သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဦးကိုနီအမှု အားနည်းချက် တရားလိုရှေ့နေထောက်ပြ


Photos show Kyi Lin (above left), Aung Win Zaw (above right), Zeya Phyo (bottom left) and Aung Win Tun (bottom right) escorted by police at the court in Yangon. – PHOTOS: AFP
Photos show Kyi Lin (above left), Aung Win Zaw (above right), Zeya Phyo (bottom left) and Aung Win Tun (bottom right) escorted by police at the court in Yangon. – PHOTOS: AFP

တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို လုပ်ကြံသတ်ဖြတ်မှုမှာ အမှုနဲ့နီးစပ်တဲ့ နောက်ထပ် တရားလိုပြသက်သေကို တရားရုံးက ထွက်ဆိုခွင့်ပေးမယ်ဆိုရင် အမှုမှန်ပေါ်ပေါက်ရေး ပိုပြီးနီးစပ်လာနိုင်ပေမယ့် တရားရုံးက ဒါကိုငြင်းဆန်နေဆဲဖြစ်တယ်လို့ ဦးကိုနီ ဦးနေဝင်းတို့ရဲ့ အမှုလိုက်အဖွဲ့ဝင် ရှေ့နေတဦးက ပြောပါတယ်။ အဓိက ကွင်းဆက်တရားခံဖြစ်တဲ့ တိမ်းရှောင်နေဆဲ အောင်ဝင်းခိုင်ကို ဖမ်းမိရေးမှာ ရဲတပ်ဖွဲ့က လုံလောက်တဲ့အားထုတ်မှု မရှိဘူးလို့လည်း ကြာသပတေးနေ့က ဦးကိုနီအမှု တရားခွင်အပြီး သူကပြောဆိုလိုက်တာပါ။ ကိုဉာဏ်ဝင်းအောင်က ဒီအကြောင်းကို ပြောပြမှာပါ။

NLDပါတီ ဥပဒေ အထောက်အကူပြုအဖွဲ့ဝင် ရှေ့နေ ဦးကိုနီကို လုပ်ကြံသတ်ဖြတ်မှုမှာ သူနဲ့သူ့ မိသားစုရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်လာတာ ကြောင့် ဦးကိုနီကို လုပ်ကြံခဲ့ရတာဖြစ်တယ်လို့ ဇွန်လ(၂၈)ရက် ကြာသပတေးနေ့ ရန်ကုန်- မြောက်ပိုင်းခရိုင်တရားရုံး တရားခွင်မှာ သေနပ်သမား ကြည်လင်းက ထွက်ဆိုခဲ့ကြောင်း ဒီလိုထွက်ဆိုမှုကြောင့် အမှုလမ်းကြောင်း တစုံတရာ ပြောင်းသွားမယ်လို့တော့ မထင်မိကြောင်း အဲဒီတရားခွင်ကို တက်ရောက်ခဲ့တဲ့ သေဆုံးသူဦးကိုနီ ဦးနေဝင်းတို့ရဲ့ အမှုလိုက်အဖွဲ့ဝင် ရှေ့နေ ဦးရောဘတ် စန်းအောင်က VOA ကိုပြောပါတယ်။

"'ဒီကြေးစားလူသတ်သမား ကြည်လင်းက ၂၈ ရက် ၆ လမှာ သူ့ကို စွဲချက် ဒုတိယပိုင်းအရ၊ ဘာကြောင့်မကျူးလွန်ဘူးဆိုတာကို ရှင်းပြပါဆိုတော့ သူက ပြောသွားတာက သူတင်မက သူ့မိသားစုရဲ့အသက်ကိုပါ သတ်ပစ်မယ်ဆိုတော့ ဒီလိုကျူးလွန်ရတာပါဆိုပြီးတော့ သူက ချေပသွားတာပါ။ ပြီးမှ မြင့်ဆွေလို့ပြောတယ်။ ရှာလို့မရတဲ့ မရှိတော့တဲ့ မြင့်ဆွေကို ပုံချပြီးတော့ ကိုယ်လွတ်ရုန်းပြီး အပြစ်ကိုလွှတ်အောင်ရှောင်ဖို့ ကြိုးစားတာပါ။ အမှုအနစ်သာရကို ထိခိုက်စေမှာမဟုတ်ဘူး။"

ဦးကိုနီ လုပ်ကြံမှုမှာ သံသယရှိသူတွေအဖြစ် ကြည်လင်း၊ အောင်ဝင်းဇော်၊ ဇေယျာဖြိုးနဲ့ အောင်ဝင်းထွန်းတို့ကို ဖမ်းဆီးခဲ့ပြီး လက်ရှိ တရားရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

ဦးကိုနီကို လုပ်ကြံဖို့ သူ့ကို လာရောက်ကမ်းလှမ်းခဲ့ကြောင်း သေနပ်သမား ကြည်လင်း၊ စစ်တပ်အရာရှိဟောင်း အောင်ဝင်းဇော်တို့နဲ့ ထောင်တွင်းမှာ ဆုံခဲ့ ဖူးတဲ့ အင်းစိန်အောင်စိုးဆိုသူက မီဒီယာမှာ ထုတ်ဖေါ်ပြောကြားခဲ့တာပါ။ ဦးကိုနီကိုလုပ်ကြံဖို့ နောက်ထပ် ငှားရမ်းခံရသူ အဖြစ် သတင်းထွက်ခဲ့တဲ့ နဂါးလေး(ခေါ်) အောင်နိုင်မြင့်ဟာ လောလောဆယ် မူးယစ်ဆေးမှု၊ လုယက်မှုတွေနဲ့ အင်းစိန်ထောင်ထဲမှာ ရှိနေပြီး သူ့ကိုသာ တရားလိုပြ သက်သေအဖြစ် တရားခွင်မှာ စစ်မေးခွင့် ရမယ်ဆိုရင် အမှုမှန်ပေါ်ပေါက်ရေး ပိုပြီးနီးစပ်လာနိုင်တယ်လို့ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။

"ပြည်ထဲရေးဝန်ကြီးရဲ့ သတင်းစာရှင်းလင်းပွဲမှာလည်း အဓိကကျပြီး ပါဝင်နေတဲ့ နဂါးလေး(ခေါ် )အောင်နိုင်မြင့်ကို သက်သေအဖြစ်မတင်ပြတာက အမှုရဲ့ အားနည်းချက်ပဲ ၊ မြောက်ပိုင်းခရိုင် ဒုဥပဒေအရာရှိ ဦးအောင်နိုင်ဦးကို ကျနော်ခဏခဏတင်ပြတယ်။ နဂါးလေး(ခေါ် )အောင်နိုင်မြင့်က အင်းစိန်ထောင်မှာရှိပါတယ်။ သက်သေခေါ်ယူဖို့ကို ကျနော်တင်ပြခိုင်းတယ် ဒါပေမယ့် မတင်ပြဘူး။ ကျနော်တို့ဘက်က နောက်တိုးတရားခံထည့်ပေးပါလို့ပြောတာလည်း လက်မခံဘူး။ အဲဒါကြောင့်မို့ အမှုမှာ ဟာကွက်တွေဖြစ်နေတာ။"

ဦးကိုနီလုပ်ကြံမှုမှာ ဆက်စပ်သူအဖြစ် တရားရင်ဆိုင်နေရတဲ့ ထောက်လှမ်းရေး ဗိုလ်ကြီးဟောင်း ဇေယျာဖြိုးကတော့ တရားရုံးကို တစုံတယောက်က လွှမ်းမိုးမှု ရှိနေကြောင်း ဇွန်လ(၂၈)ရက် တရားခွင်အပြီး သတင်းထောက်တွေကို ပြောသွားပါတယ်။

"ဘယ်နေရာမှ ပတ်သက်မှုမရှိပဲနဲ့ ကျနော်တို့ကို စွဲချက်တင်ထားတာလေ ။ ဖိအားပေးချက်တွေမရှိဘူး လွတ်လပ်စွာ ဆုံးဖြတ်ခဲ့တယ်လို့ပြောတယ်။ ဒါပေမယ့်လည်း အဓိပ္ပါယ်မရှိတာတွေ ဆုံးဖြတ်တဲ့အတွက် ဥပဒေအထက်မှာ တယောက်ယောက် ရှိနေတယ်လို့ ကျနော်ကတော့ ခံစားနေရတယ်။ သူတို့ကသာ ဥပဒေအတိုင်း ဆုံးဖြတ်ခဲ့တယ်ဆိုရင် ရှင်းပါတယ်။ ကျနော်နဲ့ ပတ်သက်တဲ့ ဒီအမှုနဲ့ ပတ်သက်တဲ့ တရားရုံးစစ်ဆေးချက်တွေကို မီဒီယာကနေတဆင့် ပြည်သူကိုချပြပါ။ ဥပဒေအတိုင်း ဆုံးဖြတ်ခဲ့တယ်ဆိုရင် ကျနော်စိန်ခေါ်ပါတယ်ခင်ဗျ။"

ဦးကိုနီ အမှုနဲ့ပတ်သက်လို့ တရားသူကြီးရဲ့ ဆုံးဖြတ်ချက်ဟာ မျှတမှုရှိကြောင်း ဦးကိုနီရဲ့အမှုလိုက်ရှေ့နေတွေက ပြောထားပါတယ်။ ဒါပေမယ့် သံသယ ရှိသူတွေရဲ့ တရားခွင်မှာ ထွက်ဆိုချက်တွေအရ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်တဲ့ အောင်ဝင်းခိုင်ကို ဖမ်းမိမှသာ ဦးကိုနီကို လုပ်ကြံခိုင်းတဲ့ နောက်ကွယ်က တရားခံလက်မဲကို ဖေါ်ထုတ်နိုင်မှာဖြစ်ပေမယ့် ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ခံ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က လုံလောက်တဲ့ အားထုတ်မှု မရှိဘူးလို့ ရှေ့နေ ဦးရောဘတ်စန်းအောင်က သုံးသပ်ပါတယ်။

" ဦးကိုနီကိုလုပ်ကြံမှုနဲ့ ပတ်သက်လု့ိ ဖေါ်ထုတ်ဖို့အတွက်က အရေးကြီးတဲ့ အောင်ဝင်းခိုင်ကို ရအောင် မဖမ်းတဲ့အတွက် နောက်ကွယ်ကစေခိုင်းတဲ့ လက်မဲကို မဖော်ထုတ်နိုင်တာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဒီကိစ္စမှာ လုံးဝတာဝန်ရှိပါတယ်။ ယနေ့အချိန်အထိ ကျေပွန်အောင်ဆောင်ရွက်နိုင်ခြင်း မရှိတာကို ဒီကိစ္စမှာ ထင်ရှားစွာတွေ့ရပါတယ်။"

ရှေ့တပတ် ရုံးချိန်းမှာတော့ တရားခံ ကြည်လင်းက သူ့မှာအပြစ်မရှိဘူးလို့ ထွက်ဆိုခဲ့တဲ့အပေါ် တရားလိုရှေ့နေတွေက ပြန်လှန် မေးခွန်းထုတ် စစ်ဆေးသွားဖို့ ရှိနေပါတယ်။ ဒီအမှုမှာ အခုချိန်ထိ တရားလိုပြ သက်သေတွေကိုသာ စစ်ဆေးနိုင်သေးပြီး တရားခံတွေကိုတော့ ဇူလိုင် ၅ရက်နေ့ ရုံးချိန်းကျမှသာ ပထမဆုံးအဖြစ် စတင် စစ်ဆေးသွားမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG