သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာတလွှား အိုးအိမ်စွန့်ခွါ ထွက်ပြေးရသူ သန်း ၁၀၀ ကျော်ရှိနေ (ကုလသမဂ္ဂ)


ကရင်ပြည်နယ်က စစ်ဘေးရှောင် ပြည်သူများ ( Photo: C J )
ကရင်ပြည်နယ်က စစ်ဘေးရှောင် ပြည်သူများ ( Photo: C J )

မြန်မာအပါအဝင် ကမ္ဘာတဝန်းမှာ စစ်ပွဲ၊ အကြမ်းဖက်မှုနဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူအရေအတွက်ဟာ ၁၁၄ သန်းအထိ တိုးမြင့်လာနေပြီး အကြောင်းရင်းတွေကို ကိုင်တွယ်ဖြေရှင်းဖို့ပျက်ကွက်နေတဲ့အပြင် ပဋိပက္ခတွင်းမှာ ပါဝင်ပတ်သက်နေသူတွေဟာ နိုင်ငံတကာဥပဒေကို လိုက်နာဖို့ ငြင်းဆန်နေကြတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အကြီးအကဲ ဖိလစ်ပို ဂရန်ဒီ (Filippo Grandi) က ပြောလိုက်ပါတယ်။

ကြာသပတေးနေ့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို ပြောကြားတဲ့ မိန့်ခွန်းထဲမှာ လူတွေဟာ မဖြစ်မနေ နေရပ်စွန့်ခွာထွက်ပြေးရတာ အပါအဝင် နိုင်ငံတကာ ဥပဒေ ချိုးဖောက်မှုတွေက ကမ္ဘာတဝှမ်းက လူတွေကို အကြီးအကျယ်ထိခိုက်စေတယ်လို့ သူက ပြောခဲ့တာပါ။ မြန်မာ့ပဋိပက္ခတွေကိုလည်း ဥပမာပေးပြောဆိုခဲ့ပြီး ပြီးခဲ့တဲ့မနှစ် အောက်တိုဘာလကတည်းက တိုက်ပွဲတွေကြောင့် လူပေါင်း ၁.၅ သန်းကျော် နေရပ်စွန့်ခွာခဲ့ရပြီး စုစုပေါင်း အိုးအိမ်မဲ့ ထွက်ပြေးနေရသူက ၃ သန်းကျော်အထိ ရှိကာ အဲ့ဒီထဲက အများအပြားဟာ အိမ်နီးချင်းနိုင်ငံတွေမှာ ခိုလှုံနိုင်ဖို့ ကြိုးစားနေတယ်လို့ ဂရန်ဒီ (Grandi) က ထောက်ပြပါတယ်။

ဂါဇာ၊ ယူကရိန်း၊ မြန်မာ၊ ဆူဒန်၊ ကွန်ဂိုနဲ့ အခြားနေရာအများအပြားမှာ ပဋိပက္ခတွေကို ဖြေရှင်းပေးဖို့ ပျက်ကွက်နေတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကိုလည်း ဂရန်ဒီ (Grandi) က ပြင်းပြင်းထန်ထန်ဝေဖန်ပါတယ်။ နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ထိန်းသိမ်းနိုင်ဖို့ လုံခြုံရေးကောင်စီကို ဖွဲ့စည်းထားတာ ဖြစ်ပေမယ့် ကောင်စီရဲ့ အသံ နှုတ်ဆိတ်နေတယ်လို့ ပြစ်တင်ထားပါတယ်။ နိုင်ငံတချို့ကိုလည်း နာမည်ထုတ်မပြောဘဲ သူက ဝေဖန်ပါတယ်။ အဲဒီနိုင်ငံတွေက ရေရှည်အကျိုးကျေးဇူးကိုမကြည့်တဲ့ နိုင်ငံခြားရေးမူဝါဒကိုသုံးနေတဲ့အပြင် အမြဲလိုလို စံနှုန်းနှစ်မျိုးကျင့်သုံးပြီး ဥပဒေအတိုင်း လုပ်ဆောင်ဖို့ကို လက်တွေ့မပါဘဲ အပြောသက်သက်လုပ်နေတယ်လို့ ဆိုပါတယ်။ လုံခြုံရေးကောင်စီမှာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး အမှန်တကယ် ထိန်းသိမ်းနိုင်ဖို့ကိုတော့ အဲဒီ နိုင်ငံတွေက အားထုတ်ကြိုးပမ်းတာမျိုး မရှိဘူးလို့ သူက ပြစ်တင်ပါတယ်။

ယူကရိန်းနိုင်ငံမှာဆိုရင်လည်း လျှပ်စစ်ဓာတ်အားပေး စနစ်ကွန်ရက်တွေ၊ လူနေအိမ်တွေနဲ့ အခြားအရပ်ဘက် အခြေခံအဆောက်အအုံတွေကို ရုရှားတပ်ဖွဲ့ဝင်တွေက ပစ်မှတ်ထား တိုက်ခိုက်နေခြင်းအားဖြင့် နိုင်ငံတကာ လူသားချင်းစာနာမှုဥပဒေကို နေ့စဥ်ချိုးဖောက်နေကြောင်း ဂရန်ဒီ (Grandi) က ထောက်ပြပါတယ်။

ကွန်ဂိုနိုင်ငံမှာဆိုရင်လည်း “လက်နက်ကိုင် အမျိုးသားတွေရဲ့ အကြမ်းဖက်မှုက အဆုံးစွန်ဖြစ်နေလို့ ကွန်ဂိုအရှေ့ခြမ်းမှာနေထိုင်ရတဲ့ အမျိုးသမီးနဲ့ကလေးတွေလောက် ကမ္ဘာပေါ်က အခြား ဘယ်နေရာမှာမှ အန္တရာယ်မကြီးဘူး” သူက ပြောပါတယ်။

"ဒါပေမယ့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေ၊ 'ကျနော်တို့တတွေ' ကတော့ ဒီလို အခြေအနေကို ဘယ်လိုစိတ်တွေနဲ့ လျစ်လျူရှုနေနိုင်လဲ” ဆိုပြီး ဒုက္ခသည်ဆိုင်ရာအကြီးအကဲက မေးခွန်းထုတ်ပါတယ်။ “ကလေးတယောက်နဲ့ လိင်ဆက်ဆံဖို့က အအေးတဘူးဖိုးလောက်တောင်မကုန်ကျဘဲဖြစ်နေတာကို ဘာမှ မလှုပ်မယှက်ဘဲ ထိုင်ကြည့်နေနိုင်ကြတယ်” လို့လည်း သူက ထောက်ပြပါတယ်။

"ဒါဟာ လူသားဝါဒအတွက် အင်မတန်ရှက်စရာကောင်းတဲ့ အမည်းစက်ကြီးပဲ" လို့ ဂရန်ဒီ (Grandi) က ပြင်းပြင်းထန်ထန် ပြောခဲ့ပါတယ်။

ဒီရလဒ်ကြောင့် အရပ်သားသေဆုံးမှု ပိုများလာသလို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို စစ်ပွဲလက်နက်အဖြစ် အသုံးပြုလာကြကာ ဆေးရုံတွေ၊ စာသင်ကျောင်းတွေ၊ အခြားအရပ်ဘက်အခြေခံအဆောက်အအုံတွေကို တိုက်ခိုက်ဖျက်ဆီးခံရတာ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဝန်ထမ်းတွေကို ပစ်မှတ်ထားတိုက်ခိုက်တာတွေ များပြားလာနေတယ်လို့ ဂရန်ဒီ (Grandi) က ထောက်ပြထားပါတယ်။

ဂါဇာ၊ ယူကရိန်း၊ မြန်မာ၊ ဆူဒန်နဲ့ အခြားကမ္ဘာဝန်းက ပဋိပက္ခတွေ အတွင်း အသတ်ခံနေရတဲ့ သောင်းနဲ့ချီတဲ့လူသားတွေအတွက် အချိန်နှောင်းသွားခဲ့ပြီလို့ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးက လုံခြုံရေးကောင်စီကို ပြောပါတယ်။

"ဒါပေမယ့် မဖြေရှင်းနိုင်သေးတဲ့ အကျပ်အတည်းတွေနဲ့ ပဋိပက္ခတွေအပေါ် စွမ်းအား စိုက်ထိုက် အာရုံစိုက်ဖြေရှင်းဖို့ကတော့ နောက်မကျသေးဘဲ လုပ်ဖို့လိုနေပြီး ဒါမှသာ ပဋိပက္ခတွေ ထပ်မံ ဆူပွက်ပေါက်ကွဲထွက်မလာနိုင်မှာ” လို့ ဂရန်ဒီ (Grandi) က ပြောပါတယ်။ “အဓမ္မ နေရပ်စွန့်ခွာ ထွက်ပြေးရလို့ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတဲ့ သန်းပေါင်းများစွာသောသူတွေကို ဘေးကင်းပြီး ဂုဏ်သိက္ခာရှိရှိ မိမိဆန္ဒအလျောက် နေရပ်ပြန်နိုင်ဖို့ အကူအညီတွေ တိုးမြှင့်ဖို့ အချိန်မနှောင်းသေး သလို စစ်ဘေးဒဏ်ကနေ လူသန်းပေါင်းများစွာကို ကယ်တင်ဖို့ရာမှာလည်း အချိန်မနှောင်းသေးကြောင်း” ဒုက္ခသည် ဆိုင်ရာ အကြီးအကဲက လုံခြုံရေးကောင်စီကို သတိပေးခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG