သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

မြန်မာ့အရေး ကုလစုံစမ်းရေးအဖွဲ့ လုံခြုံရေးကောင်စီထံ အစီရင်ခံဖွယ်ရှိ


လုံခြုံရေးကောင်စီ

ရိုဟင်ဂျာ မူဆလင်တွေ အပေါ် မြန်မာ စစ်တပ်ရဲ့ ကြမ်းကြုတ်ရက်စက်မှုတွေ အတွက် စစ်တပ် အကြီးတန်း တာဝန်ရှိသူတွေကို တရားစွဲဆိုဖို့ တိုက်တွန်းထားတဲ့ မြန်မာဆိုင်ရာ ကုလသမဂ္ဂ အချက်အလက်ရှာ အဖွဲ့ရဲ့ တွေ့ရှိချက်တွေကို ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ တင်ပြဖို့ ရှိနေပါတယ်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင် ၁၅ နိုင်ငံထဲက ၉ နိုင်ငံရဲ့ မနေ့က တရားဝင် တောင်းဆိုချက် အပေါ် ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းကလည်း လုံခြုံရေး ကောင်စီကို ချက်ချင်းဘဲ ကန့်ကွက်စာ ပေးပို့ခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး မသိင်္ဂီထိုက် ဆက်သွယ် မေးမြန်းတာမှာ မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက အခုလို စပြီး ဖြေကြားပါတယ်။

သံအမတ်ကြီး ဟောက်ဒိုဆွမ်း။ ။ လူ့အခွင့်အရေး ကောင်စီကနေပြီးတော့ ဖွဲ့စည်းထားတဲ့ အဖွဲ့တဖွဲ့က၊ လူ့အခွင့်အရေး ကောင်စီဆိုတာက အထွေထွေ ညီလာခံရဲ့အောက်မှာ ဖွဲ့ထားတဲ့ အဖွဲ့ တဖွဲ့ပေါ့နော်။ လုံခြုံရေးကောင်စီက ဖွဲ့ထားတဲ့ အဖွဲ့လည်း မဟုတ်ဘူး။ လူ့အခွင့်အရေး ကိစ္စ တခုကို လုံခြုံရေး ကောင်စီအောက်မှာ တိုက်ရိုက် အဲလို ခေါ်ပြီး ဆွေးနွေးဖို့ ပြောဆိုဖို့ လုပ်နေတယ်ဆိုတဲ့ ဟာမျိုးကလည်းပဲ တကယ်က သူ့ရဲ့ လုပ်ထုံး လုပ်နည်းနဲ့လည်း မကိုက်ဘူး။

နောက်တခုကတော့ လုံခြုံရေး ကောင်စီရဲ့ အဓိက တာဝန်က အပြည်ပြည်ဆိုင်ရာ လုံခြုံရေးနဲ့ ငြိမ်းချမ်းရေးကို ထိပါးစေမယ့် ကိစ္စများ၊ လုံခြုံရေး ကိစ္စများကို အဓိက ကိုင်တွယ်ရတဲ့ ဌာန ဖြစ်ပေမယ့် ရခိုင်အရေးအခင်းနဲ့ ပတ်သက်ပြီး ဖြစ်နေတဲ့ ကိစ္စကို လူ့အခွင့်အရေးနဲ့ ပတ်သက်နေတာဘဲ ဒီကိစ္စတွေက အဲဒါကို ဒီဘက်ကို လုံခြုံရေးဘက်ကို ဆွဲပြီးတော့ အတင်းဆွဲဖို့ လုပ်တဲ့ ကိစ္စက ဒီရည်ရွယ်ချက်ကိုလည်း ကျနော်တို့က မကြိုက်ဘူး။ အဲဒါကြောင့် ဒါကို ကန့်ကွက်ရခြင်း ဖြစ်ပါတယ်။

သိင်္ဂီထိုက်။ ။ ဟုတ်ကဲ့ပါရှင့် သံအမတ်ကြီး။ သံအမတ်ကြီး မနေ့က ကန့်ကွက်တဲ့ အပေါ် ဘာတုံ့ပြန်ချက်များ ရပါသလဲရှင့်။

သံအမတ်ကြီး ဟောက်ဒိုဆွမ်း။ ။ အခုထိတော့ မနေ့ကလည်း ကျနော်တို့ ညနေပိုင်းမှ ပို့ထားတော့ ဘာမှတော့ မလာသေးပါဘူး။ ကျနော်တို့က လုံခြုံရေး ကောင်စီ ဥက္ကဌ ဆီကို ကျနော်တို့က ပို့ထားတာပါ။ လုံခြုံရေးကောင်စီ ဥက္ကဌ ဆိုတဲ့ အခါကျတော့ ဥက္ကကနေပြီးတော့ တရားဝင်စာ အကုန်ဖြန့်မှာပေါ့ဗျာ။ ဖြန့်လို့လည်း အခု ဒေါ်သိင်္ဂီတို့ ရတာပေါ့လေ။ ဖြန့်တယ်ဆိုတာ လုံခြုံရေး ကောင်စီ အဖွဲ့ဝင်တွေကိုဘဲ ဖြန့်တာပါ။ အပြင်ကို ဖြန့်တာတော့ မဟုတ်ပါဘူး။ လုံခြုံရေး ကောင်စီ အဖွဲ့ဝင်ကို ဖြန့်တာလည်းဘဲ အခု သတင်းက ထွက်သွားတာပေါ့နော်။

သိင်္ဂီထိုက်။ ။ ဒီ လုံခြုံရေး ကောင်စီမှာ မြန်မာ ကိစ္စဘဲ တင်တင်၊ လူ့အခွင့်အရေး ကောင်စီမှာ မြန်မာ ကိစ္စဘဲ တင်တင် တရုတ်ကတော့ ပြည်တွင်းရေးကို ၀င်ပြီး မစွက်ဘူးဆိုတဲ့ မူအရကို ကန့်ကွက်နေတာပါ။ ဆိုတော့ လုံခြုံရေး ကောင်စီမှာ ဒီကိစ္စ တင်ရင်လည်း တရုတ်က ကန့်ကွက်မယ်ဆိုတာ သေချာသလောက် ရှိနေပါတယ်။ ဆိုတော့ သံအမတ်ကြီးတို့ ဒီကိစ္စကို လုံခြုံရေး ကောင်စီကို တင်မယ့်အရေးမှာ စိုးရိမ်စရာ ဘာများရှိပါသလဲရှင့်။

သံအမတ်ကြီး ဟောက်ဒိုဆွမ်း။ ။ အဓိကကတော့ နာမည်ဖျက်ချင်တဲ့ သဘော၊ ဖိအားပေးချင်တဲ့ သဘော မျိုးပေါ့နော်။ ဘက်ပေါင်းစုံက နေပြီးတော့ အခုလုပ်နေတဲ့ဟာတွေက။ ပြည်တွင်းကနေ ကိုယ်အတတ်နိုင်ဆုံး လုပ်နေတဲ့ဟာတွေ ရှိနေရဲ့သားနဲ့ ပူးပေါင်းပြီးတော့ ကုလသမဂ္ဂရော၊ အပြင်ကရော အားလုံး ပူးပေါင်းပြီးတော့ အဖြေရှာပြီး ၀ိုင်းလုပ်ကြမယ့် အစား ဖိအားနဲ့ လုပ်တဲ့ဟာကတော့ ကျနော်တို့ ကောင်းတဲ့ အစဉ်အလာ မဟုတ်ဘူးပေါ့။

သိင်္ဂီထိုက်။ ။ ဆိုတော့ မြန်မာဘက်ကလည်း ကော်မရှင်တွေ ဖွဲ့လာတယ်။ အကောင်အထည်ဖော်ရေး၊ နောက်တခါ အခုနောက်ဆုံး ဖိလစ်ပိုင် သံတမန်တွေ၊ ဂျပန် သံတမန်တွေ ပါတဲ့ စုံစမ်းစစ်ဆေးရေး အဖွဲ့လို လုပ်ဆောင်လာတာတွေ ရှိပါတယ်။ တချိန်တည်းမှာဘဲ မကြာခင်က ဦးဝီရသူတို့လို ထပြီးတော့ ဆန္ဒပြ ကန့်ကွက်မှုတွေကလည်း ပေါ်လာတော့ နိုင်ငံတကာဘက်က မြန်မာဘက်က အရေးယူနေပါတယ်ဆိုတဲ့ အပေါ်မှာ ယုံကြည်စိတ်ချရမှုပေါ့နော် သံအမတ်ကြီးတို့ဘက်က ပိုပြီးတော့ ယုံကြည်စိတ်ချလာအောင် လုပ်နိုင်တဲ့ အနေအထား ရှိတယ်လို့ရော ထင်ပါသလားရှင့်။

သံအမတ်ကြီး ဟောက်ဒိုဆွမ်း။ ။ ပထမဦးဆုံးက ဒီလူတွေ ကျနော်တို့ မြေပေါ်ကို တရားဝင်ပေါ့နော် ပြန်လာတယ်ဆိုတဲ့ဟာ အဲဒါ နံပတ် ၁ အချက် လိုအပ်ချက်ပေါ့။ ဒီဟာကို ကျနော်တို့ အခုစပြီးတော့ ဒီလကုန်ပိုင်းလောက်မှာ မြင်ရမယ်လို့ ယူဆတယ်။ နောက်တခုကတော့ဗျာ သူတို့ ပြောပြောနေတဲ့ Accountability ဆိုတဲ့ ကိစ္စပေါ့။ အရေးယူဖို့ လူ့အခွင့်အရေး ချိုးဖောက်တဲ့ ပြစ်မှုတွေ ကျူးလွန်သူတွေကို အရေးယူဖို့ ဆိုတဲ့ ကိစ္စတွေ။ ကျနော်တို့က အခုနောက်ဆုံး ဖွဲ့ထားတဲ့ သံအမတ်ကြီး မယ်နာလို ခေါင်းဆောင်တဲ့ အဖွဲ့အစည်းပေါ့နော်။ သူက တကယ့်ကို လွတ်လပ်တဲ့ စုံစမ်းရေး အဖွဲ့ ဖြစ်တဲ့ အခါကျတော့ သူက လွတ်လွတ်လပ်လပ်ကို လုပ်မှာပါ။

ကျနော်တို့ နိုင်ငံ အကြီးအကဲတွေ ကိုယ်တိုင်က ပြောထားတယ်။ သူတို့ လွတ်လွတ်လပ်လပ် စုံစမ်းခွင့် ပေးထားမယ်။ ဥပဒေနဲ့ အညီကို လုပ်ပိုင်ခွင့် ပေးထားတယ်လေ။ အဲဒီတော့ ဘယ်အဖွဲ့အစည်း မဆို လိုအပ်တယ် တွေ့ချင်တယ် အချက်အလက် လိုချင်တယ်ဆိုရင် ပေးရမယ်။ ကျနော်တို့ အဲလိုကို လုပ်ထားပါတယ်။ အဲဒီတော့ ဒီအဖွဲ့ကနေ လုပ်တဲ့ဟာကို စစ်ဆေးတဲ့ဟာကို ကျနော်တို့ ဆက်လက်ပြီးတော့ အချိန်စောင့်ကြည့်ဖို့ လိုမယ်။ အချိန်ပေးဖို့ လိုမယ်။ ဘယ်လောက် ဖြောင့်မတ်တည်ကြည်တယ် ဆိုတာကတော့ ကျနော်တို့ဘက်ကတော့ အာမခံထားတယ်လေ။ အဲတော့ သူတို့ ဒီအဖွဲ့ရဲ့ လုပ်ထားတဲ့ ဟာကို စောင့်ဖို့ လိုတာပေါ့ဗျာ။ ချက်ချင်းကြီးတော့ သူတို့ရဲ့ ကော်မရှင်က အချက်အလက် ရှာဖွေရေး အဖွဲ့ကလည်း တနှစ်လောက်တော့ အချိန်ယူရတာဘဲ။ ကျနော်တို့လည်း ဒီလို အချိန်ယူပြီးဘဲ လုပ်မှာဘဲလေ။ သူတို့ ဒီအဖွဲ့အစည်းကနေ လွတ်လွတ်လပ်လပ် လုပ်မှာပါ။ အဲတော့ လုပ်ပြီးတော့ လူ့အခွင့်အရေး ချိုးဖောက်တဲ့ဟာ ရှိတယ်ဆိုရင်တော့ သူတို့ အရေးယူဖို့ ရှိပါတယ်။ လူကြီးတွေလည်း ပြောထားပါတယ်။ ဥပဒေ အထက်မှာ ဘယ်သူမှ မရှိဘူး။ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ရှိရင် အရေးယူမှာဘဲ။ အဲဒီ အချက်ပါဘဲ။

ကုလသမဂ္ဂရဲ့ မြန်မာဆိုင်ရာ အချက်အလက်ရှာ အဖွဲ့ ဖွဲ့စည်းမှုကို မြန်မာဘက်က ကန့်ကွက်ထားသလို အချက်အလက်ရှာ အဖွဲ့ရဲ့ အစီရင်ခံစာကလည်း သမာသမတ် မကျဘူးလို့ ပြောဆိုထားတာပါ။ ဘင်္ဂလားဒေရှ့်ဘက် ထွက်ပြေးရသူ အားလုံးကို ပြန်ပြီး လက်ခံမယ်လို့ မြန်မာ အစိုးရဘက်က ပြောဆိုထားပေမယ့် ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကိုတော့ ယတိပြတ် ပယ်ချထားတာပါ။ ဒါပေမယ့်လည်း မကြာခင်မှာတော့ ဒုက္ခသည် ၆ ထောင်လောက် စပြီး ဌာနေပြန်နိုင်တော့မယ်လို့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်တို့က ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG