သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုပ်ကြွင်းလောင်စာကုမ္ပဏီတွေကို ကြီးလေးတဲ့အခွန်ကောက်ဖို့ ကုလအတွင်းရေးမှူးချုပ် တိုက်တွန်း


Climate Fossil Fuels
Climate Fossil Fuels

ကမ္ဘာကြီးပူနွေးလာမှုကို တိုက်ဖျက်ရေးမှာ ကူညီရာရောက်ဖို့ ရုပ်ကြွင်းလောင်စာကုမ္ပဏီတွေရဲ့ အမြတ်အစွန်းအပေါ် “ကြီးလေးတဲ့ အခွန်အခ” တွေ ကောက်ခံဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ဗုဒ္ဓဟူးနေ့က တောင်းဆိုလိုက်ပါတယ်။ ဇွန်လ ၅ ရက်နေ့မှာ ကျရောက်တဲ့ ကုလသမဂ္ဂရဲ့ ၂၀၂၄ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ မိန့်ခွန်းထဲမှာ ဒီလောင်စာကုမ္ပဏီတွေဟာ “ရာသီဥတုဖောက်ပြန်မှုတွေရဲ့ ခေါင်းကိုင် ဖခင်ကြီးတွေ” လို့လည်း ဂူတာရက်စ်က ခေါ်ဆို ဝေဖန်ပါတယ်။

ကာဗွန်ထုတ်လွှတ်မှု မြင့်တက်လာမှုကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့က “ရာသီဥတုဆိုင်ရာ အကျပ်အတည်း ဖြစ်နေပြီ” လို့ ကုလသမဂ္ဂ အကြီးအကဲက ပြောပါတယ်။ စက်မှုခေတ်မတိုင်မီကထက် ၁.၅ ဆဲလ်စီးယပ်စ် ထက်မပိုတဲ့အပူချိန် ဖြစ်နိုင်ဖို့က ကမ္ဘာ့ဓာတ်ငွေ့ထုတ်လွှတ်မှု နှစ်စဥ် ၉ ရာခိုင်နှုန်းလျှော့ချဖို့ လိုနေတယ်လို့ သူက သတိပေးပါတယ်။ ကမ္ဘာတဝန်း ပူးပေါင်းလုပ်ဆောင်ကြဖို့က အရင်က မကြုံဖူးသေးတဲ့အတိုင်းအတာနဲ့လိုအပ်နေသလို တဘက်မှာလည်း ကမ္ဘာကြီး သာယာဝပြောရေးနဲ့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုအတွက် အခွင့်အလမ်းတွေလည်း ရှိနေသေးကြောင်း သူက အလေးပေး ထောက်ပြထားပါတယ်။

ဒိုင်နိုဆောတွေ မျိုးတုံးခဲ့ရတဲ့ အကြောင်းရင်းတခုလို့ ယူဆထားကြတဲ့ ဥက္ကာပျံတွေ မြေကမ္ဘာကိုဝင်တိုက်တဲ့ဖြစ်စဥ်ကို ရည်ညွှန်းပြီး “လက်ရှိ ရာသီဥတုအခြေအနေမှာ လူသားတွေဟာ မျိုးတုံးရမယ့် ဒိုင်နိုဆောတွေဖြစ်သလို လူသားဟာ ဒီလိုဖြစ်ဖို့ ကျူးလွန်တဲ့ ဥက္ကာပျံတွေလည်း ဖြစ်တယ်” လို့ ဂူတာရက်စ်က သတိပေးပါတယ်။ လူသားဟာ အန္တရာယ်ကြုံနေရသလို လူသားတွေကပဲ ဒီအန္တရာယ်ကိုပေးနေတယ်လို့ ဥပမာ ပေးပါတယ်။ ကမ္ဘာကြီးပူနွေးလာမှုကို အဓိက တွန်းအားပေးနေတာက လူသားကြောင့် ဖြစ်ပေါ်တဲ့ ရုပ်ကြွင်းလောင်စာ ရေနံ၊ ဓာတ်ငွေ့နဲ့ ကျောက်မီးသွေးလောင်ကျွမ်းမှုတွေကြောင့်လို့ ဆိုပါတယ်။

ကမ္ဘာ့အပူချိန် တိုင်းတာရေးမှာ စံအဖြစ် သတ်မှတ်ထားတဲ့ ဥရောပကော်မရှင် ကိုပါနီးကပ်စ် (Copernicus) ရာသီဥတုပြောင်းလဲမှုစောင့်ကြည့်ရေး ဌာနက ထုတ်ပြန်တဲ့ အချက်အလက်တွေ အရ အခုနှစ် မေလဟာ သမိုင်းတလျှောက်မှာစံချိန်တင်အပူဆုံး မေလ ဖြစ်ခဲ့ပါတယ်။ ကုလသမဂ္ဂ ကမ္ဘာ့မိုးလေဝသအဖွဲ့ (WMO) ရဲ့ ဗုဒ္ဓဟူးနေ့ ထုတ်ပြန်ချက်ထဲမှာလည်း လာမယ့်(၅) နှစ် အတွင်း တနှစ်နှစ်မှာ ၂၀၁၅ ခုနှစ် ပါရီ သဘောတူညီချက်ပါ ၁.၅ ℃ အပူချိန် ကန့်သတ်ချက် ထက် ကျော်လွန်သွားမယ့် အလားအလာဟာ ၈၀ ရာခိုင်နှုန်းအထိ ရှိနေကြောင်း သတိပေးထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG