သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် ထိပ်တန်းတာဝန်ရှိသူဟောင်းတွေ တရုတ် ဒဏ်ခတ်အရေးယူ


အမေရိကန်နိုင်ငံ အလံနဲ့ တရုတ်နိုင်ငံအလံ။
အမေရိကန်နိုင်ငံ အလံနဲ့ တရုတ်နိုင်ငံအလံ။

[Zawgyi/Unicode]

အသစ်တက်လာတဲ့ သမ္မတ Joe Biden အစိုးရအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်လိုတယ်လို့ တရုတ်နိုင်ငံကပြောပါတယ်။ ဝန်ကြီးဟောင်း Mike Pompeo အပါအဝင် သမ္မတ ထရမ့်ပ်လက်ထက် ထိပ်တန်းအစိုးရအဖွဲ့ဝင် လူပုဂ္ဂိုလ် ၂၇ ဦးကို ဒဏ်ခတ် အရေးယူကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက မနေ့တုန်းက ကြေညာအပြီးမှာ အခုလို အစိုးရသစ်နဲ့ လက်တွဲဆောင်ရွက်လိုကြောင်းပြောတာပါ။

ဒါပေမဲ့ ဒီလို ဒဏ်ခတ်အရေးယူတာက အကျိုးမရှိသလို အတ္တဆန်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ Biden ရဲ့ အမျိုးသားလုံခြုံရေးကောင်စီ ပြောခွင့်ရကပြောပါတယ်။ ဒီလုပ်ရပ်က ပါတီနှစ်ခုကြားကွဲပြားနေတာကို အခွင့်ကောင်းယူဖို့ ကြိုးစားတဲ့ လုပ်ရပ်ဖြစ်ကြောင်းသူက ပြောပြီး ဒီအပေါ် ဒီမိုကရက်နဲ့ ရီပတ်ဗလစ်ကန် ပါတီဝင်တွေအနေနဲ့ ပြစ်တင်ရှုတ်ချကြဖို့လည်း သူကတိုက်တွန်းခဲ့ပါတယ်။

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ကြေညာချက်မှာ ဝန်ကြီးဟောင်း Mike Pompeo အပါအဝင် လူ ပုဂ္ဂိုလ် ၂၇ ဦးကို တရုတ်နိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တဲ့ လုပ်ဆောင်ချက်တွေ ကြိုတင် ပြင်ဆင်၊ တိုးမြှင့် ဆောင်ရွက်ခဲ့လို့ အခုလို ဒဏ်ခတ် အရေးယူရတာလို့ ဖော်ပြထားတာပါ။

အဲဒီ ပုဂ္ဂိုလ်တွေက တရုတ်တို့ရဲ့ အကျိုးစီးပွားကို လျော့ကျအောင်လုပ်သလို တရုတ်ပြည်သူတွေကို စော်ကားပြီး တရုတ်-အမေရိကန် ဆက်ဆံရေးကို ထိခိုက်အောင် လုပ်တယ်လို့လည်း ကြေညာချက်မှာ ပါရှိပါတယ်။

တရုတ်နိုင်ငံ Xinjiang ဒေသတွင်းက Uighur မူဆလင်တွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုတွေ ကျူးလွန်နေတယ်လို့ ဝန်ကြီးဟောင်း Mike Pompeo က စွပ်စွဲပြောဆိုခဲ့တဲ့ အပေါ်မှာ တရုတ်တို့က မကျေနပ်ဒေါသထွက်ခဲ့သလို ဒီလိုစွပ်စွဲချက်တွေကို လည်း ဆက်တိုက်ငြင်းဆန်နေခဲ့တာပါ။ ဒီဒေသတွင်း အနည်းဆုံး Uighur မူဆလင် ၁,၀၀၀,၀၀၀ လောက်နဲ့ တခြားမူဆလင်တွေကို စခန်းတွေမှာ ထိန်းသိမ်းထားတယ်လို့ ကုလသမဂ္ဂကျွမ်းကျင်သူများအဖွဲ့က ခန့်မှန်းထားပါတယ်။

ဒဏ်ခတ် အရေးယူခံရတဲ့ ပုဂ္ဂိုလ်တွေထဲ ထရမ့်ရဲ့ ကုန်သွယ်ရေး အကြံပေးဟောင်း Peter Navarro၊ အမျိုးသား လုံခြုံရေး အကြံပေးဟောင်း Robert O’Brien နဲ့ သူ့မတိုင်ခင်က အကြံပေး John Bolton နဲ့ ကျန်းမာရေးဝန်ကြီးဟောင်း Alex Azar တို့လည်း ပါဝင်ပါတယ်။ ဒဏ်ခတ် အရေးယူခံရတဲ့ ပုဂ္ဂိုလ်တွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေကို တရုတ်၊ ဟောင်ကောင်နဲ့ မကာအိုကို လာရောက်ခွင့် မပေးသလို တရုတ်နိုင်ငံနဲ့ စီးပွားရေး လုပ်ကိုင်ခွင့်ကို ပိတ်ပင်လိုက်တယ်လို့လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

အမေရိကန် ထိပ်တန်းတာဝန်ရှိသူဟောင်းတွေ တရုတ် ဒဏ်ခတ်အရေးယူ
please wait

No media source currently available

0:00 0:01:11 0:00
တိုက်ရိုက် လင့်ခ်

[Unicode Version]








XS
SM
MD
LG