သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရေရှည်စစ်ဖြစ်လာနိုင်ခြေရှိတဲ့ ယူကရိန်းစစ်ပွဲ


ယူကရိန်းအရေးပေါ်ဌာနက ဖေဖေါ်ဝါရီလ ၂၁ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ Pokrovsk ခရိုင် ဒွန်ညက်စ် ဒေသက စစ်ဘေးသင့်ပျက်စီးသွားပြီး ဒဏ်ရာရသူလေးဦးကို ရှာတွေ့ခဲ့တဲ့ အဆောက်အဦး။ (ဖေဖေါ်ဝါရီ ၂၁၊ ၂၀၂၄)
ယူကရိန်းအရေးပေါ်ဌာနက ဖေဖေါ်ဝါရီလ ၂၁ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ Pokrovsk ခရိုင် ဒွန်ညက်စ် ဒေသက စစ်ဘေးသင့်ပျက်စီးသွားပြီး ဒဏ်ရာရသူလေးဦးကို ရှာတွေ့ခဲ့တဲ့ အဆောက်အဦး။ (ဖေဖေါ်ဝါရီ ၂၁၊ ၂၀၂၄)

ယူကရိန်းအပေါ် ရုရှားရဲ့ကျူးကျော်တိုက်ခိုက်မှု ၃ နှစ်ထဲရောက်လာချိန်မှာ ယူကရိန်းအရှေ့ဘက် စစ်မျက်နှာမှာ အပြင်းအထန်တိုက်ခိုက်နေရပြီး ရုရှားက နိုင်ငံအနှံ့ ဒုံးလက်နက်တွေနဲ့ပစ်ခတ်တိုက်ခိုက်နေပါတယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ စစ်ရေးနဲ့ ငွေကြေးအထောက်အပံ့တွေဟာ ယူကရိန်းအတွက် သေရေးရှင်ရေးတမျှ အရေးတကြီးလိုအပ်နေပါတယ်။ အခုလိုအချိန်မှာပဲ ယူကရိန်းကိုကူညီထောက်ပံဖို့ကိစ္စမှာ အမေရိကန်လွှတ်တော်မှာအတည်မပြုနိုင်ဘဲ ကြန့်ကြာနေပါတယ်။ VOA ရဲ့ အရှေ့ဥရောပဌာနအကြီးအကဲ Myroslava Gongadze က Kyi မြို့တော်ကနေသတင်းပေးပို့ထားတာကို-ကိုဇော်မိုးကျော်က တင်ပြပေးထားပါတယ်။

ရုရှားကျူးကျော်စစ် ၃ နှစ်ပြည့်ဖို့ ရက်အနည်းငယ်အလိုမှာပဲ ယူကရိန်းတပ်တွေဟာ Donetsk ဒေသ၊ Adviivak မြို့ကနေပြန်လည်ဆုတ်ခွါခဲ့ရပါတယ်။ အမေရိကန်အိမ်ဖြူတော်ကတော့ ယူကရိန်းကိုအချိန်မှီ အထောက်အပံ့တွေမပေးနိုင်တဲ့အတွက်လို့ဆိုပြီး လွှတ်တော်ကို အပြစ်တင်ပါတယ်။ ယူကရိန်းတွေဟာ ရဲရဲရင့်ရင့် ဆက်လက်တိုက်ပွဲဝင်နေပေမယ့်လည်း သူတို့မှာ လက်နက်ရိက္ခာနည်း လာနေပြီလို့လည်း ပြောပါတယ်။

အခုလို ယူကရိန်းတပ်တွေပြန်ဆုတ်ရတဲ့နေ့မှာပဲ ယူကရိန်းသမ္မတ ဗလိုဒီမာဇာလင်းစကီးက မြူနစ်နိုင်ငံတကာလုံခြုံရေးညီလာခံမှာ အခုလိုပြောဆိုခဲ့ပါတယ်။


“ယူကရိန်းစစ်ပွဲ ဘယ်တော့ပြီးမလဲလို့ မမေးပါနဲ့။ ဘာကြောင့် ရုရှားသမ္မတ ဗလာဒီမာပူတင် စစ်ကိုဆက်ပြီးတိုက်နေနိုင်သေးတာလဲလို့သာ-ကိုယ့်ကိုယ်ကိုပြန်မေးကြပါ။”

Kyi မြို့တော်မှာရှိတဲ့ ယူကရိန်းတွေကတော့ ရေရှည်စစ်အတွက် အားတင်းထားကြပါတယ်။

၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလ ရုရှားစတင်ကျူးကျော်ချိန်မှာ The Kyivy Independent သတင်းစာရဲ့အယ်ဒီတာ Olga Rudenko ဟာ သူမရဲ့အလုပ်စားပွဲမှာထိုင်ပြီး အလုပ်လုပ်နေချိန်ဖြစ်ပါတယ်။ သူ့ရဲ့အွန်လိုင်းသတင်းစာ စတင်တာဟာလည်းတလပဲ ရှိပါသေးတယ်။

“ရုရှားက ယူကရိန်းကို အာရုံတက်ချိန်မတိုင်မီ ဝင်ရောက်တိုက်ခိုက်လိမ့်မယ်လို့ နိုင်ငံခြားရေးဝန်ကြီး Antony Blinken ပြောခဲ့ပါတယ်။ ဒါဟာ တကယ်ကိုပဲ ဖြစ်လာခဲ့ပါတယ်။”

ရုရှားစတင်မကျူးကျော်ခင် ညနေဘက် သမ္မတပူတင်မိန့်ခွန်းပြောအပြီးမှာတော့ သူတို့သတင်းထုတ်ပြန်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။

“သမ္မတပူတင် ယူကရိန်းကိုစစ်ကြေညာတဲ့သတင်း ကျမတို့ပြင်ဆင်ပါတယ်။ သူမိန့်ခွန်းပြောပြီးတာနဲ့ ချက်ခြင်း ကျမတို့ သတင်းကိုဖြန့်ချီလိုက်ပါတယ်။ အဲဒိအချိန်နဲ့သိပ်မကြခင်မှာပဲ ကျမတို့ ပေါက်ကွဲသံတွေစကြားရပါတယ်။”

၂ နှစ်ကြာစစ်ပွဲသတင်းတွေကို ထုတ်ပြန်ဝေခဲ့ပြီး The Kyiv Independent သတင်းစာဟာ ယူကရိန်းမှာ လက်တွေ့ဖြစ်ပျက်နေတာတွေကို အင်္ဂလိပ်လိုအဓိက တင်ပြပေးနေတဲ့သတင်းစာတစောင်ဖြစ်လာပါတယ်။ ယူကရိန်းတွေဘယ်လို တိုက်ပွဲဝင်နေတယ်ဆိုတာကို ကမ္ဘာကသိအောင် ကူညီလုပ်ဆောင်ဖို့ ဒီသတင်းစာက အဓိကရည်ရွယ်ပါတယ်။

“အမေရိကန်လွှတ်တော်မှာ ယူကရိန်းကိုပေးမယ့် အကူအညီတွေအတွက် မဲခွဲအတည်မပြုနိုင်တဲ့သတင်းတွေထွက်ပေါ်လာတာဟာ အလွန်စိတ်ပျက်စရာကောင်းပါတယ်။ သူတို့အတွက်ကတော့ ကိန်းဂဏန်းတွေဖြစ်ကောင်းဖြစ်မှာပါ။ ဒါပေမယ့် ကျမတို့အတွက်ကတော့ တကယ့်အသက်တွေနဲ့ တကယ့်လူတွေဖြစ်ပါတယ်။”

ဗလိုဒီမီယာ အိုမန် (Volodymyr Omelyn) ဟာ ယူကရိန်းတပ်က ဗိုလ်မှူးတယောက်ဖြစ်ပါတယ်။ အရင်က သူဟာ အခြေခံအဆောက်အဦးများဆိုင်ရာဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ သူ့ရဲ့ပြောဆိုမှုတွေဟာ ယူကရိန်းတွေရဲ့ လက်ရှိစိတ်ဓာတ်အခြေအနေကိုဖေါ်ပြနေပါတယ်။

“ကျနော်တို့ဟာ လူသူလက်နက်အင်အား အတော်ကြီးကိုတောင့်တင်းလာပါတယ်။ သေချာပါတယ်။ ဒါကအပျော်ခရီး မဟုတ်ပါဘူး။ စစ်ပွဲဟာ လာမယ့်နှစ်ပတ်သုံးပတ်အတွင်းပြီးမယ်၊ ဒါမှမဟုတ် မကြာမီပြီးတော့မယ်ဆိုတာမျိုးလည်း မဟုတ်ပါဘူး။ ကံမကောင်းစွာပဲ စစ်ပွဲဟာ ကာလတခုအထိရှည်နိုင်ပါတယ်။ ဒါပေမယ့် ကျနော်တို့ရဲ့စိတ်ဓာတ်အနေအထားတွေက မြင့်မားနေဆဲဖြစ်ပါတယ်။ ကျနော်တို့မှာ ပြင်းပြတဲ့စိတ်ဆန္ဒမရှိဘူးဆိုရင် အောင်ပွဲဆိုတာ ရှိမှာမဟုတ်ပါဘူး၊ ကျနော်တို့မှာပြင်းပြတဲ့စိတ်ဓာတ်ခွန်အားတွေရှိပါတယ်။”

Kyi မြို့ခံ Daniil Vinnytsy ကတော့အခုလိုပြောပါတယ်။

“ကျနော့မိဘတွေနဲ့တွေ့ချင်ပါတယ်။ သူတို့ကပြည်ပမှာပါ။ ကျနော်ကဒီမှာပါ။ ကျနော်က သူတို့ဆီကိုမသွားနိုင်ပါဘူး။”

နောက်ဒေသခံတဦးဖြစ်တဲ့ Oleksyi ကလည်းအခုလိုပြောပါတယ်။

“ကျနော်တို့ဟာ နေ့စဉ်၊ ညစဉ် စိုးရိမ်ထိတ်လန့်နေရပါတယ်။ ကျနော်တို့တိုင်းပြည်ငြိမ်းချမ်းစေ့ချင်ပါတယ်။ သမ္မတပူတင်စစ်ကိုရပ်ပြီး ကျနော်တို့နယ်မြေတွေ ပြန်ပေးတာလိုချင်ပါတယ်။”

Kateryna ကတော့အခုလို ပြောပါတယ်။

"ဒီစစ်ပွဲက ရေရှည်ဖြစ်မယ်လို့ထင်ပါတယ်။ အတော်ဆိုးဝါးတဲ့ကိစ္စပါပဲ။ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့အကူအညီမပါဘဲ ကျမတို့ဒီစစ်ပွဲကိုမနိုင်နိုင်ပါဘူး။"

VOA နဲ့စကားပြောဖြစ်ခဲ့တဲ့ ယူကရိန်းတွေကတော့ စစ်မှုမထမ်းမနေရဥပဒေပြဌာန်းမယ်ဆိုရင်လည်း တိုင်းပြည်ကို ကာကွယ်ဖို့ သူတို့ စစ်မှုထမ်းနိုင်တယ်လို့ဆိုကြပါတယ်။ သူတို့ဟာ ဒီမိုကရေစီစံတန်ဘိုးတွေအတွက် ခုခံတိုက်ခိုက်နေတာ ဖြစ်ပြီး အကူအညီတွေလိုအပ်တယ်ဆိုတာကို ကမ္ဘာကနားလည်စေ့ချင်တယ်လို့ပြောဆိုခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG