သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငြိမ်းချမ်းစွာ ဆန္ဒပြပြည်သူကို သတ်ဖြတ်ဖမ်းဆီးမှု လုံးဝလက်ခံနိုင်ဖွယ်မရှိ (ကုလအတွင်းရေးမှူးချုပ်)


ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres

(Zawgyi/Unicode)

မြန်မာနိုင်ငံမှာ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို သတ်ဖြတ်နေတာ၊ သတင်းသမားတွေအပါအဝင် လူတွေကို မတရားဖမ်းဆီးနေတာတွေဟာ “လုံးဝလက်ခံနိုင်ဖွယ်မရှိ”ဘူးလို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres က သောကြာနေ့က ပြောကြားလိုက်ပါတယ်။

ဒါအပြင် မြန်မာနိုင်ငံမှာ စစ်တပ်က ဆက်လက်ပြီး ရက်ရက်စက်စက်ဖိနှိပ်နေတာတွေကို Antonio Guterres က ပြင်းပြင်းထန်ထန်ရှုတ်ချလိုက်ကြောင်းလည်း နယူးရောက်ကုလသမဂ္ဂဌာနချုပ်မှာ သောကြာနေ့က ပြုလုပ်တဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရုံးရဲ့ ပြောခွင့်ရ Stephane Dujarric ကပြောပါတယ်။

ကုလအတွင်းရေးမှူးချုပ်ရဲ့ထုတ်ပြန်ချက်မှာ- လုံခြုံရေးကောင်စီအပါအဝင် နိုင်ငံတကာရဲ့ တောင်းဆိုချက်တွေကို စစ်တပ်က လက်မခံသေးကြောင်း ဖေါ်ပြထားတယ်လို့လည်း Stephane Dujarric က အခုလိုပြောသွားပါတယ်။

”အခြေခံလူ့အခွင့်အရေး ချိုးဖောက်မှုတွေ အဆုံးသတ်ဖို့၊ ဒီမိုကရေစီလမ်းကြောင်းကို ပြန်သွားဖို့ လုံခြုံရေးကောင်စီအပါအဝင် တောင်းဆိုမှုတွေကို မြန်မာစစ်တပ်က ဆက်လက်ပြီ ငြင်းဆန်နေဆဲပါ။ ခိုင်မာပြီး၊ ညီညွတ်တဲ့ နိုင်ငံတကာ တုန့်ပြန်မှု အရေးတကြီးလိုအပ်ခဲ့ပါတယ်။”

ဒီအတောအတွင်း မြန်မာနိုင်ငံ ရှမ်းပြည်နယ်အရှေ့ပိုင်း အောင်ပန်းမြို့မှာ သောကြာနေ့က စစ်အာဏာသိမ်းမှုဆန့်ကျင်တဲ့ ဆန္ဒပြပွဲကို စစ်တပ်က ပစ်ခတ်ဖြိုခွဲမှုကြောင့် အနည်းဆုံး လူ ၈ ဦးသေဆုံးခဲ့ပါတယ်။

မြန်မာပြည်သူတွေနဲ့ ငြိမ်းချမ်း တည်ငြိမ်ပြီး ချမ်းသာဝပြောတဲ့ နိုင်ငံဖြစ်လာစေဖို့ ဆိုတဲ့သူတို့ရဲ့ မျှော်မှန်းချက်တွေနဲ့ တထပ်တည်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အနေနဲ့ ဆက်လက်ရပ်တည်နေကြောင်း Stephane Dujarric က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။


.............

(Unicode)







XS
SM
MD
LG