိဘူး။ TNLA ကတော့ ပြောရမယ်ဆိုရင် အဲထဲမှာက သူတို့လည်း ပွဲဆိုတော့လေ၊ ပွဲဝင်တာလည်း ဖြစ်နိုင်တယ်။ သူတို့ ( စစ်တပ်) ကတော့ ဘယ်လို သတင်းကြားထားလဲတော့ မသိဘူး။ အိမ်သုံးလုံးအပေါ်မှာ ( လက်နက်ကြီး) ကျခဲ့တယ်၊ ဘုန်းကြီးကျောင်းနား လေးမှာလည်း တလုံးကျသေးတယ်ဆိုတာတော့ ဟုတ်တယ်။”

ဒီကနေ့ ပစ်ခတ်မှုနဲ့ပတ်သက်လို့ အတည်ပြုနိုင်ဖို့ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ပြောခွင့်ရ ဗိုလ်မှုးကြီး ဝင်းထွဋ်လေးကို ဗွီအိုအေက ဆက်သွယ်ခဲ့ပေမဲ့လည်း ဆက်သွယ်လို့မရခဲ့ပါဘူး။

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆမ်၊ နမ္မတူ၊ နမ့်ဖက်ကာ၊ မိုင်းငေါ့နဲ့ ကျောက်မဲ မြို့နယ်တွေမှာ တပ်မတော်နဲ့ TNLA တပ်တွေ မကြာခဏဆိုသလို တိုက်ပွဲတွေ ဖြစ်နေပါတယ်။ မြောက်ပိုင်း ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ တအောန်းလက်နက်ကိုင် TNLA, ရခိုင်လက်နက်ကိုင် AA နဲ့ ကိုးကန့်အဖွဲ့ MNDAA တို့ဟာ အခုနှစ်ကုန်ပိုင်းအထိ တဘက်သတ် အပစ်အခတ် ရပ်စဲကြောင်း ကြေညာထားသလို တပ်မတော်၊ အစိုးရနဲ့လည်း အပစ်အခတ် ရပ်စဲရေးလက်မှတ်ထိုးနိုင်ဖို့ ဆွေးနွေးနေတာလည်းဖြစ်ပါတယ်။

ဒီလထဲမှာ ကချင်လက်နက်ကိုင် KIA/ KIO ပါဝင်တဲ့ မြောက်ပိုင်းမဟာမိတ်လေးဖွဲ့နဲ့ တွေ့ဆုံဖို့ အစိုးရဘက်က အဆိုပြုထားသလို သူတို့ နောက်ဆုံးတွေ့ဆုံခဲ့တဲ့ စက်တင်ဘာ ၁၇ရက် တွေ့ဆုံပွဲမှာ သဘောတူညီချက်တချို့ ရခဲ့တယ်ဆိုပေမဲ့ တကျပြတ်သားတဲ့ ဆုံးဖြတ်ချက် ချခဲ့တာမျိုးတော့ မရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်


.........................


(Unicode)










XS
SM
MD
LG