သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး မြန်မြန်ဆန်ဆန် လုပ်ဆောင်ဖို့ အာဆီယံကို ကုလ တိုက်တွန်း


(Zawgyi/Unicode)

မြန်မာနိုင်ငံတွင်း စစ်တပ်ရဲ့ နှိပ်ကွပ်မှုတွေ ဆုံးသတ်နိုင်ရေး ဒေသတွင်း ကြိုးပမ်းမှုကို နိုင်ငံတကာက ပံ့ပိုးပေးကြရေးနဲ့ အရှေ့တောင် အာရှ နိုင်ငံများ အသင်း ASEAN ဘက်ကလည်း ကတိကဝတ် အတိုင်း မြန်မြန်ဆန်ဆန် ဆောင်ရွက်ကြဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က အင်္ဂါနေ့မှာ တိုက်တွန်းပါတယ်။

“အာဆီယံ ဘက်က ပေးထားတဲ့ ကတိကဝတ် အတိုင်း ဆောင်ရွက်ကြစေရေးနဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener ကလည်း သက်ဆိုင်ရာ ပုဂ္ဂိုလ်များနဲ့ ဆက်လက် ညှိနှိုင်း ကြိုးပမ်းနေကြောင်း” ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ Stéphane Dujarric က အင်္ဂါနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။

မြန်မာနိုင်ငံ အတွက် လူသားချင်း စာနာထောက်ကူမှု ဆိုင်ရာ အကူအညီ လိုအပ်ချက်တွေကိုလည်း ပိုပြီး ဖြည့်ဆည်းပေးရေး နိုင်ငံတကာ အသိုင်းအဝိုင်းကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က တိုက်တွန်းထားပါတယ်။ စစ်အာဏာသိမ်းမှုကြောင့် ဖြစ်လာရတဲ့ ဆန္ဒပြပွဲတွေ အရေး ကတိပေးထားတဲ့ အတိုင်း မြန်မာ ဘက်က တာဝန်ယူ လုပ်ဆောင်လာစေရေး အတွက်ကိုလည်း အရှေ့တောင် အာရှ နိုင်ငံများ အသင်း - ASEAN အဖွဲ့ဝင် နိုင်ငံတွေကို ကုသလမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးက အင်္ဂါနေ့မှာ တောင်းဆိုပါတယ်။

“ ဧပြီလ ၂၄ ရက်နေ့ အာဆီယံ ခေါင်းဆောင်များ ဆွေးနွေးပွဲမှာ အချက် ၅ ချက် သဘောတူခဲ့ပေမယ့်လည်း မြန်မာ စစ်တပ် ခေါင်းဆောင်တွေက လိုက်နာမယ့် အရိပ်အယောင် မပြပါဘူး။ မြန်မာ စစ်တပ်ဘက်က ဒီ ကတိကဝတ်တွေကို လိုက်နာစေရေးနဲ့ လိုက်နာဖို့ ပျက်ကွက်ရင် တာဝန်ခံစေရေး အတွက် အာဆီယံဘက်က ခိုင်ခိုင်မာမာ မြန်မြန်ဆန်ဆန် ဆောင်ရွက်ဖို့ တိုက်တွန်းပါတယ်” လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး ပြောခွင့်ရ Rupert Colville က ပြောခဲ့တာပါ။

အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျာကာတာမှာ ဧပြီလ ၂၄ ရက်နေ့ အာဆီယံ ထိပ်သီးတွေရဲ့ မြန်မာ့ အရေး ဆွေးနွေးပွဲမှာ အာဏာသိမ်းအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင် တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုတွေ ရပ်ရေး ပါဝင်တဲ့ အချက်၅ ချက်ကို အာဆီယံ ဘုံ သဘောတူညီချက် အဖြစ် ကြေညာခဲ့တာပါ။

အာဏာသိမ်း စစ်ကောင်စီဘက်က မြန်မာနိုင်ငံတွင်း အခြေအနေ အရသာ အာဆီယံ ဘုံသဘောတူညီချက်တွေကို လိုက်နာဖို့ စဉ်းစားမယ့် အကြောင်း အာဆီယံ ဘုံသဘောတူညီချက် ကြေညာပြီးနောက် ရက်ပိုင်း အကြာမှာ ထုတ်ပြန်ခဲ့ပါတယ်။ စစ်အာဏာသိမ်းပြီး နောက်ပိုင်း အနည်းဆုံး ၇၈၂ ဦး သေဆုံးခဲ့ရပြီး အာဏာပိုင်တွေဘက်က ဆိုးဆိုးရွားရွား လူ့အခွင့်အရေး ဆက်လက် ချိုးဖောက်နေကြောင်းလည်း ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီးရုံး ပြောခွင့်ရက သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

..........


(Unicode)







ဆက်စပ်သတင်းများ ...

XS
SM
MD
LG