သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဟောင်း Trump အပေါ် တရားစွဲထားတဲ့အမှု အထက်လွှတ်တော်မှာ ရှေ့လစကြားနာမည်


အမေရိကန်သမ္မတဟောင်း Donald Trump. (ဇန်နဝါရီ ၁၂၊ ၂၀၂၁)
အမေရိကန်သမ္မတဟောင်း Donald Trump. (ဇန်နဝါရီ ၁၂၊ ၂၀၂၁)

(Zawgyi / Unicode)

အမေရိကန်သမ္မတဟောင်း Donald Trump အပေါ် အောက်လွှတ်တော်က တရားစွဲတဲ့ စွဲဆိုချက်ကို အထက်လွှတ်တော်မှာ တနင်္လာနေ့ တင်သွင်းဖို့ ရှိနေပါတယ်။ ဇန်နဝါရီလ ၆ ရက်နေ့က လွှတ်တော်အဆောက်အဦးတွင်း လူအုပ်နဲ့ ဝင်ရောက်မှုမှာ ပုန်ကန်ထကြွဖို့ သမ္မတဟောင်းက သွေးထိုးလှုံ့ဆော်တယ်လို့ စွပ်စွဲထားတာပါ။ သမ္မတအာဏာ မရှိတော့ပေမယ့် Trump အပေါ် တရားစွဲဆိုမှုကို ဒီမိုကရက်တွေဘက်က အပြင်းအထန် ဆက်လက် ဆောင်ရွက်နေရတဲ့ အကြောင်းရင်းနဲ့ ပတ်သက်လို့ ဗွီအိုအေရဲ့ အိမ်ဖြူတော်ဆိုင်ရာ သတင်းတာဝန်ခံ Patsy Widakuswara က စုစည်းတင်ပြထားတာကို မသိင်္ဂီထိုက် ပြောပြပေးထားပါတယ်။

Donald Trump ထောက်ခံသူတွေက ဇန်နဝါရီလ ၆ ရက်နေ့မှာ လွှတ်တော်အဆောက်အဦးတွင်း ရုန်းရင်းဆန်ခတ် ဝင်ရောက်ခဲ့ပြီးနောက် သီတင်းတပတ် အကြာမှာပဲ Trump ကို တရားစွဲဖို့ အောက်လွှတ်တော်အမတ်တွေ မဲခွဲ အတည်ပြုခဲ့ကြတာပါ။ ဆူပူအုံကြွမှုဖြစ်အောင် သမ္မတဟောင်းက လှုံ့ဆော်တယ်လို့ စွပ်စွဲပြီး တရားစွဲဆိုတဲ့ စွဲချက်ကိုတော့ ဇန်နဝါရီလ ၂၅ ရက်နေ့ တနင်္လာနေ့မှာ အထက်လွှတ်တော်ကို တင်သွင်းမှာဖြစ်ပြီး အထက်လွှတ်တော်မှာ ကြားနာ စစ်ဆေးရမှာပါ။ ဒီလုပ်ငန်းစဉ်ကို ဒီမိုကရက်တွေဘက်က အပူတပြင်း လုပ်နေတယ်လို့ ရီပတ်ဘလီကန်တွေက ပြောပါတယ်။

“တရားစွဲဆိုမှုကို အောက်လွှတ်တော်မှာ မကြုံစဘူး အချိန်တိုအတွင်း၊ လုပ်ငန်းစဉ် အနည်းဆုံးနဲ့ လုပ်ခဲ့ပြီး ဒီရဲ့ အကျိုးဆက်ကတော့ အထက်လွှတ်တော် လုပ်ငန်းစဉ်အတွက် မလုံလောက်တာမျိုး ဖြစ်နိုင်တယ်” လို့ အထက်လွှတ်တော် အမတ်အနည်းစုခေါင်းဆောင် McConnell ပြောဆိုခဲ့တာပါ။

သမ္မတ Joe Biden က ကျမ်းသစ္စာကျိန်ဆိုပွဲ မိန့်ခွန်းမှာ ညီညွတ်ရေး ပြောဆိုခဲ့တာနဲ့ ဒီမိုကရက်တွေဘက်က သမ္မတဟောင်းကို တရားစွဲရေး တွန်းနေတာက ရှေ့နောက်မညီဘူးလို့လည်း ဝေဖန်ခံရပါတယ်။ အောက်လွှတ်တော်ဥက္ကဋ္ဌ ဒီမိုကရက်အမတ် Nancy Pelosi ကတော့ ဒီစွပ်စွဲချက်ကို ငြင်းပါတယ်။

“အားလုံးမေ့လိုက်ပြီး ရှေ့ဆက်ရအောင်လို့ ဆိုတာက သိပ်ပြီး ညီညွတ်စေတယ်လို့ မထင်ပါဘူး။ ညီညွတ်မှုကို ဒီလိုလုပ်တာ မဟုတ်ပါဘူး။”

သမ္မတဟောင်းကို အထက်လွှတ်တော်က တရားစီရင်နိုင်သလား ဆိုတာမှာလည်း ဥပဒေရေးရာ ကျွမ်းကျင်သူတွေက သဘောမတူကြပါဘူး။ ဒါပေမယ့် အထက်လွှတ်တော်မှာ ဒီမိုကရက်က အနည်းငယ် အသာစီးရနေတာကြောင့် ကြားနာမှုကတော့ ဆက်လုပ်မယ့် အခြေအနေ ရှိနေပါတယ်။ Trump ကို တရားစီရင်နိုင်ရေးအတွက် အထက်လွှတ်တော်အမတ် ၃ ပုံ ၂ ပုံက ထောက်ခံဖို့လိုပါတယ်။ ဒါဟာဆိုရင် ဒီမိုကရက် အထက်လွှတ်တော်အမတ် အားလုံး ၅၀ နဲ့ ရီပတ်ဘလီကန် အမတ်ဘက်က အနည်းဆုံး ၁၇ ဦး ထောက်ခံဖို့ လိုအပ်ပါတယ်။ ချီကာဂိုတက္ကသိုလ်က Aziz Huq ကတော့ အခုလို သုံးသပ်ပါတယ်။

“လွှတ်တော်မှာ တရားစွဲဆိုခံရမှုရဲ့ အကျိုးဆက်တခုကတော့ နောက်ထပ် ရာထူးတာဝန် ထမ်းဆောင်ရေး အရည်အချင်း မပြည့်မီမှု ဖြစ်နိုင်ပါတယ်။ ဒီမိုကရက်တွေရဲ့ ရည်ရွယ်ချက်ကို ကျနော်နားလည်တာကတော့ ပထမတချက်က ဇန်နဝါရီလ ၆ ရက်နေ့ လွှတ်တော်ကို ကျူးကျော်ဝင်ရောက်မှုအတွက် သတိပေးဖု့ိ ဖြစ်ပြီး ဒုတိယအချက်ကတော့ သမ္မတ Trump အနေနဲ့ အနည်းဆုံး ပြည်ထောင်စုအဆင့် ရာထူးနေရာတွေ မယှဉ်ပြိုင်နိုင်ရေး ဖြစ်ပါတယ်။”

၂၀၂၄ ခုနှစ်မှာ ပြန်လည်ယှဉ်ပြိုင်မယ်ဆိုတဲ့ သဘောမျိုး Trump က ပြောဆိုထားတာပါ။

“အခြေအနေ ပုံစံတမျိုးနဲ့ ပြန်လာမယ်” လို့ သမ္မတဟောင်း Trump ပြောခဲ့တာပါ။

သမ္မတရာထူးသက်တမ်း မကုန်ခင်မှာ ဖယ်ရှားခံရတာ မဟုတ်တဲ့အတွက် သမ္မတဟောင်း Trump ဟာ ပင်စင်ခံစားခွင့်၊ ဝန်ထမ်းစရိတ်နဲ့ သမ္မတရဲ့ အထူးလုံခြုံရေးအဖွဲ့ အကာအကွယ် ဆက်ပြီး ရရှိနေပါတယ်။ ဒီခံစားခွင့်တွေ ပေးထားတဲ့ သမ္မတဟောင်းများဆိုင်ရာ ဥပဒေကို ဒီမိုကရက်ဘက်က ပြင်ဖို့ မလုပ်ဘူးဆိုရင်တော့ တကယ်လို့ Trump မှာ အပြစ်ရှိကြောင်း တွေ့ခဲ့ရင်လည်း အကျိုးခံစားခွင့် ဆက်ရနေမှာပါ။

Trump ကို တရားစွဲဆိုမှုက လွှတ်တော်လုပ်ငန်းအဖြစ်သာ ထားရှိကြောင်း သမ္မတ Biden က ပြောပါတယ်။ ဒါပေမယ့် ဒီလုပ်ငန်းစဉ်ကြောင့် အစိုးရအဖွဲ့ဝင်တွေကို အထက်လွှတ်တော်က အတည်ပြုပေးတဲ့ လုပ်ငန်းစဉ်ကိုတော့ မနှောင့်နှေးစေလိုကြောင်း ပြောပါတယ်။

“ဒီကိစ္စတွေကို အချိန်ပိုယူပြီး ဆောင်ရွက်နိုင်ရင် ပိုကောင်းပါတယ်” လို့ သမ္မတ Biden ပြောဆိုခဲ့တာပါ။

Trump အပေါ် တရားစွဲဆိုမှုကိုတော့ ဖေဖော်ဝါရီလတွင်းမှာ စတင် ကြားနာနိုင်ပါတယ်။ သမ္မတဟောင်း Trump ဟာ လွှတ်တော်က ၂ ကြိမ် တရားစွဲခံရတဲ့ ပထမဆုံးသော အမေရိကန်သမ္မတ ဖြစ်ပါတယ်။ အမေရိကန် သမ္မတတွေထဲမှာတော့ ရာထူးသက်တမ်း ကုန်ပြီးနောက်ပိုင်း အထက်လွှတ်တော်မှာ ကြားနာစစ်ဆေးခံခဲ့ရသူ မရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

-------------------------

(Unicode)















XS
SM
MD
LG