သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

COVID-19 ကူးစက်မှုနှုန်း မြန်နေပေမယ့် မဲဆွယ်စည်းရုံးရေးတွေကို စက်တင်ဘာလ ၈ ရက်နေ့ စတင်ခွင့်ပြုမည်


NLD ပါတီအလံတွေ တပ်ဆင်ထားတဲ့ ရန်ကုန်မြို့က ဆိုက်ကားတစီး။ (စက်တင်ဘာ ၃၊ ၂၀၂၀)
NLD ပါတီအလံတွေ တပ်ဆင်ထားတဲ့ ရန်ကုန်မြို့က ဆိုက်ကားတစီး။ (စက်တင်ဘာ ၃၊ ၂၀၂၀)

(Zawgyi / Unicode)

နိုဝင်ဘာ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးကာလကို လာမယ့် အင်္ဂါနေ့ စက်တင်ဘာလ ၈ ရက်မှာ စတင်ပြီး ရက်ပေါင်း ၆၀ ထိ ခွင့်ပြုမှာဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က တနင်္ဂနွေနေ့က ထုတ်ပြန် ကြေညာလိုက်ပါတယ်။

COVID-19 ကပ်ရောဂါကာလ ကျင်းပမယ့် ၂၀၂၀ ပြည့် ရွေးကောက်ပွဲအတွက် ကန့်သတ်ချက်တွေ သတ်မှတ်ထားတာကြောင့် ရွေးကောက်ပွဲ စည်းရုံးရေး လုပ်ငန်းတွေကို ဘယ်လိုထိခိုက်နိုင်ချေရှိမလဲ၊ ဒီကန့်သတ်ချက်တွေ လိုက်နာဖို့ ဘယ်သူတွေကို လုပ်ပိုင်ခွင့် သေသေချာချာ ပေးမှာလဲ။ မြန်မာ့အရေး လေ့လာသုံးသပ်သူ ဒေါက်တာတင်မောင်သန်းကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနဲ့ မဲဆွယ်စည်းရုံးခွင့်ဆိုင်ရာ ကြေညာချက်ကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က စက်တင်ဘာလ ၆ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။ မဲဆွယ်စည်းရုံးရေးကာလကို စက်တင်ဘာလ ၈ ရက် နံနက် ၆ နာရီကနေ စတင်ပြီး ရက်ပေါင်း ၆၀ ထိ ခွင့်ပြုမှာဖြစ်ကြောင်း အစိုးရပိုင် ရုပ်သံသတင်းဌာနက မနေ့ညက အခုလို ကြေညာခဲ့ပါတယ်။

“ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးခွင့် ကာလကို ရက်ပေါင်း ၆၀၊ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၈ ရက်နေ့ မနက် ၆ နာရီမှ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၆ ရက်နေ့ ည ၁၂ နာရီအထိ ခွင့်ပြုကြောင်း ထုတ်ပြန် ကြေညာလိုက်သည်။”

ဒါ့အပြင် နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ အနေနဲ့ COVID-19 ကပ်ရောဂါ ပြန့်ပွားမှုမရှိစေရေး ရောဂါကာကွယ်ရေးဆိုင်ရာ ကျန်းမာရေး စံလုပ်ငန်း လမ်းညွှန်ချက်တွေကို လိုက်နာဖို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

လူ ၅၀ ထက် ပိုပြီး စုဝေးတာမျိုး မလုပ်ရတာ၊ လေဝင်လေထွက် ကောင်းတဲ့နေရာ၊ ခြောက်ပေအကွာဆီ ရှိရမှာ စတဲ့ ကန့်သတ်ချက်တွေ ရှိမှာဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီး ဒေါက်တာမြင့်ထွေးက ဗွီအိုအေကို ပြောပါတယ်။ COVID-19 ကပ်ရောဂါကာလ အကန့်အသတ်တွေကြောင့် ပါတီငယ်တွေရဲ့ စည်းရုံးရေးလုပ်ငန်းတွေ ပိုပြီး ထိခိုက်မယ်လို့ မြင်ကြောင်း ဒေါက်တာတင်မောင်သန်းက ဗွီအိုအေကို ပြောပါတယ်။

“အထူးသဖြင့် ပါတီငယ်တွေ၊ အထူးသဖြင့် မကြာသေးခင်က ပါတီကို စထူထောင်တဲ့ ပါတီတွေအနေနဲ့ ဆိုရင်တော့ အခက်အခဲ တော်တော်ကြီးကြီးမားမား တွေ့ရလိမ့်မယ်လို့ ထင်တယ်။ အရင်တည်းက နိုင်ငံရေးထဲမှာ ပါခဲ့ကြတယ်၊ နိုင်ငံရေးအစဉ်အလာရှိတယ် ဆိုပါစို့၊ အဲဒီလို ပါတီကြီးတွေ အတွက်ကတော့ လူတွေက သိပြီးသား ဖြစ်တဲ့အတွက်ကြောင့် သူ့ပရိသတ်နဲ့သူ စည်းရုံးလှုပ်ရှားလို့ ရတယ်ပေါ့။ အဲဒီပါတီကြီးတွေ အနေနဲ့လည်း မိမိကို မဲပေးမယ့်သူ အသစ်ကို စည်းရုံးတဲ့နေရာမှာ အခက်အခဲလေးတွေလည်း တွေ့ရနိုင်တယ်။”

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရဲ့ ထုတ်ပြန်ချက်ကိုကြည့်ရင် ဒီကန့်သတ်ချက်တွေကို လိုက်နာဖို့ အကောင်အထည်ဖော်တဲ့ နေရာမှာ ဘယ်သူက လုပ်ပိုင်ခွင့်ရှိမလဲဆိုတာ မရှင်းမလင်း ဖြစ်နေတယ်လို့ ဒေါက်တာတင်မောင်သန်းက အခုလို ထောက်ပြပါတယ်။

“ကျနော်တို့ စိုးရိမ်စရာကောင်းတာ တခုပေါ့၊ ဒီဟာတွေကို လိုက်နာဖို့ အကောင်အထည် ဖော်တဲ့အခါမှာ ဘယ်သူက လုပ်ပိုင်ခွင့် အာဏာနဲ့ ဆောင်ရွက်မှာလဲ ဆိုတာ ဝေဝါးနိုင်တယ်၊ လက်တွေ့ အကောင်အထည် ဖော်တဲ့အခါမှာ။ ဥပမာ ဒါကို လိုက်နာဖို့အတွက် ဆောင်ရွက်တဲ့အခါမှာ ကျန်းမာရေးဝန်ကြီးဌာနကပဲ တာဝန်ယူမှာလား၊ ရွေးကောက်ပွဲ ကော်မရှင်ကပဲ တာဝန်ယူမှာလား၊ ထွေအုပ်ကပဲ တာဝန်ယူမှာလား၊ အဲဒီလို မကွဲပြားတဲ့ အတွက်ကြောင့်မို့ ယူဆက်ချက်တွေနဲ့ပေါ့၊ ဥပမာ ကျန်းမာရေးကလည်း ရွေးကောက်ပွဲ ကော်မရှင်က လုပ်လိမ့်မယ်လို့ ယူဆတယ်၊ ရွေးကောက်ပွဲ ကော်မရှင်ကလည်း ကျန်းမာရေးက လုပ်လိမ့်မယ်လို့ ယူဆတယ်၊ ဒီလိုပေါ့နော်။ အဲဒီလိုယူဆပြီး ဘယ်သူကမှ ဒါကို ဖိဖိစီးစီးနဲ့ ကြပ်ကြပ်မတ်မတ် မလုပ်တာမျိုးတွေလည်း ကြုံရနိုင်တယ်။ အဲတော့ Line of Authority လို့ပြောတဲ့ လုပ်ပိုင်ခွင့် သေသေချာချာ သတ်မှတ်ဖို့ လိုတယ်။”

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်း မြင့်တက်နေတဲ့အတွက် ရောဂါကာကွယ်ရေးလုပ်ငန်း ကန့်သတ်ချက်တွေကြောင့် မဲရုံတွေမှာ လူစုလူဝေးနဲ့ မဲပေးကြမယ့် ပုံစံအတွက်လည်း အသေအချာ ပြင်ဆင်ထားဖို့ လိုတယ်လို့ သူက ဆိုပါတယ်။

“မဲပေးပုံ ပေးကြတာကတော့ ဒီလိုပဲ မဲရုံမှာသွားပြီး ပေးကြတာပေါ့။ အဲဒီအချိန်မှာ အချိန်ပိုပေးဖို့ လိုမလား၊ ဒီပြဿနာ ရှိနိုင်တယ်။ နောက် နေရာပေါ့။ ဥပမာအားဖြင့် နေရာဆိုရင်လည်း တန်းစီတဲ့နေရာမှာ ခြောက်ပေအခြား ပေးထားတဲ့ အမှတ်အသား လက္ခဏာလေးတွေ လုပ်ထားပေးလားပေါ့။ နောက် ကျောင်းတွေ ဖွင့်တဲ့အခါ ကျောင်းဝန်းထဲမှာ အမှတ်အသား လုပ်ထားပေမယ့် ကျောင်းဝင်တဲ့ ဝင်ပေါက်မှာကြတော့ လူတွေက တိုးနေတာမျိုး။ ဆိုတော့ မဲရုံ လူတွေ တန်းစီနိုင်လောက်တဲ့ ပမာဏ ရှိနေသမျှ ခြားရမယ့် စီစဉ်မှုမျိုး ဘယ်လိုစီစဉ်မလဲ၊ အဲဒီအတွက် လူအား နေရာ၊ မဲရုံနေရာပေါ့။ ဒီရွေးချယ်မှုတွေကစပြီး ပြန်လည်သုံးသပ် စဉ်းစားဖို့ သက်ရောက်မှု ရှိလာမယ်လို့တော့ ထင်တယ်။”

တနင်္ဂနွေနေ့က ထုတ်ပြန်တဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ကြေညာချက်မှာတော့ ကိုယ်စားလှယ်လောင်းတွေ အနေနဲ့ မဲဆွယ်စည်းရုံးရာမှာ ကျင့်ဝတ်တွေကို စောင့်စည်းလိုက်နာဖို့၊ ရွေးကောက်ပွဲနဲ့ စပ်လျဉ်းပြီး COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ကျန်းမာရေး စံလုပ်ငန်း လမ်းညွှန်ချက်တွေကို လိုက်နာဖို့ ညွှန်ကြားထားပေမယ့် ဘယ်လိုကန့်သတ်ချက်တွေ ရှိမလဲဆိုတဲ့ အသေးစိတ်ကိုတော့ ဖော်ပြထားခြင်း မရှိပါဘူး။

တိုက်ရိုက် လင့်ခ်

---------------------------

(Unicode)














XS
SM
MD
LG